ခန္တီးမှာ ဖမ်းခံထားရသည့် ခေါင်းဆောင် ၅ ဦးကို NSCN-K က ထုတ်ပယ်

ခန္တီးမှာ ဖမ်းခံထားရသည့် ခေါင်းဆောင် ၅ ဦးကို NSCN-K က ထုတ်ပယ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဖမ်းဆီးခံထားရသည့် NSCN-K မှ ဝန်ကြီးအဆင့်ရှိသူ ထိပ်ပိုင်း ခေါင်းဆောင် ၅ ဦးကို အဖွဲ့ဝင် အဖြစ်က ထုတ်ပယ်လိုက်ကြောင်း NSCN-K က ယနေ့(နိုဝင်ဘာ ၁ ရက်တွင်) ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် "နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)သည် အောက်ပါအဆင့်မြင့် ဝန်ကြီးများနှင့် ပါတီဝင်များကို ၎င်းတို့၏မြန်မာအစိုးရ NCA ကိုထောက်ခံ ဝါဒဖြန့်နေသည့် လုပ်ရပ်ကြောင့် ပါတီ၏နိုင်ငံရေး စည်းမျဉ်းကို အပြည့်အဝ ဆန့်ကျင်၍ ယခုမှစပြီး ထုတ်ပယ်လိုက်သည်"ဟု ဖော်ပြထားသည်။

ထုတ်ပယ်ခံရသူများမှာ NSCN-K မှ ဖွဲ့စည်းထားသော Government of the People's Republic of Nagaland(GPRN) တွင် ပြည်ထဲရေးတာဝန်ယူထားသည် ဗိုလ်မှူး(ငြိမ်း) Angmai(အန်မိုင်း)၊ သာသနာရေးဝန်ကြီး Mr. Chowangsing(ကျော်ဝမ်းစိန်)၊ သစ်တောရေးရာဝန်ကြီး Mr.Angkan(အန်ကန့်)၊ GPRN ဗဟိုကော်မတီဝင် Mr.R,Sothing ၊ နာဂတပ် ဗဟိုကော်မတီဝင် ဒုဗိုလ်မှူးကြီး Aung Sein တို့ဖြစ်ကြသည်။

NSCN-K မှ ခန္တီးဆက်ဆံရေးရုံးတာဝန်ခံ ဦးဂျူလိုင်ထောင်းက "ဟုတ်တယ် ကျနော်တို့ထုတ်လိုက်ပြီး ပါတီဝင်ကနေ အဲထုတ်ပြန်ချက်ထဲက အတိုင်းပါပဲဗျ"ဟု မဇ္ဈိမသို့ပြောသည်။

NSCN/GPRN က ထိုပါတီဝင် ၅ ဦးသည် ၂၀၁၉ ခုနှစ်၊ မတ်လ ၉ ရက်မှစ၍ မြန်မာအစိုးရ၏ ခန္တီးထောင်တွင် ဖမ်းဆီးခံနေရသူများ​ဖြစ်ပြီး NCA ကို အစွဲပြုလျက် ပါတီစည်းမျဉ်း အခန်း (ဂ)၏ ပုဒ်မ ၄ နှင့် ၅ကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေကြပါသည်ဟု ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ ၁ ရက်က ထုတ်ပြန်ချက်မှာ ဆိုထားသည်။

ထို့နောက် ဤအမိန့်သည် အခန်း (က) ၏ ပုဒ်မ ၁၀ (ခ) အရ ကောင်စီနှင့် အစိုးရတို့နှင့်ဆက်စပ်နေသည့် တာဝန်အားလုံး ရုတ်သိမ်းပြီးဖြစ် ကြောင်း သို့ဖြစ်ပါ၍ ၂၀၁၉ ခုနှစ်၊  နိုဝင်ဘာလ ၁ ရက် (ယနေ့)မှစပြီး ၎င်းတို့၏ လုပ်ပိုင်ခွင့် အာဏာအဝဝ ပျက်ပြယ်သည်ဟု NSCN/GPRN က ထုတ်ပြန် ပြောလိုက်သည်။

အဆိုပါ ထုတ်ပယ်ခံရသူများသည် လက်ရှိတွင် ခန္တီးထောင်မှာ ချုပ်နှောင်ခံထားရပြီး နိုဝင်ဘာလ ၈ ရက်တွင် ခန္တီးခရိုင်တရားရုံးက အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

ထိုပုဂ္ဂိုလ်များ ဖမ်းဆီးခံခဲ့ရခြင်းမှာ အိန္ဒိယအစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ကသည်းနှင့် အာသံ သူပုန်များကို စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် တကားကျေးရွာရှိ NSCN-K ထိန်းချုပ်နယ်မြေထဲမှာ ခိုအောင်းခွင့်ပေးထားခြင်းနှင့် စစ်သင်တန်းများပေးခြင်းကြောင့် ဖြစ်သည်။

ထို့နောက် တပ်မတော်က မတရားအသင်းဆက်သွယ်မှုအက်စ် ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီး အမှုဖွင့် အရေးယူခဲ့သည့်အတွက် အမှုရင်ဆိုင်နေရသည်။

NSCN-K သည် အိန္ဒိယအစိုးရကို တိုက်ခိုက်နေသည့် နာဂလက်နက်ကိုင် ဖြစ်ပြီး မြန်မာအစိုးရနှင့်မူ တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် လက်မှတ်ထိုး ထားသည်။

မြန်မာအစိုးရကမူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)နှင့် ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်တို့ လက်မှတ်ရေးထိုးရန် NSCN-K အား ၂၀၁၅ ခုနှစ်က ကမ်းလှမ်း ထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly