ပလက်ဝမြို့နယ်ရှိ စီမံကိန်းများအတွက် ဒေသခံများနှင့် ဆွေးနွေးပြီးမှသာ အကောင်အထည် ဖော်သင့်ဟုဆို

ပလက်ဝမြို့နယ်ရှိ စီမံကိန်းများအတွက် ဒေသခံများနှင့် ဆွေးနွေးပြီးမှသာ အကောင်အထည် ဖော်သင့်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၄။     ။ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ရှိ စီးပွားရေးရင်းနှီးမြှုပ်နှံမှု အကြီးစား၊ အလတ်စားစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဒေသခံများနှင့်ဆွေးနွေးပြီး တိကျသည့် မူဝါဒရေးဆွဲ ပြီးမှသာ အကောင်အထည်ဖော်သင့်ကြောင်း ချင်းမြစ်ကြောင်းစောင့်ကြည့်ရေးအဖွဲ့နှင့် ဒေသခံများက တောင်းဆိုလိုက်သည်။

နိုဝင်ဘာ ၄ ရက်နေ့ (ယနေ့)ကရန်ကုန်မြို့၊House of Orchid တွင်ပြုလုပ်သော ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် စစ်မက်ဇုန်အတွင်း ရေကာတာတည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်၍ သဘောထားတင်ပြသည့် သတင်း စာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ နိုင်ငံကအသွင်ကူးပြောင်းနေတဲ့ ကာလ ဖြစ်တယ်။ ကျွန်တော်တို့ လိုချင်တာက ဖက် ဒရယ်စနစ်နဲ့ ဒေသခံတွေရဲ့ အကျိုးစီးပွားကိုဖွဲ့စည်းပုံအေြခခံဥပဒေမှာ အတိအလင်း ပြဋ္ဌာန်း ကာကွယ်ပြီးမှသာ ဒီအကြီးစားစီမံကိန်းတွေကိုအကောင် အထည်ဖော်ဖို့၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ၊ စီမံကိန်းတွေကိုကျွန်တော်တို့ ပြည်နယ်မှာ လာလုပ်တဲ့အခါ မြန်မာနိုင်ငံက လက်ခံကျင့်သုံးထားတဲ့ FPIC ခေါ် ဒေသခံ ပြည်သူ့လူထုကို ကြိုတင်အသိပေးပြီးမှ ဒေသခံတွေရဲ့ လွတ်လပ်သောသဘော ဆန္ဒနဲ့ အညီ ဆုံးဖြတ်ချက်၊လမ်းညွန့်ချက်တွေကို အတိအကျ လိုက်နာပေးဖို့၊ အနာဂတ် ဖက်ဒရယ် ဖွဲ့စည်းပုံအတွက် သဘာဝရင်းမြစ် ခွဲဝေရေးအပိုင်းမှာ တိတိကျကျ ခိုင်မာတဲ့ မူဝါဒတွေ ရေးဆွဲ နိုင်ဖို့ အတွက် သက်ဆိုင်ရာ ဒေသခံ ပြည်သူလူထုတွေရဲ့ ပါဝင် ဆွေးနွေးမှုနဲ့ တိကျတဲ့ မူဝါဒရေးဆွဲပြီးမှသာ အကြီးစား ၊ အလတ်စားစီမံကိန်းတွေကို အကောင်အထည် ဖော်စေချင်ပါတယ်”ဟု Chin Rivers watch မှ ဥက္ကဋ္ဌ ဂျီအက်စ်မာန်က ပြောသည်။

လက်ရှိတွင် ချင်းပြည်နယ် လေးမြို့မြစ်ပေါ်ရှိရေကာတာ စီမံကိန်းကို မြန်မာစစ်အစိုးရလက်ထက် ၂၀၀၇ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရောင်းဝယ်ရန် သဘောတူကာ ရေကာတာနှစ်နေရာ တည်ဆောက်ရန် စီမံကိန်းချမှတ်ခဲ့သည်။  အဆိုပါ စီမံကိန်းကို တရုတ်ဒါတန် ကုမ္ပဏီက အကောင်အထည်ဖော်မည်ဖြစ်ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဖေရှေရွာအထက်တွင် တစ်နေရာ၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ၊ ဆိုင်းဒင်ကျေးရွာတွင် တစ်နေရာ ရွေးချယ်ထားခဲ့သည်။ သို့သော်၂၀၀၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နှင့် သဘောတူညီမှုကို ဖျက်သိမ်းပြီး စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ၂၀၁၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ပြင်သစ်အစိုးရနှင့် ပြန်လည်အကောင်အထည်ဖော်ခဲ့ကြောင်း ၂၀၁၈ ခုနှစ်တွင် ဘယ်လဂျီယံကုမ္ပဏီ တစ်ခုမှ လေ့လာမှုပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များကို နေပြည်တော်ရှိ ဆွေးနွေးပွဲတွင် တင်ပြခဲ့ကြောင်း အဆိုပါအခြေအနေများကို ဒေသခံများအား အကြောင်းကြား တိုင်ပင်ဆွေးနွေးခြင်းမျိုး မရှိသေး ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ အစိုးရရဲ့ ခြေလှမ်းကို စောင့်ကြည်သွားမယ်။ အစိုးရအနေနဲ့ ဒေသခံများရဲ့ ကြိုတင်သဘောထားရယူမှုကို တိတိကျကျ လုပ်မယ်။ နစ်နာမှု ရှိတဲ့ ဒေသခံ ရွာအကုန်လုံးကို နဂို အခြေအနေထက် မနိမ့်ကျတဲ့ အစီအစဉ်မျိုး စီမံကိန်းမစခင် ကြိုတင်လုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့ လက်ခံမယ်။ မလုပ်ပေးဘူးဆိုရင် သူတို့လုပ်တဲ့ လုပ်ငန်းစဉ်အပေါ် ဒါကို လက်မခံနိုင်ကြောင်း ၊ အစိုးရ အပြင်တွဲဖက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီများအထိ တိုက်တွန်းတောင်းဆိုသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု  Chin Rivers watch မှ ဥက္ကဋ္ဌ ဂျီအက်စ်မာန်က ဆက်ပြောသည်။

ချင်းပြည်နယ် လေးမြို့မြစ်အနီးတစ်ဝိုက်တွင် ကျေးရွာပေါင်း ၅၁ ရွာတည်ရှိပြီး လူဦးရေ ၂၅၀၀၀ ခန့် မှီတင်းနေထိုင်ကြကြောင်း ကျေးရွာနေပြည်သူ့လူထုမှာ မြစ်ရေအပေါ်တွင် သယ်ယူပို့ဆောင်ခြင်း၊ သွား လာဆက်သွယ်ခြင်းနှင့် မြေနုကျွန်းများတွင် သီးနှံစိုက်ပျိုးလုပ်ကိုင်ခြင်း၊မြစ်ကမ်းခြေ တစ်လျှောက် စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် အသက်မွေးကြကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါရေကာတာ စီမံကိန်းကြောင့် စီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာများ ရွှေ့ပြောင်း နေထိုင်ခြင်း၊ စိုက်ပျိုးမြေများလက်လွတ်ဆုံးရှုံးရခြင်းနှင့်မြေယာ၊အလုပ်လက်မဲ့ ဦးရေတိုးပွားလာနိုင် သည့်အပြင် ယင်းစီမံကိန်းနေရာသည် စစ်မက်ဇုန်ဖြစ်နေသည့်အတွက်  ဒေသတွင်း ငြိမ်းချမ်းရေး ပိုမိုထိခိုက်လာနိုင်ကြောင်း အဆိုပါပွဲသို့ တက်ရောက်လာသူတို့ထံမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly