အမရပူရမြို့နယ်အတွင်းရှိ ကျူးကျော်နေထိုင်သူများကို မန်းစည်ပင်မှ စတင်ဖယ်ရှား

အမရပူရမြို့နယ်အတွင်းရှိ ကျူးကျော်နေထိုင်သူများကို မန်းစည်ပင်မှ စတင်ဖယ်ရှား
(ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ )

မန္တလေး၊ နိုဝင်ဘာ ၂။          ။ မန္တလေးမြို့၊အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စု စံရွေးကျေးရွာရှိ  ရေထိန်းတာဘောင် တစ်လျှောက်တွင် ကျူးကျော်နေထိုင်သည့် နေအိမ် ၁၆၀ကို မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက နိုဝင်ဘာလ ၂ ရက် နံနက် ၉ နာရီမှစတင်၍ ရှင်းလင်းဖယ်ရှားလျှက်ရှိသည်။

"တာဘောင်ဧရိယာမှာ ကျူးကျော်တဲလေးတွေ ဆောက်နေတာပေါ့။ နေတာတော့ကြာသွားပြီ။ ကြာသွားတာနဲ့အမျှ တာဘောင်ဧရိယာကလည်း ခိုင်ခန့်မှုပေါ့နော်။လူတွေနေထိုင်တာနဲ့အမျှ ကြွက်တွေအမှိုက်တွေက အစပေါ့ နော်။လူတွေနေလာတာ များလာတဲ့အတွက် တာဘောင် ခိုင်ခန့်မှု လိုအပ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဒါတွေကို ရှင်းလင်းပေးတာပါ။"ဟု ရှင်းလင်းဖယ်ရှာရာတွင် ပါဝင်သော မန္တလေးမြို့  တော်စည်ပင် သာယာရေးကော်  မတီမှ အခွန်ဌာနမှူး ဦးသက်နိုင်က မဇ္ဈိမကိုပြောသည်။

ထိုသို့ ရှင်းလင်းဖယ်ရှားရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့် ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့မှ စတင်ကာ အောက်တိုဘာလအထိ အကြောင်းကြားစာ သုံးကြိမ်ပေးပို့ထားခဲ့ပြီး ဖြစ်ကြောင်း  သိရသည်။

"ရှင်းလင်းတဲ့ အခါမှာလည်းစာကို ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းနဲ့အညီ ပေးထားပါတယ်။သုံးကြိမ် စာအသိပေးပြီးမှဖျက်သိမ်းဖို့ စီစဉ်ဆောင်ရွက်တာပါ။ဖျက်သိမ်းတဲ့အခါမှာလည်း ကျွန်တော်တို့ မြို့တော်စည်ပင်သာယာ ရေးကော်မတီကနေ ဖွဲ့စည်းပေးထားတဲ့ ရှင်းလင်းရေးအဖွဲ့အစည်းနဲ့ ကျွန်တော်တို့က ဖျက်သိမ်းတာပါ။"ဟု ဦးသက်နိုင်ကဆက်ပြောသည်။

ယခုရှင်းလင်းဖယ်ရှားခံရသူများသည် ကျူးကျော်နေထိုင်သူများမဟုတ်ဘဲ ရှေးယခင်ကတည်းက နေထိုင်ခဲ့ကြသူများဖြစ်ကြောင်း၂၀၀၂ခုနှစ်မှ စတင်၍နေထိုင်ခဲ့ကြသူများဖြစ်သည်ဟု စံရွေးကျေးရွာ ရာအိမ်မှူး ဦးသိန်းဦးက ပြောသည်။

"ဒီဘက်ကျွန်တော်တို့ရွာ တစ်ရိုးလုံးကို ဖျက်တဲ့နေရာမှာ ဒီဟာကလည်း ရွာပိုင်မြေ မြေပိုင်ရှင် ရှိပါ တယ်။မြေပိုင်ရှင်ရှိတဲ့ အထဲကိုမှ မြေအစားပြန်မရဘူး။ မြေအစားမရဘဲနဲ့ အခုတစ်ခါ ကျွန်တော်တို့ ဆောက်ထားတဲ့အိမ်ကို လမ်းမြေပါပါတယ်ဆိုပြီး ဆယ်ပေထပ်ပြီး ဆုတ်ပေးရမှာ။ ရွှေ့ပြောင်းတဲ့ နေရာမှာလည်း စရိတ်လည်းမရဘူး။ဖျက်ဆီးတဲ့ ပျက်သွားတဲ့နေရာမှာလည်း ဆုံးရှုံးနစ်နာတဲ့အတွက် နစ်နာကြေးပြန်လည်ပေးဖို့ရာ တင်ပြချင် ပါတယ်။"ဟု ဦးသိန်းဦးက ဆက်ပြောသည်။

ဖယ်ရှားခံရသူအများစုမှာ မြေနေရာအစားနှင့်ရွှေ့ပြောင်းစရိတ် နစ်နာကြေးစသည်တို့ကို ရယူလိုသည့် ဆန္ဒရှိနေပြီး ကျူးကျော်ဟု အမည်အတပ်ခံရမှုအပေါ်လည်း မကျေနပ်ကြကြောင်း သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ယခုလို ဖယ်ရှားရှင်းလင်းရခြင်းသည် တာဘောင်ကြံ့ခိုင်မှုဆောင်ရွက်ရန်နှင့်မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းသိရသည်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly