မြိတ် ညငါးစျေးအား စည်ပင်သာယာရေးဥပဒေနဲ့ မညီဟုဆိုကာ မူလနေရာသို့ ပြန်လည်ပြောင်းရွှေ့ ရမည်ဟုဆို

မြိတ် ညငါးစျေးအား စည်ပင်သာယာရေးဥပဒေနဲ့ မညီဟုဆိုကာ မူလနေရာသို့ ပြန်လည်ပြောင်းရွှေ့ ရမည်ဟုဆို
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ နိုဝင်ဘာ ၄။        ။ မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာငါးလေလံစျေးကြီးသို့ ပြီးခဲ့သည့်ရက်ပိုင်းက ပြောင်းရွှေ့ရောင်းချ နေသော မိုးသောက်ညငါးစျေးသည် စည်ပင်သာယာရေးဥပဒေနှင့် မညီသဖြင့် မူလနေရာသို့ ပြန်လည် ရောင်းချရန် စည်ပင်ဌာနမှ သတိပေးထားကြောင်း သိရသည်။

ယခင်က မြိတ်တောင်မြေ၊ ရေနံမြေရပ်ကွက်ရှိ ယောကြီးဝတံတားအနီး ဦးမြတ်လေးလမ်းတွင် ရောင်း ချနေခဲ့သော အဆိုပါညငါးစျေးသည် ညပိုင်း ဒီရေတက်ချိန်၌ ရောင်းချရန်ခက်ခဲခြင်း၊ မိုးရွာပါက အမိုး အကာမရှိသဖြင့် အမိုးမလုံခြင်း၊ အနံ့အသက် ထွက်ရှိမှုရှိခြင်းနှင့် ဆူညံမှုကြောင့် ရပ်ကွက်နေ ပြည်သူ များကန့်ကွက်ခြင်းတို့ကြောင့် ဆိပ်ကမ်းအာဏာပိုင်မှ ဆက်လက်ရောင်းချခြင်းမပြုရန် တားမြစ်ခဲ့သည်။ ထို့ကြောင့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင် စက်မှုဇုံရှိ အပြည်ပြည် ဆိုင်ရာ ငါးလေလံစျေးကြီးတွင် သွားရောက် ရောင်းချခဲ့ခြင်း ဖြစ်သည်။

“ယခင် ကျွန်မတို့ မူလစျေးဖြစ်တဲ့ ရပ်ကွက်စျေးပေါ့။ အဲ့မှာက အဆင်မပြေမှုတွေ များပါတယ်။လက်ရှိ ဒီမှာလည်း အစစ အရာရာ အဆင်ပြေနေလို့ အရင်နေရာကိုတော့ ပြန်လည် ပြောင်းရွေ့ဖို့ လုံးဝ ဆန္ဒ မရှိတော့ဘူး”ဟု မိုးသောက်ညငါးစျေးမှငါးရောင်းချသူ ဒေါ်ချိုမာဝင်းက ပြောသည်။

အဆိုပါ လေလံစျေးကြီး၌ လာရောက်ရောင်းချနေသည့် မိုးသောက် ညငါးစျေးနှင့်ပတ်သက်၍ မြိတ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အောက်တိုဘာလ ၂၉ ရက်နေ့တွင်လုပ်ထုံးလုပ်နည်း ဥပဒေနှင့် မညီ၍ လေလံဆွဲဝယ်စဉ်က သတ်မှတ်ထားသည့် မြိတ်တောင်နယ်မြေ ဦးမြတ်လေးလမ်း ယခင် ရောင်းချလျက် ရှိသော နေရာတွင် သားငါး ရောင်းချသူ များအား ပြန်လည် ပြောင်းရွှေ့ရန် အသိပေး ခဲ့သည်ဟု သိရသည်။

“စည်ပင်သာယာရဲ့ လိုင်စင် (C) ဖြစ်တဲ့ အတွက်ကြောင့် လိုင်စင်(C) သည်သတ်မှတ်ထားတဲ့ နေရာ၊ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကိုပဲလိုက်နာဖို့ အသိပေးအကြောင်းကြားထားတာ ဖြစ်တယ်”ဟု မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောသည်။

လိုင်စင် (C) သည်တင်ဒါ အောင်ထားသူမှ စည်းကမ်းချက်များကို လိုက်နာရမည် ဖြစ်ကြောင်း သိရပြီး၊ လက်ရှိသွားရောက်ရောင်းချနေသည့် လေလံစျေးကြီးမှာ စည်ပင်သာယာရေး အဖွဲ့ပိုင် စီမံခန့်ခွဲမှု ဧရိယာအထဲတွင် ပါဝင်ခြင်းမရှိသဖြင့် အခွန်ကောက်ခံခြင်းနှင့် စီမံပိုင်ခွင့် မရှိကြောင်း သိရသည်။

“ကျွန်မအနေနဲ့ ပြောချင်တာက အစိုးရအနေနဲ့ လူထုဖက်က ကြည့်ပေးပါလို့ ပြောချင်ပါတယ်။ ဘာဖြစ် လို့လည်းဆိုတော့ ဒီဘက်မှာ ရောင်းရဝယ်ရတာ အားလုံးအဆင်ပြေတယ်။ဟိုဖက်မှာက အရမ်း အခက်ခဲတွေရှိတယ်။ဒီအတွက်ကြောက်မို့လို့ စျေးသူ/သားတွေ နေရာဟောင်း ပြန်လည် ပြောင်းရွှေ့ လိုတဲ့ ဆန္ဒလုံးဝ မရှိကြပါဘူး”ဟု မိုးသောက် ညငါးစျေးတွင် ငါးရောင်းချသူ ဒေါ်နီလာသန်းက ပြောသည်။

မိုးသောက် ညငါးစျေး သည်၊ ယခင်က ရပ်ကွက် အတွင်း ဆယ်စုနှစ် တစ်ခုကျော် အထိ ရောင်းချခဲ့ရာ ရပ်ကွက်နေ ပြည်သူများက တိုင်တန်းမှုကြောင့် နေရာ ၃ ခု အထိ ပြောင်းရွှေ့ခဲ့ရသေးသည်။

 “လက်ရှိ အနေအထား အရကတော့ ကျွန်တော်တို့ ဈေးသည်တွေက လေလံဈေးကြီးမှာ အရောင်း/ ဝယ် အဆင်ပြေနေကြလို့ ဆက်လက် ရောင်းချနေဆဲ ဖြစ်တယ်။ သူတို့ရဲ့ သဘောဆန္ဒအရ မူလ နေရာကို စည်ပင်က ပြန်လည်ပြောင်းရွေ့ပေးရန် ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး၊ ဈေးသူ/ သားတွေရဲ့ ဆန္ဒကို ကောက်ယူဖို့အတွက် မညှိနှိုင်းရသေးပါဘူး။ ကျွန်တော်ထင်တာက အများစုက မူလနေရာကို မပြောင်းရွှေ့လိုတဲ့ အနေအထားရှိပါတယ်။ ကျွန်တော် အနေနဲ့လည်း စည်ပင်ကို သွင်းရမဲ့ တင်ဒါကြေး ကို ဌာနနဲ့ ညှို့နှိုင်းပြီး၊ အပြီးပေးသွင်းဖို့တော့ စီစဉ်နေပါတယ်”ဟု အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီး ၌ မိုးသောက်ညငါးဈေးလာရောက် ရောင်းချနေခြင်းနှင့် ပတ်သက်၍ တင်ဒါ အောင်မြင်ထားသူ ဦးတင်အောင်က ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly