ချင်းပြည်နယ် အမျိုးသား လွှတ်တော်အမတ် ဦးဝှေ့တင်းအပါအဝင် ၁၀ ဦး ပလက်ဝနှင့် ကျောက်တော်ကြားတွင် ပျောက်ဆုံးနေ

ချင်းပြည်နယ် အမျိုးသား လွှတ်တော်အမတ် ဦးဝှေ့တင်းအပါအဝင် ၁၀ ဦး ပလက်ဝနှင့် ကျောက်တော်ကြားတွင် ပျောက်ဆုံးနေ
ဓာတ်ပုံ - အမျိုးသားလွှတ်တော်

နိုဝင်ဘာ ၃ ။     ။ ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းအပါအဝင် ၁၀ ဦး သည် ပလက်ဝနှင့် ကျောက်တော်ကြားတွင် ပျောက်ဆုံးနေကြောင်း ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

အမျိုးသား လွှတ်တော်အမတ် ဦးဝှေ့တင်းသည်  ဇိုရမ်ပွီလမ်းပိုင်းမှ တာဝန်ရှိသည့် အိန္ဒိယနိုင်ငံသား ငါးဦး၊  ဘာသာပြန်နှစ်ဦးနှင့် Speed Boat ( အမြန်ရေယာဉ်ငယ်) မောင်းသူ နှစ်ဦးတို့နှင့်အတူ ယနေ့နံနက် ၈နာရီခန့်က ပလက်ဝမှ စထွက်ခွာခဲ့ရာ ကျောက်တော်ကြားတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ ပုံမှန်ခရီးဆိုပါက နံနက်၁၀နာရီတွင် ရောက်ရမည် ဖြစ်သော်လည်း ညနေလေးနာရီထိ ကျောက်တော်သို့ ရောက်မလာသဖြင့် စောင့်နေသည့် ယာဉ် မောင်းက ပြောဆိုမှသာ ပျောက်ဆုံးနေသည်ကို သိရသည်ဟု ဒေသခံအချို့ထံက သိရသည်။

“သတင်းကြားကြားခြင်း အထူးတုန်လှုပ်မိပါတယ်။ ကျနော်တို့ တွေးပူသလိုမျိုး မဖြစ်ဖို့ ဆုတောင်းပါတယ်။ တကယ်လို့ များ ကျနော်တို့မဖြစ်စေချင်တာမျိုးဖြစ်လာခဲ့ရင် သမိုင်းမှာ ဘယ်တော့မှပြင်မရမယ့် အမည်းစက် ဖြစ်သွားပါလိမ့်မယ်။ ပလက်ဝသားတွေ၊ ချင်းလူမျိုးတွေ ဘယ်တော့မှ မေ့လို့ မရနိုင်မယ့် ဖြစ်ရပ်မျိုးဖြစ်သွားနိုင်ပါတယ်။ အမြန်ဆုံး ဘေးမသီ ရန်မခ ပြန်ရောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်” ဟု ဆလိုင်းအိုက်ဇက်ခင်က မဇ္စျိမကို ပြောသည်။

ဦးဝှေ့တင်းသည် ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၁)မှ ရွေးချယ်ခံထားရသူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly