မီးလင်းချိုင့်လျှပ်စစ်စီမံကိန်းအတွက် မြေယာလျော်ကြေးများ ပေးအပ်

မီးလင်းချိုင့်လျှပ်စစ်စီမံကိန်းအတွက် မြေယာလျော်ကြေးများ ပေးအပ်

ပုသိမ်၊ နိုဝင်ဘာ ၂။       ။ ပုသိမ်မြို့နယ်၊မီးလင်းချိုင့်ဒေသတွင်ပြုလုပ်မည်လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းအတွက် မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးများကို ပထမအဆင့်အနေဖြင့် ပေးအပ်ခဲ့ကြောင်း မြေယာပိုင်ရှင် များထံမှသိရှိရသည်။

“တိုင်းဒေသကြီးအစိုးရရော ကုမ္ပဏီနဲ့ရော အပေါ်အောက်ဒေသခံတွေနဲ့ညှိနှိုင်းဆွေးနွေးပြီး ပဏာမ အနေနဲ့ ၃၀ရက်နေ့မှာ ၁၀ရာခိုင်နှုန်းလျော်ကြေးပေးတာပေါ့၊ကျန်တဲ့ဟာက လျှပ်စစ်ဝန်ကြီးဌာနနဲ့လက်မှတ်ထိုးပြီး တစ်လအတွင်းမှာ ပေးချေမယ်လို့ သိရတယ်” ဟု မီးလင်းချိုင့်ကျေးရွာမှ မြေယာလျော်ကြေး ရရှိသူ ဦးမြင့်အောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊မီးလင်းချိုင့်ဒေသတွင် ၁၃၉၀ မဂ္ဂါဝပ်လျှပ်စစ်ထုတ်လုပ်မည့်စီမံကိန်းအတွက် မြေဧက ၈၀၀ကျော်မှ မြေယာပိုင်ရှင်များအား အောက်တိုဘာလ ၃၀ရက်နေ့နှင့်၃၁ရက်နေ့များတွင် မြေယာတန်ဖိုး၏ ၁၀ရာခိုင်နှုန်းအား လျော်ကြေးပေးချေခဲ့ခြင်းဖြစ်ပြီး၊ကျန်ရှိနေသည်များကို  လျှပ်စစ်ဝန်ကြီးဌာနနှင့် လျှပ်စစ် ဝယ်ယူရေး စာချုပ်လက်မှတ်ရေးထိုးပြီး တစ်လအတွင်း ပေးချေမည့်ဖြစ်ကြောင်း သိရှိရသည်။

“သူတို့က ဆယ်ရာခိုင်နှုန်းပဲ ပေးချေတာဖြစ်တယ်၊ ကျွန်တော်တို့က သဘောမတူဘူးမဟုတ်ဘူး။ သဘောတူ ပေးလိုက်တဲ့ နောက်တစ်ချက်က ၉၀ရာနှုန်းက ဘယ်နေ့ပေးချေမယ်ဆိုတာ ရက်စွဲမပါဘူး။ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနနှင့် လျှပ်စစ်ဓါတ်အားဝယ်ယူရေးစာချုပ် ချုပ်ဆိုပြီး တစ်လအတွင်း ပေးမယ် ဆိုတာက တစ်နှစ် လည်းကြာရင်ကြာမယ်။ ငါးလလည်းကြာချင်ကြာမယ် ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ သိပ်မကျေလည်ဘူး။

အများအားဖြင့်ဆိုတော့ သဘောတူပေးရတာပဲ။ ဘာကြောင့်လည်းဆိုတော့ တိုင်းပြည် အတွက်က လျှပ်စစ်က မရှိမဖြစ်လည်းလိုအပ်နေတဲ့ အဲဒီအတွက်ကို ဒေသဖွံဖြိုးရေး ကိုယ်တိုင်းပြည်အတွက်ဆိုပြီး အနာခံပြီး လက်ခံ ပေးတာ ကျွန်တော်တို့ကသိချင်တာ ဘယ်နေ့ဘယ်ရက်ပေးမယ်ဆိုတာလေးကို သိချင်တယ်၊”ဟု မီးလင်းချိုင့်မှ မြေယာပိုင်ရှင် ဦးမျိုးမင်းလတ်က ပြောသည်။

ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်ခွဲ၊ မီးလင်းချိုင့် ဒေသတွင် Supreme Trading Co., Ltdမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် Integrated Liquefied Natural Gas to Power Projectကို ဆောင်ရွက်မည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရရှိလာပါက National Grib သို့ပြန်လည်ပေးပို့ မည့်ဖြစ်ကြောင်း သိရသည်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့တွန်းအားပေးပြီးတော့ ဆောင်ရွက်မှုပေါ့။ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင် ၂၀၁၉ခုနှစ်မကုန်ခင်၊ ဒီဇင်ဘာလမကုန်ခင်မှာ လျှပ်စစ်ဓါတ်အားဝယ်ယူရေးစာချုပ် ချုပ်ဆိုနိုင်မယ်လို ယုံကြည့်ပါတယ်” ဟု Supreme Co.Ltdမှ ဒုတိယအမှုဆောင် အရာရှိချုပ် ဦးထူးထူးအောင် က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊မီးလင်းချိုင့်ဒေသ၌ မြေယာလျော်ကြေးများ ပေးချေရာတွင် ကမ်းခြေအုန်းခြံများအား တစ်ဧက ကျပ်သိန်း၅၀၀၊တောင်မြေများအတွက် တစ်ဧက ကျပ်သိန်း ၃၀၊လယ်မြေ တစ်ဧကအတွက် ကျပ်သိန်း ၄၀ဖြင့် တန်ဖိုးသတ်မှတ်ပြီးဖြစ်ကြောင်း သိရှိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

--

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly