ဝင်းနှင့်ဇော်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီကို မျှော်လင့်ဟုဆို

ဝင်းနှင့်ဇော်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီကို မျှော်လင့်ဟုဆို
Photo - AFP

နိုဝင်ဘာလ ၃၊ ရန်ကုန်။           ။ အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှပ်နှံမှု ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့်  နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လိပ်ကျွန်း လူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသည့် ဝင်းနှင့်ဇော် အတွက်  တစ်စုံတစ်ရာ ဝင်ရောက်ကူညီပေးရန် မျှော်လင့်ကြောင်း လိပ်ကျွန်းအမှု တွင်လိုက်ပါဆောင်ရွက်ပေးနေသည့် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း( FED )၏ ဒါရိုက်တာ ဦးထူးချစ် က ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်လိုမျိုး တိုင်းသိ၊ကမ္ဘာသိပုဂ္ဂိုလ်မျိုး က တစ်စုံတစ်ရာ ပေါ့ပေါ့ပါးပါးလေး ပြောပေးလို့ရှိရင် ကလေးတွေရဲ့ ပြစ်ဒဏ်လျော့ပေါ့ဖို့ အများကြီးထိရောက်မယ်လို့ယုံကြည်တယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ထိုင်းနိုင်ငံမှ အာဆီယံအစည်းအဝေးကို တတ်နေရင်းနဲ့ တစ်ခုခုပေါ့ သတင်းထောက်တွေကို လိပ်ကျွန်းလူသတ်မှုကလေးတွေနဲ့ ပတ်သက်ပြီး ပြောလိုက်မယ်ဆိုရင် ဒါကကလေးတွေအတွက်အများကြီး အကျိုးသတ်ရောက်မယ်လို့ယုံကြည့်ပါတယ် "ဟု FED မှဦးထူးချစ်က မဇ္စျိမသတင်းဌာန ကိုပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုင်းနိုင်ငံသို့ရောက်ရှိစဉ် ခရီးအချို့တွင် ထိုင်းနိုင်ငံ တွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နှင့် အလုပ်သမားအဖွဲ့အစည်းများကို တွေ့ဆုံလေ့ရှိပြီး ယခု တစ်ခေါက် တွင် တွေ့ဆုံမည့် အစီစဉ်ရှိ မရှိကို အကြောင်းကြားခြင်းမျိုး မရှိကြောင်း ကို ဦးထူးချစ် ရဲ့ပြောဆိုချက်အရ သိရသည်။

 AFP

"အမှန်ဆို ဒေါ်အောင်ဆန်းစုကြည်လိုမျိုးပုဂ္ဂိုလ်မျိုး က လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ တစ်စုံတစ်ရာစိတ်ဝင်စားမှု ပြတယ်။အစိုးရ ကိုထိုင်းပြည်သူလူထုကို လူသိရှင်ကြားတစ်ခုခု ပြောမယ်ဆိုရင် ကလေးတွေအတွက် အများကြီးထိရောက်မယ်လို့ ယုံကြည့်တယ်။ အစိုးရကိုယ်တိုင်က ဘာမှပွင့်ပွင့်လင်းလင်းပြောထား  တာမတွေ့တော့ သူပြောမပြောဆိုတာ ဘယ်လိုဆောင်ရွက်မယ် ဆိုတာ ပြောဖို့ခက်ပါတယ် " ဟုဆက်လက်ပြီး ဦးထူးချစ် က ပြောသည်။

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး  သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသား ဝင်းနှင့်ဇော်တို့ အတွက် ထိုင်းဘုရင်ထံ အသနားခံစာ တင်သွင်းရန်နှင့် ပတ်သက် ပြီး မြန်မာသံအမတ်ကြီး ဦးမျိုးမြင့် သန်းနှင့် ထိုင်းရှေ့နေများကောင်စီတို့ သည် အောက်တိုဘာ ၈ ရက်က ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၁ရက်နေ့က တင်သွင်းခဲ့သည်။

 AFP

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဝင်းနှင့်ဇော်ကို သက်ညှာခွင့်ပေးရန် အတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာထံ တောင်းဆိုခဲ့သေးသည်။

လက်ရှိအချိန်တွင် ဝင်းဇော်ထွန်းနှင့်ဇော်လင်း (လိပ်ကျွန်းလူသတ်မှု) တို့အတွက် ထိုင်းရှေ့နေ များ က ထိုင်းဘုရင်နန်းတော်သို့ အသနားခံစာ တင်ထားပြီး မည်ကဲ့သို့ ဆုံးဖြတ်မည်ကို စောင့်နေသည့်အချိန်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required