ထိုင်းတွင် သေနတ် ၄၀၀နီးပါးနှင့် ဗုံး ၁၀၀ ဖမ်းဆီးရမိ

ထိုင်းတွင် သေနတ် ၄၀၀နီးပါးနှင့် ဗုံး ၁၀၀ ဖမ်းဆီးရမိ

ဘန်ကောက်၊ အောက်တိုဘာ ၁၉ ။          ။ သီတင်းတစ်ပတ်ကြာ မှုခင်းနှိမ်နင်းရေးလုပ်ဆောင်မှုတွင် ဘန်ကောက်ဝန်းကျင် အလယ်ပိုင်းဒေသပြည်နယ်များတွင် သေနတ် ၃၈၂လက်နှင့် ဗုံး ၁၀၀အား ဖမ်းဆီးရမိခဲ့ရာ ရဲတပ်ဖွဲ့ဝင်များအား အံ့သြတုန်လှုပ်စေခဲ့သည်။

မှုခင်းများမြင့်မားစေပြီး မြို့တော်သို့ပင် လျှံကျစေနိုင်သည့် တရားမဝင်လက်နက်များကို ကိုင်တွယ်နိုင်မည့် လမ်းကြောင်းများကို အဓိကစူးစိုက်ကာ လုပ်ငန်းဆောင်ရွက်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

အကြမ်းဖက်မှုခင်းများမှာ အထူးသဖြင့် အလယ်ပိုင်းရှိ ပြည်နယ် ကိုးခုထဲမှ နှစ်ခုဖြစ်သော ဆာမွတ်ပရာကန်နှင့် အယုဒ္ဒယတို့တွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး ၎င်းပြည်နယ်များတွင် အောက်တိုဘာ ၆မှ ၁၂ အထိ သီတင်းတစ်ပတ်ကြာ နှိမ်နင်းမှုစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

များပြားလှသည့် လက်နက်များက လူငယ်များ၊ ဆယ်ကျော်သက်ဂိုဏ်များ၊ မူးယစ်ဆေးဝါးများပါဝင်ပတ်သက်သည့် မှုခင်းများကို မီးထိုးပေးလျက်ရှိသည်။ ဘန်ကောက်နှင့် အလွန်နီးသည့် နေရာတစ်ခုတွင် ယခုကဲ့သို့များပြားလှသည့် လက်နက်များကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်ကို မယုံနိုင်လောက်အောင်ဖြစ်ရကြောင်း စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် ပြည်နယ်ရဲတပ်ဖွဲ့ဒေသကြီး-၁ အကြီးအကဲ ချိုင်ဝတ်ကက်ဝိုရာချိုင်းက ပြောသည်။

ဆာမွတ်ပရာကန်၊ နွန်သာဘူရီ၊ ပါသွမ်ဋ္ဌာနီ၊ အယုဒ္ဒယ၊ အန်းင်သောင်၊ ဆာရာဘူရီ၊ ဆင်းင်ဘူရီ၊ လော့ပ်ဘူရီနှင့် ချိုင်းနတ်ပြည်နယ်များတွင် ပြည်နယ်ရဲတပ်ဖွဲ့ဒေသကြီး-၁ မှ အရာရှိများ၏ ကြီးကြပ်မှုဖြင့် စီးနင်းရှာဖွေခဲ့ရာ လက်နက် ၃၈၂လက်ကို သိမ်းယူနိုင်ခဲ့ပြီး လက်နက်အများစုမှာ မှတ်ပုံတင်မထားကြောင်းသိရသည်။

ထို့အပြင် ခဲယမ်းမီးကျောက် ပေါင် ၂,၀၀၀ကျော်နှင့် ဗုံး ၁၀၀ အပြင် အမ်ဖက်တမင်းဆေးပြား ၂၀၀,၀၀၀နှင့် မီသမ်ဖက်တမင်းအခဲ ဂရမ် ၃,၀၀၀ကျော် မူးယစ်ဆေးဝါးများလည်းဖမ်းမိခဲ့သည်ဟု အရာရှိများက ပြောကြားခဲ့သည်။

ပိုမိုကောင်းမွန်သောသတင်းအဖြစ် ရဲတပ်ဖွဲ့သည် လုယက်မှုမှ လူသတ်မှုအထိ ကျယ်ပြန့်သည့် ပြစ်မှုများတွင် ပတ်သက်သည်ဟု စွပ်စွဲခံထားရသူ မသင်္ကာသည့်လူ ၂၆၄ဦးကိုလည်း ဖမ်းမိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly