ဒုံးကျည်ပစ်ခတ်မှုအတွက် အစ္စရေးက ဂါဇာကမ်းမြှောင်ကို လက်တုန့်ပြန် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်

ဒုံးကျည်ပစ်ခတ်မှုအတွက် အစ္စရေးက ဂါဇာကမ်းမြှောင်ကို လက်တုန့်ပြန် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်

နိုဝင်ဘာ ၂။      ။ ဒုံးကျည်ပစ်ခတ်မှုတစ်ခုအတွက် ပြန်လည် လက်တုန့်ပြန်တဲ့အနေနဲ့ အစ္စရေးက နိုဝင်ဘာ ၂ ရက် အစောပိုင်းမှာ ဂါဇာကမ်းမြှောင်ရှိ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါဟာ အစောပိုင်းတုန်းက ဂါဇာဘက်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကြောင့် အစ္စရေးတောင်ပိုင်းမှာ နေအိမ်တစ်လုံး ပျက်စီးသွားခဲ့မှုအတွက် ပြန်လည် လက်တုန့်ပြန်တာလည်း ဖြစ်ပါတယ်။

အဆိုပါ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းတစ်ဦး သေဆုံးခဲ့ကြောင်း ဟားမားစ်တို့ ချုပ်ကိုင်ထားတဲ့ ဂါဇာကမ်းမြှောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒုံးကျည်ပစ်လွှတ်မှုကြောင့် ပြန်လည် လက်တုန့်ပြန် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ ယခု တိုက်ခိုက်မှုတွေဟာ ဟားမားစ် ရေတပ်စခန်းတစ်ခု၊ စစ်ဘက် အဆောက်အအုံတစ်ခု၊ လက်နက် ထုတ်လုပ်ရေး ဆိုဒ်တစ်ခုအပါအဝင် ဟားမားစ် အကြမ်းဖက်ပစ်မှတ်တွေကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်က ဂါဇာဘက်ကနေ ဒုံးကျည် ဆယ်စင်းထက်မနည်း အစ္စရေးတောင်ပိုင်းကို ပစ်လွှတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီးနောက် ခုလို အစ္စရေးရဲ့ လေကြောင်းထိုးစစ် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဂါဇာဘက်က ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေအနက် ရှစ်စင်းကို လေကြောင်းကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း၊ သို့ပေမယ့် နေအိမ်တစ်အိမ်တော့ ထိခိုက်ပျက်စီးခဲ့ရကြောင်း အစောပိုင်းတုန်းက အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly