ထိုင်းတွင် ဆေးကုသနေသည့် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ဟုဆို

ထိုင်းတွင် ဆေးကုသနေသည့် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ဟုဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်

မန္တလေး(နိုဝင်ဘာ ၁ရက်၊ ၂၀၁၉ခုနှစ်)။       ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆေးကုသမှုခံယူနေသော အာဏာရပါတီ NLD ၏ ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိသည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက နိုဝင်ဘာလ ၁ရက်၊ နံနက် ၁၀နာရီ၊ ၃၀မိနစ်တွင် မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌ (၂)လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာ ၂၄ရက်က ပြုလုပ်သည့် အစိုးရ၊ လွှတ်တော်၊ ပါတီ သတ္တမအကြိမ် စုံညီတွေ့ဆုံပွဲအပြီးတွင် ဆေးကုသမှုခံယူရန် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခြင်း ဖြစ်သည်။

 “ဆေးကုနေတာလေ၊ ဘာမှ မဖြစ်ပါဘူး။ အခြေအနေ ကောင်းပါတယ်” ဟု မန္တလေးတိုင်းအစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။

 လတ်တလောတွင် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ခေတ္တ တာဝန်ယူထားရပြီး ဒေါက်တာဇော်မြင့်မောင် ပြန်လာမည့်ရက်ကို အတိအကျ မသိရသေးပေ။

 ဒေါက်တာဇော်မြင့်မောင်သည် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသလို ၂၀၁၅ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင်လည်း အမရပူရမြို့နယ်မှ တိုင်းလွှတ်တော်အမတ်အဖြစ် အနိုင်ရရှိကာ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

 ၎င်းသည် ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသော်လည်း ထိုစဉ် စစ်အစိုးရက အာဏာလွှဲပြောင်းပေးခဲ့ခြင်း မရှိခဲ့ပေ။ ထို့နောက် ၎င်း၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၁၉နှစ်ကြာ ထောင်တွင်း အကျဉ်းချခံခဲ့ရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly