ကိုယ်စားလှယ် တစ်ဦးဖြစ်လို့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံချင်တယ်

ကိုယ်စားလှယ် တစ်ဦးဖြစ်လို့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံချင်တယ်

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးဝှေ့တင်း အပါအဝင် အိန္ဒိယ နိုင်ငံသား ၅ ဦး၊ ဘာသာပြန် ၂ ဦး နှင့် Speed Boat အမြန်ရေယာဉ်ငယ်မောင်း စသည့် လူ ၁၀ ဦးပါ အဖွဲ့သည် ချင်းပြည်နယ်၊ ပလက်ဝမှ ရခိုင် ပြည်နယ် ကျောက်တော်သို့ ရေလမ်းကြောင်းဖြင့် သွားစဉ် ရက္ခိုင်တပ်(AA)က ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းမှ လွဲပြီး ကျန် ၉ ဦးကို နိုဝင်ဘာလ ၄ ရက်နေ့ မနက်တွင် လွှတ်ပေးခဲ့သည်။ သို့ရာတွင်  အသက် ၆၀ အရွယ် အိန္ဒိယနိုင်ငံသား မစ္စတာဗီနူးဂိုလ်ပဲသည် နှလုံးရပ်ကာ သေဆုံးခဲ့သည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၊ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ၊ လွှတ်တော်ကိုယ်စားလှယ် စသည့် လူပုဂ္ဂိုလ်များကို မဇ္စျိမ မီဒီယာက သတင်းထောက် ဟိန်းသက်ဦးက ဆက်သွယ် မေးမြန်းထားသည်ကို စုစည်းဖော်ပြထားခြင်း ဖြစ်သည်။

ဒေါက်တာမျိုးညွန့် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)

ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ဆက်လက် ဖမ်းဆီးခံထားရမှု အခြေအနေနဲ့ ပက်သက်ပြီး ပါတီအနေနဲ့ကတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေကို ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်း ထားတယ်။

ပါတီရဲ့ ကြေညာချက် အနေနဲ့ ကတော့ ထုတ်ပြန်ဖို့ မရှိသေးဘူး၊ လက်ရှိ ဖမ်းဆီးခံထားရတဲ့ ပုဂ္ဂိုလ်သည် ပြည်သူတွေက ရွေးချယ်ထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်လို့ ဘယ်အဖွဲ ့အစည်းက မဆို လေးလေးစားစား ဆက်ဆံသင့်တယ်၊ ပြည်သူက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တစ်ဦးကို နိုင်ငံရေး အကြောင်းကြောင့်ပဲဖြစ်ဖြစ် အခြား အကြောင်းကြောင်းကြောင့်ပဲဖြစ်ြဖစ် အကြပ်ကိုင်တဲ့ သဘောမျိုး အကြမ်း ဖက်တဲ့ သဘောမျိုး ဆောင်ရွက်ခြင်းက နိုင်ငံအတွက် မကောင်းနိုင်ဘူး။

အခု ဖြစ်စဉ်ကြောင့်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ နေရာမှာ ဖမ်းဆီးခံရတဲ့အတွက် ချစ်ကြည်ရေး ထိခိုက်စေတယ်၊ ဒါကြောင့် ဒီလိုဖြစ်ရပ်မျိုးတွေ နောင်မဖြစ်အောင် ရှောင်ရှားဖို့လိုတယ်။

ဦးမောင်မောင်စိုး (တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ)

မသက်ဆိုင်တဲ့ သူတွေကို ဖမ်းဆီးတာက မကောင်းဘူးလို့ မြင်တယ်၊ ပြီးတော့ အိန္ဒိယ နိုင်ငံသားတစ်ဦး သေဆုံးတယ်ဆိုတော့ နိုင်ငံတကာနဲ့ပဋိပက္ခ ဖြစ်လာနိုင်တယ်။ AA အနေနဲ့က ချင်းပြည်နယ် ပလက်ဝဧရိယာ က စတင်ခြေကုပ်ယူတဲ့ နေရာဖြစ်နေပြီး တောတောင်ထူထပ်တဲ့ နေရာတစ်ခု ဖြစ်နေတော့ သူတို့ အခြေစိုက် စခန်းစပြီး တည်ဆောက်တဲ့ နေရာတစ်ခုလို့ ပြောရမှာပေါ့၊ လောလောဆယ် မြန်မာနဲ့အိန္ဒိယ ပူးပေါင်း လုပ်နေ တဲ့ ကုလားတန် မြစ်ကြောင်း စီမံကိန်းပေါ့နော်။ စစ်တွေမှာ ဆိပ်ကမ်းတစ်ခု ထားတယ်။ ပလက်ဝမှာ ဆိပ်ကမ်းတစ်ခု ဆောက်တယ်။ အဲဒီ လမ်းကြောင်းမှာ AA လှုပ်ရှား နေတဲ့ အခါကျတော့ လုံခြုံရေး စိတ်ချ ရမှုတော့ မရှိဘူးပေါ့။ ဒီလမ်း အသုံးပြုမှု ရပ်သွားလိမ့်မယ်လို့ မြင်တယ်၊  တပ်မတော်ဘက်က လုပ်နိုင်တာက နှစ် ချက်ရှိတယ်။ တစ်ခုက နယ်မြေ စစ်ဆေးရေး လုပ်မလားနဲ့ နောက်တစ်ခုက ညှိနှိုင်း ဆွေးနွေးမှု လုပ်မလားဆိုတာ စောင့်ကြည့်ရမယ် ထင်ပါတယ်။ အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးသွားတယ် ဆိုတော့ မြန်မာနိုင်ငံထက် AA အပေါ် အိန္ဒိယနိုင်ငံရဲ့ အမြင် ပိုမိုပျက်ပြားစေနိုင်မယ်၊ အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း မလုပ်ရင်တော့ ပိုပြီးတော့ ဆိုးရွား လာနိုင်မယ်လို့ မြင်မိတယ်။

ဦးဘရှိန် ( ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်/ရခိုင်အမျိုးသားပါတီ)

အိန္ဒိယနိုင်ငံက စီးပွားရေးနဲ့ စစ်ရေးအရာမှာ အင်အားကြီးတော့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီး လုပ်တဲ့ ရခိုင် ပြည်နယ်မှာလည်း ကုလားတန် စီမံကိန်းက အဓိက ကျနေတော့ ပလက်ဝ-ကျောက်တော် ကားလမ်းနဲ ့ ကုလားတန် မြစ်ကြောင်းကို အသုံးချဖို့ရည်ရွယ်ထားတော့ အခုလို လမ်းကြောင်းတွေမှာ လုံခြုံမှုမရှိတော့ အိန္ဒိယ အစိုးရအနေနဲ့ အားမလို အားမရ ဖြစ်နိုင်တယ်။

အခု ဖမ်းဆီးထားတဲ့ ချင်းလွှတ်တော် ကိုယ်စားလှယ် ကိုဝှေ့တင်းကို ဒီလို စိတ်အနှောက်အယှက် ဖြစ်ရပ်မျိုး ကြုံရတဲ့အတွက် စိတ်မကောင်းဖြစ်တယ်။ သူ့ရဲ့ မိသားစုဝင်တွေ အနေနဲ့လည်း စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေ မယ့် အတွက်ကြောင့် စာနာမိတယ်။

ဦးစိုးထက် - (စည်ပင်၊ လျှပ်စစ် နှင့် စက်မှုလက်မှု ဝန်ကြီး / ချင်းပြည်နယ် အစိုးရ အဖွဲ့)

 

အခုလက်ရှိမှာတော့ ဆက်လက် ဖမ်းဆီးခံထားရတဲ့ ချင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း လွတ်မြောက်လာဖို ့အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတွေကို ဆက်သွယ်ပြီး သတင်းပို့ထားပါတယ်။ အခု လက်ရှိမှာ ဒေသဖွံ့ဖြိုးမှုအတွက် လုပ်နေတာဖြစ်လို ့ ဒီလို ဖြစ်စဉ်မျိုးက မဖြစ်သင့်ဘူးပေါ့ဗျာ။

ပလက်ဝမြို ့မှာလည်း ရခိုင်လူမျိုးက လေးပုံ တစ်ပုံ  ရှိနေတော့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ အား နည်းနိုင်တယ်၊ AA အနေနဲ့ ၂၀၁၇ ခုနှစ် လောက်ကစပြီး ချင်းပြည်နယ်ထဲကို စိမ့်ဝင်လာပြီး ပလက်ဝမြို့နဲ့ အနီးတစ်ဝိုက်မှာ ဖြန့်ပြီး လှုပ်ရှားတာကို သတိထားမိတယ်။ ဒီတော့ ဒေသခံတွေလည်း သွားရေးလာရေး ခက်ခဲ နေပြီး ဖမ်းတာဆီးတာတွေပါ ရှိနေတော့ စားဝတ်နေရေးအတွက်ပါ ထိခိုက်လာတယ်၊ အခု ဖြစ်စဉ်ကြောင့် မြန်မာနဲ့အိန္ဒိယ နှစ်နိုင်ငံ အနေနဲ့လည်း အတိုင်းအတာ တစ်ခုထိ ဆွေးနွေးရမယ့် အခြေအနေဖြစ်မှာပေါ့။

သူတို့ဘက်ကလည်း ကူညီဖို့လာတယ် လာရင်းနဲ့ အခုလို အိန္ဒိယ နိုင်ငံသားတစ်ဦး သေဆုံးသွားတဲ့ အခါကျတော့ နှစ်နိုင်ငံကြားမှာ သံတမန်နည်းအရ ပြောဆိုဆွေးနွေးရမယ့် အပိုင်းတွေ ဖြစ်လာတာပေါ့။ ချင်းပြည်နယ်ဆိုတာကလည်း ဒေသဖွံ့ဖြိုးမှု အားအနည်းဆုံးလို ဖြစ်နေတော့ ဒီဒေသဖွံ့ဖြိုးဖို့အတွက်ကို ကုလားတန်မြစ်တစ်ဝှမ်း ဘက်စုံစီမံကိန်းတွေကို နှစ်နိုင်ငံ အစိုးရက ပူးပေါင်း ဖော်ဆောင်နေတာဆိုတော့ ဒီစီမံကိန်းကြီး ပြီးသွားရင် ကျွန်တော်တို့ ချင်းပြည်နယ်၊ ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ် တစ်ခုလုံးပါ တိုးတက်သွားမယ့်ကိစ္စကို ဘာလို့ အနှောက်အယှက်ပေးနေလဲ ကျွန်တော် စဉ်းစားလို့မရဘူး။
 

ဦးနေကျော် ( ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် / အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)

လွှတ်တော်ကိုယ်စားလှယ် ဘက်က ကြည့်မယ်ဆိုရင် အခုလို ကြက်ကလေး ငှက်ကလေး တစ်ကောင်လို ဖမ်းဆီး ထိန်းသိမ်းခံရတာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စပေါ့၊ မှားယွင်းသွားရင် မကောင်းဘူး တစ်ဖက်နဲ့ တစ်ဖက်မှာလေ အခုဒီကိစ္စနဲ့ပက်သက်ပြီးတော့လည်း လွှတ်တော်ကိုယ်စားလှယ်တွေ အလွတ်သဘောအနေနဲ့ ဆွေးနွေးနေကြတာရှိတယ်။

ဒါက နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် စိန်ခေါ်မှုတစ်ခု ဖြစ်လာပြီလို့တော့ မြင်မိတယ်၊ ဒီကိစ္စက တော်တော်လေး ဆွေးနွေးပြီးတော့ ဖြေရှင်းရမယ့် ကိစ္စတွေ ဖြစ်လာနိုင်တယ်၊ အကျိုးဆက်က ကောင်းတဲ့ဘက်ကိုတော့ နည်းတာ ပေါ့။ ဒီအခြေအနေထိ ဖြစ်သွားတယ်ဆိုတော့ ကျွန်တော်တို့က တော်တော်လေးကို နားလည်မှုမလွဲဖို့ အကောင်းဆုံးဖြစ်ဖို့တည်ဆောက်ရမှာပေါ့။

ဒါတွေအတွက်လည်း အကုန်လုံးက ပြင်နေကြပါတယ်၊ ဖြစ်စေချင်တာကတော့ ချင်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့ ဦးဝှေ့တင်းက ပြည်သူတွေဘက်က ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ် တစ်ဦးဖြစ်လို့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံချင်တယ်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly