ဖမ်းဆီးရမိခဲ့သည့် AA လက်နက်ကိုင်အဖွဲ့မှ ဒုအရာခံဗိုလ်တစ်ဦး အပါအဝင် ၆ ဦးကို စစ်ဆေးရန် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးပြုလုပ်

ဖမ်းဆီးရမိခဲ့သည့် AA လက်နက်ကိုင်အဖွဲ့မှ ဒုအရာခံဗိုလ်တစ်ဦး အပါအဝင် ၆ ဦးကို စစ်ဆေးရန် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးပြုလုပ်
(ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ )

မန္တလေး နိုဝင်ဘာ ၄။      ။ မန္တလေးမြို့တွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် AA လက်နက်ကိုင်အဖွဲ့မှ ဒုအရာခံဗိုလ် တစ်ဦးအပါအဝင် ၆ ဦးကို နိုဝင်ဘာလ ၄ ရက် မွန်းလွဲပိုင်းက မန္တလေးခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ၎င်းတို့ကို စစ်ဆေးရန်အတွက် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အစည်းအဝေး ပြုလုပ်ခဲ့သည်။

မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အစည်းအဝေးတွင် တရားလိုနှင့် စွပ်စွဲခံရသူများအား နှစ်ဖက်ညှိုနှိုင်းပြီး ရုံးချိန်းများ သတ်မှတ်ခဲ့သည်။

လာမည့် နိုဝင်ဘာလ ၁၅ ရက်နေ့ရုံးချိန်းတွင် တရားလိုကို စတင်စစ်ဆေးသွားမည်ဟု မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေး အရာရှိဒေါ်သန်းသန်းမြင့်ကပြောသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မြို့သစ် (၅) ရပ်ကွက်၊ လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုတွင် အမျိုးသား (၄) ဦးနှင့်အတူ ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများကို ဖမ်းဆီရရှိခဲ့ပြီး နောက်ထပ်ဆက်စပ်သူ (၂) ဦးကို ဆက်လက်ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကာ ဆက်စပ်ပါဝင်သူ (၃) ဦးမှာ လွတ်မြောက်နေဆဲဖြစ်သည်။ ၎င်းတို့ကို တရားခံပြေးများအဖြစ် ဝရမ်းထုတ်ထားကြောင်းသိရသည်။

လက်ရှိဖမ်းဆီးရမိ၍ တရားရင်ဆိုင်နေရသူများမှာ AA တပ်ဖွဲ့မှ ဒုအရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် ချမ်းငြိမ်း ၊ AA တပ်ဖွဲ့မှ ဒုတပ်ကြပ် မြတ်ခိုင်၊ ကျောက်အရောင်း အဝယ်လုပ်ကိုင်သည့် မိုးကျော် (ခ) ဦးမိုးကျော် နှင့် ဝင်းသိန်း၊ ကားဂိတ်ဂိတ်မှူးကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ဖြစ်ပြီး အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁(ဂ)/၅၂(က) တို့ဖြင့် တရားရုံးစွဲခံထားရခြင်းဖြစ်သည်။

လွတ်မြောက်နေသူ (၃)ဦးမှာဖြိုးဝေ (ခ) ကိုဖြိုး၊ မောင်မောင်စိုး နှင့် မဦးသန်းခင် တို့ ဖြစ်ပြီး မန္တလေးခရိုင် တရားရုံး၏ ရာဇဝတ်အထွေထွေမှုအမှတ် ၇၄/၂၀၁၉ ဖြင့် လက်ခံထားကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သော ပစ္စည်းများမှာ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဖယောင်းချောင်း (၃၅) ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟုယူဆရသော (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁) ထုပ်တို့ဖြစ်သည်။

(မှတ်ချက်-အောက်တိုဘာ ၈ ရက်နေ့က ရုံးထုတ်ပုံတွေပါ။မန္တလေးခရိုင် တရားရုံးဟောင်းကပါ။အခု ခရိုင်တရားရုံးအသစ်က ဓါတ်ပုံရိုက်ခွင့်မပေးပါ။)

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly