မကွေးရှိ ကျေးရွာ ၅၀၀ ကျော်မီးလင်းရေးအတွက် ရန်ပုံငွေ ကျပ် ၃၇သန်းကျော်အသုံးပြုမည်

မကွေးရှိ ကျေးရွာ ၅၀၀ ကျော်မီးလင်းရေးအတွက် ရန်ပုံငွေ ကျပ် ၃၇သန်းကျော်အသုံးပြုမည်

မကွေး၊ နိုဝင်ဘာ ၂။         ။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၅၀၀ ကျော်မီးလင်းရေးအတွက် တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေ ကျပ်၃၇.၇သန်းကျော် အသုံးပြုကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

“၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်မှာ မကွေးတိုင်းကျေးလက်ဒေသမီးလင်းရေးကဏ္ဍကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်၃၇.၇၅၀၀၅၉ ဘီလီယံ အကုန်ကျခံကာတိုင်းဒေသကြီးအတွင်း လျှစ်စစ်မီးမရရှိသေးသော ကျေးရွာ ပေါင်း ၅၀၀ကျော်အား လျှပ်စစ်မီးလင်းရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၊သယံဇာတ၊သဘာဝပတ်ဝန်းကျင်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ကြီးဦးမြင့်ဇော်က ပြောသည်။

လက်ရှိတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ ၉လအတွင်း ကမ္ဘာ့ဘဏ်ချေးငွေ ကျပ်သန်း ပေါင်း ၄၀၀ဖြင့် မကွေးတိုင်းအတွင်းရှိ ခရိုင် ၅ ခရိုင်၊ မြို့နယ်နှင့်မြို့ ၃၂မြို့မှ ကျေးရွာပေါင်း ၆၀၀ ကျော်အား လျှပ်စစ် မီးလင်းရေးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

“ကျေးလက်မီးလင်းရေးအတွက် အောက်တိုဘာလ၂၁ရက်နေ့ကစပြီး ပစ္စည်းတင်ဒါ၊ လုပ်အားတင်ဒါအတွက် လျှောက်လွှာတွေ ရောင်းချပေးနေပါပြီ။ တင်ဒါလုပ်ငန်းတွေအနေနဲ့ လျှပ်စစ်မီးတိုင်တွေကို ၂၀၂၀ခုနှစ် ဧပြီလ မတိုင်မီ အနည်းဆုံးတိုင်ထောင်ပြီးဖြစ်ရမယ်၊ ကျေးရွာတွေကို အမြန်ဆုံးမီးလင်းပေးနိုင်အောင် ကြိုးစား ဆောင်ရွက်သွားမယ်”ဟု ဝန်ကြီးဦးမြင့်ဇော်က ဆိုသည်။

၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ မြို့ပေါ်နှင့် ကျေးလက်ဒေသပါမကျန် မီးလင်းရေးအတွက် စီမံကိန်း ချမှတ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးပါက မကွေးတိုင်းအတွင်းရှိ ကျေးရွာ ပေါင်း ၅၀၀ကျော်အား လျှပ်စစ်မီးသုံးစွဲခွင့်ရတော့မည်ဖြစ်ကြောင်း သိရသည်။

“ယခု၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ကျေးလက်မီးလင်းရေးစီမံချက်မှာ ကျွန်တော်တို့ကျေးရွာပါရှိပါတယ်။ လျှပ်စစ်မီး ရရှိတဲ့ကျေးရွာတွေဟာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ကျေးရွာမှာရှိတဲ့ စပါးစက်၊ ဆီစက်၊ နွားစာစဉ်းစက် အထိ လုပ်ငန်းတွေအောင်မြင်ကြသလို ကျေးရွာမှာထုတ်ကုန်တွေလည်း ပိုမိုထုတ်လုပ်နိုင်တော့မှာဖြစ်ပါတယ်။ လူနေမှုအဆင့်အတန်းတွေလည်း မြင့်မားလာမှာဖြစ်ပါတယ်”ဟု မင်းဘူးမြို့နယ် မောင်းမကန်ကျေးရွာမှ အုပ် ချုပ်ရေးမှူးဦးဆန်းဦးက ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly