AA ဖမ်းတာခံရသူ အိန္ဒိယနိုင်ငံသားတစ်ဦး နှလုံးရောဂါဖြင့် သေဆုံးဟု ချင်းအစိုးရပြော

AA ဖမ်းတာခံရသူ အိန္ဒိယနိုင်ငံသားတစ်ဦး နှလုံးရောဂါဖြင့် သေဆုံးဟု ချင်းအစိုးရပြော
Photo: Arakan Army

ရက္ခိုင်တပ်(AA) ဖမ်းဆီးတာ ခံရသူ ၁၀ ဦးအနက် အသက် ၆၀ အရွယ်ရှိ အိန္ဒိယနိုင်ငံသားတစ်ဦး နှလုံးရပ်ကာ သေဆုံးသွားခဲ့ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က မဇ္ဈိမသို့ ပြောသည်။

“အိန္ဒိယနိုင်ငံသား အသက် ၆၀ အရွယ် လူကြီးတစ်ဦးကတော့ တောင်တက်ရင်နဲ့ နှလုံးရပ်ပြီး ဆုံးသွားတယ်”ဟု ဦးစိုးထက်က မဇ္ဈိမသို့ ပြောသည်။

သေဆုံးသွားသူမှာ မစ္စတာ ဗီနူးဂိုလ်ပဲဖြစ်ပြီး ဆောက်လုပ်ရေး အကြံပေး အရာရှိ တစ်ဦးဖြစ်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။ သူ၏ ရုပ်အလောင်းကို စစ်တွေမှ ရန်ကုန်သို့ လေယာဉ်ဖြင့် ပို့ဆောင်သွားမှာ ဖြစ်ကြောင်း သိရသည်။

AA က ဖမ်းဆီးခဲ့သူများအနက် ချင်းပြည်နယ်၊ ပလက်ဝမဲဆန္ဒနယ် အမှတ်(၁၁)က  အမျိုးသားလွှတ်တော် အမတ် ဦးဝှေ့တင်းကိုမူ ဆက်လက် ထိန်းသိမ်းထားပြီး ကျန်သူများကို ယနေ့(နိုဝင်ဘာ ၄ ရက်နေ့)နံနက်တွင် လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မဲဆန္ဒနယ်အမှတ်(၁၁) ကိုယ်စားပြု ဦးဝှေ့တင်း အပါအဝင် ကုလားတန်မြစ် ဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်နေသော EPI နှင့် RPP ကုမ္ပဏီတို့မှ အိန္ဒိယနိုင်ငံသား ငါးဦး၊ ဘာသာ ပြန် နှစ်ဦး၊ Speed Boat (အမြန်ရေယာဉ်ငယ်)မောင်းသူ နှစ်ဦးတို့သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်း က ပလက်ဝမြို့မှ ကျောက်တော်သို့ ထွက်ခွာလာစဉ် လမ်းတွင် AA ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးသွားခြင်းနှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရနှင့် မိမိတို့ကြား ဘာမှ ပြဿနာ မရှိနိုင်ဟု ထင်ကြောင်း AA သတင်းပြန်ကြားရေးတာဝန်ခံ ကိုခိုင်သုခက မဇ္ဈိမသို့ ပြောသည်။

“အဲဒီလူက ကျွန်တော်တို့ ကွင်းပေါ်ကို ခဏလေး မေးစရာတွေမေးဖို့ ခေါ်တင်တဲ့အခါမှာ သူက အမောဆို့ ပြီးတော့ အမောဖောက်လာတာ၊ သူ့မှာက ဆီးချိုရောဂါလည်း ရှိတယ်၊ နောက်ပြီးလို့ရှိရင် သွေးတိုးလည်း ရှိတယ်ဗျ။ နှလုံးရောဂါလည်း ရှိတယ်လို့ ပြောတယ်။ သူက နည်းနည်းလေး လမ်းလျောက်လိုက်တာနဲ့ ရေသောက် လိုက်လား မသိဘူး။ အဲမှာ အမောဖောက်ပြီး ချက်ချင်းကို နှလုံးရပ်သွားတာပေါ့နော်။ အဲဒီမှာ ကျွန်တော်တို့ ဆေးမှူးတွေက ကယ်တင်နိုင်ဖို့ အကောင်းဆုံး ကြိုးစားလိုက်ပါ တယ်။ ဒါပေမယ့် အချိန်တို အတွင်းမှာပဲ သူက နှလုံးရပ်ပြီး သေသွားတာ”ဟု ၎င်းက ပြောသည်။

“အိန္ဒိယနိုင်ငံသား အသက် ၆၀ အရွယ် လူကြီးတစ်ဦးကတော့ တောင်တက်ရင်နဲ့ နှလုံးရပ်ပြီး ဆုံးသွားတယ်”ဟု ဦးစိုးထက်က မဇ္ဈိမသို့ ပြောသည်။

အထက်ပါ သေဆုံးမှုနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဦးစိုးထက် ကတော့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သံတမန်ရေးရာအရ ဖြေရှင်းသွားမည်ဖြစ်ပြီး လတ်တလောတွင် အိန္ဒိယသံအမတ်ကြီးက ၎င်း နိုင်ငံသားများ အန္တရာယ်ကင်းစွာဖြင့် မိခင်နိုင်ငံသို့ ပြန်ရောက်ရှိရေး မြန်မာအစိုးရက ဆောင်ရွက်ပေးရန်နှင့် သေဆုံးသွားသူ ရုပ်အလောင်းကိုလည်း မိခင်နိုင်ငံသို့ သယ်ဆောင်သွားနိုင်ရေး ဆောင်ရွက်ပေးရန် ဆွေးနွေး လာခြင်းကို ဆောင်ရွက်ပေးနေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဦးစိုးထက်က ပြောသည်။

AA က ဆက်လက် ထိန်းသိမ်းထားသူ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဦးဝှေ့တင်း ပြန်လည် လွတ်မြောက်လာရေးအတွက် နိုင်ငံတော်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တို့မှတဆင့် ကြိုးပမ်းသွားမည်ဟုလည်း ၎င်းကဆိုသည်။

AA သတင်းပြန်ကြားရေးတာဝန်ခံ ကိုခိုင်သုခက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းသည် တပ်မတော်အတွက် AA နှင့် ပတ်သက်သော သတင်းအချက်အလတ်များ စုဆောင်းနေခြင်း ဖြစ်သည်ဟု စွပ်စွဲသည်။

“ဦးဝှေ့တင်းကို ကျွန်တော်တို့ ထိန်းသိမ်းထားတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာတော့ စစ်တပ်နဲ့ ပူးပေါင်း ပြီးတော့ AA ရဲ့ သတင်း အချက်အလတ်တွေကို စုဆောင်းဖို့အတွက် ခူမီးလူငယ်တွေကို လျိုဝှက်ဖွဲ့စည်း ပြီး တော့မှ လုပ်နေတာတွေ ရှိတယ်။ ပလက်ဝမြို့၊ ညောင်ပင်ကြီး ရပ်ကွက်က အိမ်တစ်လုံးကို ငှားပြီးတော့မှ အဲကိစ္စတွေလုပ်ဖို့ သူတို့ ရုံးဖွင့်ထားတာရှိတယ်။ နောက်တစ်ချက်က ဒီဦးဝှေ့တင်းက ပလက်ဝမြို့နယ်ထဲမှာ လူဦးရေ အများဆုံးဖြစ်တဲ့ ခူမီးနဲ့ရခိုင်တွေကြားမှာ ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခတွေ ဖြစ်အောင် ခူမီး လူငယ်တွေကို နောက်ကနေ သွေးထိုးလှုံဆော်မှုတွေကို သူတောက်လျောက် လုပ်နေတာ ဖြစ်တယ်”ဟု ခိုင်သုခက ပြောသည်။

ဦးဝှေ့တင်းကို စစ်ဆေးမေးမြန်းရန် ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားမည်ဖြစ်ပြီး အသက် အန္တရာယ် ကိုလည်း အာမခံကြောင်း သူက ဆက်လက် ပြောသည်။

AA သည် ရခိုင်ပြည်နယ်တွင် အခြေစိုက်နိုင်ရေးအတွက် ချင်းပြည်နယ်၊ ပလက်ဝဒေသအား ခြေကုဒ်ယူကာ စစ်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေပြီး ကုလားတန်မြစ် စီမံကိန်းတချို့မှာလည်း AA လှုပ်ရှားနေသော နေရာများတွင် တစ်စိတ်တစ်ပိုင်း ရှိနေကြောင်း သိရသည်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက "မသက်ဆိုင်တဲ့ သူတွေကို ဖမ်းဆီးတာက မကောင်းဘူးလို့ မြင်တယ်။အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးတယ်ဆိုတော့ ပဋိပက္ခဖြစ်လာ နိုင်တယ်။ အိန္ဒိယ နိုင်ငံသား တစ်ဦး သေဆုံး သွားတယ်ဆိုတော့ ၂ နိုင်ငံ ဆက်ဆံရေးလည်း အနည်းငယ် ထိခိုက်နိုင်မယ့် အခြေ အနေတွေကို ထိန်းထိန်းသိမ်းသိမ်း မလုပ်ရင်တော့ ပိုပြီးတော့ ဆိုးရွားလာနိုင်တယ်လို့ မြင်မိတယ်"ဟု မဇ္ဈိမသို့ ပြောသည်။

ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်း၍ ၂၀၁၆-၂၀၁၇ ခုနှစ်က စတင် အကောင်အထည် ဖော်လျက်ရှိပြီး ရေကြောင်းဆိုင်ရာ လုပ်ငန်းစဉ်များ အားလုံးနီးပါး ပြီးစီးနေပြီ ဖြစ်၍ ယခုအခါ ကုန်းလမ်းအတွက် လမ်းဖောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

ထိုကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား ရေကြောင်းနှင့် ကုန်းလမ်းကို အဓိက တည်ဆောက်နေခြင်းဖြစ်ကာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အိန္ဒိယအစိုးရနှင့် ပူးပေါင်း၍ တည်ဆောက်နေခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းတွင် ပါဝင်နေသော လမ်းဖောက်လုပ်နေသည့် (ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ဆက်သွယ်သည့်လမ်း) ကုမ္ပဏီများအနက် ဆုထူးစံမှ ကုမ္ပဏီ ဝန်ထမ်း ၈ ဦးနှင့် နန်းမှန် သစ္စာကုမ္ပဏီမှ ဝန်ထမ်း ၁ ဦးကို AA မှ ၂၀၁၉ ခုနှစ်၊ မတ်လ ၃၀ ရက်က ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၁၆ ရက်တွင် ပြန်လွတ်ပေးခဲ့ဖူးသည်။

အလားတူ ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံ ၈၀ ကျော်ကိုလည်း AA က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ဖမ်းဆီးထားပြီး ယနေ့ချိန်ထိ ပြန်မလွတ်ပေး သေးကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ အပါအဝင် ချင်းအရပ်ဖက်အဖွဲ့အစည်းများက ဆိုကြသည်။

ထို့ပြင် ကုလားတန်းမြစ် စီမံကိန်းအတွက် ပလက်ဝ ကုလားတန်မြစ် ကူးတံတား တည်ဆောက်ရေးအတွက် လိုအပ်သော ပစ္စည်းများကို သယ်ဆောင်လာသည့် အစိုးရပိုင် ရတနာဝင်း ကုန်တင်သင်္ဘောတစ်စီးအား AA အဖွဲ့မှ ၂၀၁၉ ခုနှစ်၊မတ်လ ၁၆ ရက်က RPG များဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်စီးခဲ့ခြင်းကြောင့် အမေရိကန် ဒေါ်လာ ၃၂၇၃၆၀ ဆုံးရှုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အခြေအနေများကြောင့် AA သည် ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းကိုအ နှောင့်အယှက် ပေးနေပြီး စီမံကိန်းကို ဟန့်တားမှုများ ပြုလုပ်နေသည်ဟု စွပ်စွဲမှုများ ရှိနေသည်။

AA သတင်းပြန်ကြားရေးတာဝန်ခံကိုခိုင်သုခက “ကျွန်တော်တို့ ULA/AA အနေနဲ့ကတော့ ရခိုင်ဒေသအတွင်းမှာ နိုင်ငံတကာကနေ ရင်းနှီးမြှုပ်နှံမှုတွေကို ဆန့်ကျင်လိုတဲ့ သဘောထား မရှိဘူး၊ ကျွန်တော်တို့ ပြည်သူလူထုတွေ အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်းဆိုရင် ဘယ်စီမံကိန်းမဆို ကျွန်တော်တို့ ကြိုဆိုတယ်။ အခု ဒီကုလားတန်စီမံကိန်းကိုလည်း ကျွန်တော်တို့ မဆန့်ကျင်ပါဘူး။ ကျွန်တော်တို့ ဆန့်ကျင်တယ်လို့ ဘယ် တုန်းကမှလည်း မပြောဘူး။ အခုက ဒီကုလားတန်မြစ်ကြောင်းမှာ တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ ဥစ္စာက စစ်တပ် ဘက်က ထိုးစစ်ဆင်လို့ တိုက်ပွဲကဖြစ်နေတာ”ဟု ပြောသည်။

လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းနှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦး၊ မောင်းတော၊ ရသေ့တောင်၊ ပုဏ္ဏကျွန်း၊ ဘူးသီးတောင် စသည့် မြို့နယ်များမှာ ၂၀၁၈ ခုနှစ်၊နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ်၊ နိုဝင် ဘာလ ၃ ရက်နေ့ထိ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသည်။

တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲရှောင် နေရသူ ၅ သောင်းကျော်ရှိ သကဲ့သို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲရှောင် ၃၀၀၀ ကျော် ရှိနေကြောင်း ချင်းပြည်နယ် အစိုးရ၊ ချင်းနှင့်ရခိုင် အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required