အိန္ဒိယ မြို့တော် နယူးဒေလီမှာ အဆိပ်အတောက်ပါ မီးခိုးမြူတွေ ဖုံးလွှမ်း

အိန္ဒိယ မြို့တော် နယူးဒေလီမှာ အဆိပ်အတောက်ပါ မီးခိုးမြူတွေ ဖုံးလွှမ်း

နိုဝင်ဘာ ၃။             ။ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာတော့ ယခုအခါ လေထုအရည်အသွေးဟာ ဆိုးဝါးလာနေပြီး ယနေ့ နိုဝင်ဘာ ၃ ရက်မှာ အဆိပ်အတောက်ပါ မီးခိုးမြူတွေ ထူထူထဲထဲ လွှမ်းခြုံဖုံးလွှမ်းနေတယ်လို့ သိရပါတယ်။

အဆိပ်အတောက်ပါ မီးခိုးမြူ ဖုံးလွှမ်းမှုဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အဆိုးဝါးဆုံး လယ်ဗယ်အထိ ရောက်လာခဲ့တယ်လို့ သိရပါတယ်။

မီးခိုးမြူတွေ ထူထပ်စွာ ဖုံးလွှမ်းနေမှုကြောင့် လေယာဉ်ခရီးစဉ်တွေ လမ်းကြောင်းပြောင်းရတာ ဒါမှမဟုတ် အချိန်ရွှေ့ဆိုင်းရတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီ အကျပ်အတည်း ပြဿနာကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးတဲ့အပေါ်မှာလည်း နိုင်ငံရေးသမားတွေဟာ တစ်ဦးနဲ့ တစ်ဦး အပြစ်ပုံချနေလျက် ရှိပါတယ်။

ဆောင်းရာသီ ရောက်တိုင်း လူဦးရေ သန်း ၂၀ ခန့်ရှိ အဆိုပါ မြို့ကြီးမှာ ကားအိတ်ဇောငွေ့တွေ၊ စက်ရုံတွေကနေ ထုတ်လွှတ်တဲ့ မီးခိုးငွေ့တွေ၊ အနီးအနားပြည်နယ်တွေက စိုက်ပျိုးရေးလုပ်ငန်းတွင်း မီးရှို့ရာကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် အဆိပ်အတောက်ပါ မီးခိုးမြူတွေကို ဖြစ်ပေါ်ဖုံးလွှမ်းစေလျက် ရှိပါတယ်။

နိုဝင်ဘာ ၃ ရက် မနက်ပိုင်း တိုင်းတာချက်များအရ လေထုထဲ PM 2.5 အမှုန်အမွှား ပါဝင်မှု ပမာဏဟာ တစ်ကုဗမီတာလျင် ၈၁၀ မိုက်ခရိုဂရမ်ထိ ရှိရာ ဒါဟာ ယခုရာသီမှာ အမြင့်ဆုံံးလယ်ဗယ်ကို ရောက်နေတယ်လို့ သိရပါတယ်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြံပြုမှုအရ လေထုထဲ ရှိသင့်တဲ့ PM 2.5 အမှုန် ပမာဏကတော့ တစ်ကုဗမီတာလျင် ၂၅ ဂရမ်သာ ဖြစ်ရာ ယခု ဒေလီမှာ ရှိနေတဲ့ ပမာဏက တကယ်တမ်းရှိသင့်တဲ့ ပမာဏထက် အဆပေါင်းများစွာ  ပိုများနေတာဖြစ်ပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly