ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာသူ ၄၀၀ ကျော်ထိရှိလာ

ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာသူ ၄၀၀ ကျော်ထိရှိလာ
Ministry of Foreign Affairs Myanmar

ရန်ကုန်၊ နိုဝင်ဘာ ၂။     ။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှနေ၍ ဘင်္ဂလားဒေ့ရှ်သို့ထွက်ခွာသွားသူများထဲမှ မိမိသဘောဆန္ဒအလျောက် မြန်မာ နိုင်ငံဘက်သို့ ပြန်ဝင်လာသူ ၄၀၀ ကျော်အထိရှိလာပြီဟု မြန်မာနိုင်ငံဆိုင်ရာ ဒါကာသံ ရုံးမှ ထုတ်ပြန်ပြောဆို လိုက်သည်။

အောက်တိုဘာ ၃၁ ရက်တွင်တောင်ပြိုလက်ဝဲနှင့် ငါးခူရ စခန်းတို့ဘက်မှ ၄၆ ဦးဝင်ရောက်လာပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် တောင်ပြိုလက်ဝဲဘက်မှပင် နောက်ထပ် ၁၇ ဦးထပ်မံဝင်ရောက်လာကြောင်းသိရသည်။ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့ မိမိသဘောဆန္ဒအလျောက် ပြန်ဝင်ရောက်လာသူ စုစုပေါင်း ၄၁၄ ဦးအထိရှိလာပြီဖြစ်ကြောင်း မြန်မာအစိုးရဘက်မှဆိုသည်။

ပြန်လည်နေရာချထားမှုနှင့် ပက်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန။ ကယ်ဆယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုနိုင်ကို ဆက်သွယ်ရာ  “ဒါတွေက နှစ်နိုင်ငံ သဘောတူညီချက်နဲ့ဝင်လာတာတွေမဟုတ်ေသးဘူး။ ကိုယ့် သဘောနဲ့ကိုယ်ဝင်လာတာတွေ။ ကျွန်တော်တို့က ရောက်လာတဲ့သူတွေကိုစီစဉ်ပေးရတာပဲရှိတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာ နဘက်ကိုမေး ပေးပါ”ဟုဆိုသည်။

ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာမည့် ဒုက္ခသည်များကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလကတည်းက ပြန်လာရန် နှစ်နိုင်ငံ သဘောတူညီထားသော်လည်း နိုဝင်ဘာလအထိ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြန်လည်ဝင်ရောက် လာသူများမရှိကြသေးဘဲ အစိုးရချင်း ပြန်လှန်ဆွေး နွေးနေရဆဲလည်းဖြစ်သည်။

ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူအချို့အား ဆက်သွယ်သော်လည်း နိုဝင်ဘာ ၂ ရက်နေ့ ညနေပိုင်းအထိ ဖုန်းပြန်လည်ဖြေဆို ခြင်းမရှိသေးပေ။

“ အဆင်ပြေချောမွေ့တဲ့ ပြန်လည်လက်ခံရေးဖြစ်ဖို့ စစ်မှန်တဲ့ နိုင်ငံရေးဆန္ဒ၊ ခိုင်မာတဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ လက်မှတ်ရေးထိုး သဘောတူညီထားတဲ့ ကတိကဝတ်တွေကို အတိအကျ လိုက်နာဖို့ လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂသို့ ပြောဆိုထားသည်။

၎င်းတို့သည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ARSA တိုက်ခိုက်မှုများကြောင့်  ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွား ကြသူများလည်းဖြစ်သည်။

မြန်မာအစိုးရဘက်မှ ပြန်လည်ဝင်ရောက်လာမည့်သူများကို တောင်ပြိုလက်ဝဲနှင့် ငါးခူရဂိတ်စခန်းတို့၌ လက်ခံမည်ဖြစ်ပြီး လှဖိုးခေါင်ကြား စခန်းတွင် စိစစ်ရန်အတွက် ယာယီ ၂ လ နေထိုင်ခွင့်ပြုပြီးမှ အခြားနေရာ ဒေသများမှာ နေရာချထားပေးမည် ဖြစ်‌ကြောင်း ပြောဆိုထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly