ကန်၏ လေကြောင်းတိုက်ခိုက်မှုတွင် အယ်လ်ခိုင်ဒါခေါင်းဆောင် ဆာနာဖီအယ်လ်နာဆာ သေဆုံးခဲ့ဟု ပင်တဂွန်ပြော

ကန်၏ လေကြောင်းတိုက်ခိုက်မှုတွင် အယ်လ်ခိုင်ဒါခေါင်းဆောင် ဆာနာဖီအယ်လ်နာဆာ သေဆုံးခဲ့ဟု ပင်တဂွန်ပြော

ဝါရှင်တန် ဒီစီ၊ အောက်တိုဘာ-၁၉ ။           ။ အမေရိကန်အာဏာပိုင်များ၏ အောက်တိုဘာလ ၁၈ရက်နေ့က ပြောကြားချက်အရ ဆီးရီးယားတွင် အမေရိကန်ခေါင်းဆောင်သည့် လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း အနောက်နိုင်ငံများကို တိုက်ခိုက်ရန် ထက်သန်ပြင်းပျသည့် အယ်လ်ခိုင်ဒါနှင့် ဆက်နွယ်သော အုပ်စုတစ်စု၏ ခေါင်းဆောင် သေဆုံးခဲ့သည်ဟု ဆိုသည်။

ဆော်ဒီနိုင်ငံသားတစ်ဦးဖြစ်ပြီး အမည်ရင်းမှာ အဗ္ဗဒူ မိုဆင် အက်ဘယ်လာ အီဗရာဟင် အယ်လ် ချာရက်ဖြစ်သည့် ဆာနာဖီ အယ်လ် နာဆာမှာ ဆီးရီးယားသို့ ပြောင်းရွှေ့လာခဲ့သည့် ဝါရင့် အယ်လ်ခိုင်ဒါ ဂျီဟတ်များကို စုစည်းထားသည့် ခိုရာဆန်အုပ်စု၏ အဆင့်အမြင့်ဆုံး အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ပင်တဂွန်က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အောက်တိုဘာလ ၁၅ရက်နေ့က ဆီးရီးယား အနောက်မြောက်ပိုင်းမှ လေကြောင်းတိုက်ခိုကမှုတစ်ခုတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ပြောကြားခဲ့သည်။

တစ်ခါက အယ်လ်ခိုင်ဒါ ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်ခဲ့ပြီး၊ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အထူးခန့်အပ်ထားသော ကမ္ဘာနှင့်အဝန်း အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့သည့် နာဆာမှာ လွန်ခဲ့သော ၄လအတွင်း ပဉ္စမမြောက်အသတ်ခံရသည့် အကြီးတန်းခိုရာဆန်အုပ်စု ခေါင်းဆောင်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

‘အမေရိကန်ပြည်တောင်စုဟာ အယ်လ်ခိုင်ဒါနဲ့ သူ့ရဲ့အကြွင်းအကျန်တွေကို ဖြိုခွဲဖို့ စစ်ဆင်ရေးမှာ ဘယ်တော့မှ အားလျှော့သွားမှာမဟုတ်ပါဘူး’’ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ် ကာတာက ပြောကြားခဲ့သည်။   

 ‘ဒီစစ်ဆင်ရေးက အမေရိကန်ပြည်ထောင်စုနဲ့ ကျနော်တို့ရဲ့ မဟာမိတ်တွေကို တိုက်ခိုက်ဖို့ ခိုရာဆန်အုပ်စုရဲ့ စီမံကိန်းတွေအတွက် အကြီးအကျယ် ထိခိုက်နစ်နာစေတဲ့အပြင် ကျနော်တို့ကို အန္တရာယ်ပြုချင် သူတွေဟာ ကျနော်တို့ရဲ့ လက်လှမ်းမမီရာမှာ ရှိမနေဘူးဆိုတာကိုလည်း သက်သေပြလိုက်တာပါပဲ’’ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ညသည်။

ဂျီဟတ် လူမှုမီဒီယာဝဘ်ဆိုက်များတွင် နာဆာသေဆုံးကြောင်းကို အကျယ်တဝင့် ဖော်ပြနေကြပြီး အာဇာနည်တစ်ယောက်အဖြစ်လည်း အောက်မေ့တသနေကြသည်။

ပင်တဂွန်၏ ပြောကြားချက်အရ နာဆာမှာ အုပ်စု၏ ဘဏ္ဍာရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည့်အပြင် တူရကီကို ဖြတ်သန်း၍ ပါကစ္စတန်မှသည် ဆီးရီးယားအထိ တပ်သားသစ်များ ရှာဖွေသည့် စည်းရုံးရေးလမ်းကြောင်းတွင်လည်း အဓိကကျသူဖြစ်သည်ဟု ဆိုသည်။

‘အယ်လ် နာဆာဟာ အယ်လ်ခိုင်ဒါအတွက် ငွေကြေးနှင့် တိုက်ခိုက်ရေးသမားများ စီးဝင်လာစေရာတွင် အတွေ့အကြုံကြွယ်ဝသည့် ကာလရှည် ဂျီဟတ်တစ်ယောက်ဖြစ်ပြီး ပင်လယ်ကွေ့ဒေသရှိ အလှူရှင်များထံမှ ရံပုံငွေများကို ပါကစ္စတန်နှင့် ဆီးရီးယားရှိ အယ်လ်ခိုင်ဒါခေါင်းဆောင်များထံ အဓိက လွှဲပြောင်းပေးနေသူလည်းဖြစ်ပါတယ်’ဟု ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် က ကြေညာချက်တွင် ပြောကြားခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly