NLD နှင့် လမ်းခွဲလိုက်သည့် ဒေါက်တာ သက်သက်ခိုင်နှင့် ဆက်သွယ်မေးမြန်းချက်

NLD နှင့် လမ်းခွဲလိုက်သည့် ဒေါက်တာ သက်သက်ခိုင်နှင့် ဆက်သွယ်မေးမြန်းချက်
NLD ပါတီနှင့် လမ်းခွဲလိုက်သည့် ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာသက်သက်ခိုင် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာလ ၁ရက်၊ ၂၀၁၉ခုနှစ်)။   ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲရဒ်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကိုယ်စားပြုပြီး ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဖြစ်လာသည့် ဒေါက်တာသက်သက်ခိုင်သည် ယခုအခါ NLD နှင့်လမ်းခွဲလိုက်ပြီး ပါတီသစ်တစ်ခုဖြင့် နိုင်ငံရေး ဆက်လုပ်တော့မည်ဖြစ်သည်။

NLD အစိုးရ၏ စီးပွားရေးဆိုင်ရာ မူဝါဒများအပေါ် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပတို့တွင် ချက်ကျလက်ကျ ထောက်ပြလေ့ရှိသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာသက်သက်ခိုင်ကို ပြီးခဲ့သည့် ၂၀၁၈ခုနှစ်၊ ဩဂုတ်လ ၂၅ရက်နေ့ကတည်းက ပါတီတာဝန်များကို NLD  က ရပ်ဆိုင်းခဲ့သည်။

ယင်းနောက် ပါတီမှ နှုတ်ထွက်လိုကြောင်း ဒေါက်တာသက်သက်ခိုင်က ပြီးခဲ့သည့်လ ၂၄ရက်က နှုတ်ထွက်စာတင်ပြီးနောက် တစ်ပတ်အကြာတွင် NLD က သူ့ကို နှုတ်ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် NLD ပါတီနှင့် လမ်းခွဲရသည့် အကြောင်းအရင်း အပါအဝင် ပါတီသစ်ထူထောင်လိုက်သည့် အခြေအနေနှင့် သူမ၏ နိုင်ငံရေးရည်မှန်းချက်များကို “ပြည်သူ့ရှေ့ဆောင်ပါတီ” အမည်ဖြင့် နိုင်ငံရေးဆက်လုပ်မည့် ဒေါက်တာသက်သက်ခိုင်အား မဇ္ဈိမ အကြီးတန်းသတင်းထောက် မင်းမင်းက ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ (NLD)ပါတီကနေ ဘာကြောင့်များ နှုတ်ထွက်ဖြစ်သွားတာလဲ။

ဖြေ။ ။ ကျွန်မက ပါတီကို ၁၉၈၈ခုနှစ်တုန်းက မိုးကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီထောင်တုန်းက Founding Member(တည်ထောင်သူအဖွဲ့ဝင်) တွေပါရှင့်။ အဲ့တုန်းကတော့ ကျွန်မအသက် (၂၁)နှစ်နဲ့ ဆေးကျောင်းတက်နေတာလည်း တစ်ပိုင်းတစ်စနဲ့လေ။ ပြီးတော့ ကျွန်မ ၁၉၉၀ ရွေးကောက်ပွဲပြီးတဲ့အထိ မိုးကုတ်မှာ ကျွန်မ NLD ကို ဝိုင်းဝန်းခဲ့ပါတယ်။

ပြီးလို့ရှိရင် ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလမှာ ကျွန်မ ပါတီပြန်ဝင်ပါတယ်။ ပြန်ဝင်ပြီးတော့ ကျွန်မတို့မြို့နယ်က ကျွန်မကို ကိုယ်စားလှယ်အနေနဲ့ ရွေးတဲ့အခါကျတော့ Campaign(မဲဆွယ်စည်းရုံး)ကာလမှာ ကျွန်မ မီဒီယာတွေနဲ့ စကားပြောတဲ့အချိန်မှာ ကျွန်မကို မီဒီယာနဲ့ စကားပြောလို့ ဆိုပြီးတော့ ကျွန်မကို (ပါတီက)ခေါ်ယူသတိပေးတာတွေ၊ စာနဲ့ သတိပေးတာတွေ၊ ခေါ်ယူစစ်ဆေးတာတွေ လုပ်ပါတယ်။

အဲ့လိုလုပ်ပြီးတော့ ၂၀၁၈ စက်တင်ဘာလကျတော့ ကျွန်မတို့ကို မမေး၊ မမြန်းဘဲနဲ့ ပါတီတာဝန်တွေကနေ ရပ်ဆိုင်းပါတယ်ဆိုပြီးတော့ ပါတီတွင်း ဥပဒေမဲ့ လုပ်ပါတယ်။ ဘာအကြောင်းကြောင့်လဲ ဒီနေ့အထိ မသိပါဘူး။

အဲ့အချိန်တုန်းက ကျွန်မကို မေးခံရတဲ့ မေးခွန်းကတော့ ၂၀၂၀ ဘာဆက်လုပ်မှာလဲလို့ ခင်မင်ရင်းနှီးတဲ့သူတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းတွေ၊ နောက်ပြီး မီဒီယာတွေက မေးကြပါတယ်။ မေးတော့ ကျွန်မလည်း ဒါကို လေးလေးနက်နက် စဉ်းစားဖို့လိုတဲ့အချိန် ဖြစ်ပါတယ်။

အဲ့လို ဖြစ်ပြီးတော့ ၂၀၁၉မှာလည်း ကျွန်မ အဆိုတစ်ခု(တတိယအကြိမ်)တင်တဲ့အချိန်မှာ အဲ့ဒီအဆိုကို ပါတီကို အရင်တင်ပါတယ်။ ပါတီက ပြင်ပေးပါတယ်။ ပြင်လိုက်တော့လည်း ကောင်းသွားပါတယ်။ နောက် ကျွန်မ လွှတ်တော်ကို တင်ပြီးတဲ့အချိန်မှာ ကျွန်မအဆိုကို ထောက်ခံတဲ့သူကို ပါတီက ထုတ်မယ်ဆိုပြီးတော့ ဖုန်းနဲ့ ပြောပါတယ်။

အဲ့တော့ ကျွန်မအဆိုကို မထောက်ခံရဲကြတော့ ကျွန်မက SNLD(ရှင်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)ကို အကူအညီ တောင်းရပါတယ်ရှင့်။  SNLD ကို ကျွန်မအဆို ပြတယ်။ ပြပြီးတော့ ဒီအဆိုလေးတော့ ကျွန်မကို ထောက်ခံပေးပါဆိုတော့ SNLD ကလည်း ‘အစ်မ အဆိုက ကောင်းတယ်။ ထောက်ခံပေးမယ်’ ဆိုပြီး ပြောထားပြီးတော့မှ ကျွန်မ လွှတ်တော်ကို ဒုတိယအကြိမ် တင်ပါတယ်။

အဲ့လို တင်တဲ့အချိန်မှာ ကျွန်မအဆိုကို လွှတ်တော်ကလည်း လက်ခံလိုက်တယ်။ လွှတ်တော်ကလည်း ဝန်ကြီးဌာနကို ပို့ပေးလိုက်တယ်။ ပြီးတော့မှ ဝန်ကြီးဌာနကနေပြီးတော့မှ ဒီအဆိုဟာ အများရှေ့မှာ ဆွေးနွေးလို့မကောင်းတဲ့အဆို ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ ကျွန်မကို စာ(နဲ့)ပဲ (အကြောင်း)ပြန်ပါတယ်။

တစ်ကယ်တမ်းဆို အဲ့ဒါကလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ အခွင့်အရေးကိုလည်း ထိခိုက်တယ်။ ပြီးလို့ရှိရင် လွှတ်တော်ဥပဒေနဲ့လည်း မညီပါဘူး။ တစ်ကယ်တမ်းဆိုရင် စာနဲ့ (အကြောင်း)ပြန်တာက  ကြယ်ပွင့်မပြမေးခွန်းပဲ စာနဲ့ ပြန်ခွင့်ရှိတာ။ ကျန်တာအကုန်လုံး လွှတ်တော်ထဲမှာ လာဖြေရပါတယ်။ နောက်တစ်ခုက အဆိုဆိုရင် လွှတ်တော်ထဲမှ အဆိုတင်သွင်းရပါတယ်ရှင့်။ ပြီးတော့မှ ဒီအဆိုကို ဆက်လက် ဆွေးနွေးသင့်၊ မသင့် လွှတ်တော်ကနေ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

အဲ့လိုမဟုတ်ဘဲ ကျွန်မကို ဝန်ကြီးဌာနက စာလေးပဲ ပြန်လိုက်တာပါ။ အဲ့လိုမျိုးတွေ ဆိုတဲ့အခါကျတော့ ၂၀၂၀မှာလည်း ကျွန်မကို ပေးပါမှာ မဟုတ်ဘူးလို့ တော်တော်လေးကို သေချာသလောက်ကို သိနေတယ်ပေါ့နော်။ သိနေတဲ့အတွက် ကျွန်မ နိုင်ငံရေးလည်း လုပ်ချင်သေးတယ်။ နိုင်ငံတည်ဆောက်ရေးမှာလည်း ကျွန်မ ပါဝင်ချင်သေးတဲ့အတွက်ကို NLD ကနေ နှုတ်ထွက်ပြီးတော့မှ ဒီမိုကရေစီ စံချိန်၊ စံညွှန်းတွေနဲ့ ကိုက်ညီပြီးတော့မှ မိမိအရည်အချင်း ရှိသလောက် လွတ်လွတ်လပ်လပ်နဲ့ ပိုပြီး အလုပ်လုပ်နိုင်မယ်လို့ ယူဆတဲ့အတွက် ပါတီကနေ နှုတ်ထွက်လိုက်တာ ဖြစ်ပါတယ်ရှင့်။

မေး။ ။ ခုနပြောတဲ့အဆိုက လွှတ်တော်ထဲမှာ မပြောလိုက်ရဘူးပေါ့။

ဖြေ။ ။ ဟုတ်တယ်။ လွှတ်တော်ထဲမှာ လုံးဝ မပြောလိုက်ရဘူး။ ကျွန်မအဆိုက သုံးခါတင်တာရှင့်။ ပထမနှစ်ခါက လွှတ်တော်မှာ တင်တယ်။ ဒါကို လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ ဆုံးဖြတ်တယ်။ ဆက်လက် ဆွေးနွေးတယ်။ ပြီးလို့ရှိရင် လွှတ်တော်မှာလည်း အဆိုနှစ်ခုလုံး အောင်ပါတယ်ရှင့်။ တတိယအဆိုကကျတော့ လွှတ်တော်ထဲမှာကို မတင်သွင်းလိုက်ရတာ။                                                                                                                        

မေး။ ။ အဲ့ဒီအဆိုက ဘာအကြောင်းအရာလဲ ခင်ဗျာ။

ဖြေ။ ။ ဘာအကြောင်းအရာလည်းဆိုတော့ အီးယကနေပြီးတော့မှ ကျွန်မတို့ကို ကုန်သွယ်မှု အထူးအခွင့်အရေးတွေ ပေးထားပါတယ်။ Duty Free, Quota Free (အခွန်ကင်းလွတ်ခွင့်၊ ကန့်သတ်ပမာဏကင်းလွတ်ခွင့်)ပေါ့နော်။ အထူးအခွင့်အရေး ပေးထားပါတယ်။ အဲ့ဒီ ပေးထားတဲ့ဟာကို ဆက်လက် တည်မြဲအောင်လုပ်ဖို့ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရနဲ့ သုံးပွင့်ဆိုင် ပူးပေါင်းပြီးတော့မှ အီးယူနဲ့ စေ့စပ်ညှိနှိုင်းဖို့အတွက်ကို နောက် လွှတ်တော်ကြီးမှာလည်း ဆွေးနွေးတယ်ဆိုတော့ အီးယူကလည်း လေးလေးနက်နက် ပိုစဉ်းစားမှာပေါ့နော်။ ပြီးလို့ရှိရင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု မကျအောင်လို့ ဆိုတဲ့ သဘောမျိုး။ ရထားတဲ့ အခွင့်အရေးကို ဆက်လက် ထိန်းသိမ်းသွားဖို့အတွက် အစိုးရယ်၊ အလုပ်ရှင်ရယ်၊ အလုပ်သမားရယ် ပူးပေါင်းပြီးတော့မှ စေ့စပ်ညှိနှိုင်းပါဆိုတဲ့ အဆိုလေးပါ။

မေး။ ။ အခု (NLD)ပါတီမှာ မရှိတော့ဘူးဆိုတော့ ကျွန်တော်တို့ကြားနေတာက ဆရာမဒေါ်သက်သက်ခိုင်အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက UEC မှာ မှတ်ပုံတင်ကျတဲ့ ပါတီတစ်ခုမှာ ဦးဆောင်ပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ကော ဘာပြောနိုင်မလဲ။

ဖြေ။ ။ ဟုတ်တယ်ရှင့်။ အဲ့ဒါ ဟုတ်ပါတယ်။ ကျွန်မ ၂၀၁၈ စက်တင်ဘာလလောက်တုန်းက အဲ့လိုဖြစ်တော့လေ။ နောက်ပြီးတော့ အနှောက်အယှက်တွေကလည်း လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ သူ့ရှိတဲ့ အခွင့်အရေးအတိုင်း လွတ်လွတ်လပ်လပ် အလုပ်မလုပ်ရဘဲနဲ့ အနှောင့်အယှက်တွေဝင်တော့ ကျွန်မလည်း စဉ်းစားရပါတယ်။ စဉ်းစားတော့ တစ်သီးပုဂ္ဂလ သွားမလား၊ တစ်ခြားပါတီကို ကူးမလား၊ ဒါမှမဟုတ်ရင် ကိုယ့်ဟာကိုယ် ပါတီထောင်မလား ဆိုတော့ အဲ့ဒီ ရွေးချယ်စရာ သုံးမျိုးထဲမှာ ကျွန်မက ပါတီထောင်ဖို့ ရွေးချယ်ပါတယ်။

ဒါပေမယ့် ကျွန်မတစ်ယောက်ထဲ ထောင်တဲ့ပါတီ မဟုတ်ပါဘူး။ ကျွန်မတို့ စိတ်တူကိုယ်တူနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီးပွားရေးပညာရှင်တွေ၊ လူငယ်ပညာတတ်တွေ၊ နောက် အတွေ့အကြုံရင့်ကျက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းပြီးတော့ စုပေါင်းဦးဆောင်မှုနဲ့ ပါတီထောင်ဖို့ လုပ်ခဲ့ကြပါတယ်။

မေး။ ။ ဆိုတော့ ဒီပါတီမှာ ဆရာမက ဥက္ကဋ္ဌ တာဝန်ယူမှာလား။

ဖြေ။ ။ မဟုတ်ဘူးရှင့်။ ကျွန်မတို့ ပါတီမှာ ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေ မရွေးရသေးဘူးရှင့်။ အဓိက ကတော့ ၂၀၁၉ မတ်လ ၁၃ရက်နေ့မှာ ပါတီတည်ထောင်ခွင့် လျှောက်ရာ၇နေ  အခု ၂၀၁၉ အောက်တိုဘာ ၂၃ရက်နေ့မှာ ပါတီမှတ်ပုံတင် ကျပါတယ်။ ပါတီမှတ်ပုံတင်အမှတ် ၁၂၂နဲ့ “ပြည်သူ့ရှေ့ဆောင်ပါတီ” ဆိုပြီး ကျပါတယ်၊

ကျတဲ့အခါကျတော့ အခုကတော့ ပါတီဝင်တွေ စည်းရုံးတဲ့ကာလ အခါမှ စပါတယ်။ ပြီးလို့ရှိရင် ပါတီမိတ်ဆက်ဆိုပြီး မီဒီယာနဲ့ သတင်းစာရှင်းလင်းပွဲတွေ ဆက်လုပ်ပါမယ်။

မေး။ ။ လတ်တလောမှာ အများပြည်သူသိရအောင်လို့ ပါတီရဲ့ မူဝါဒကို ပြောပြလို့ ရမလား။

ဖြေ။ ။ ပါတီရဲ့ မူဝါဒတွေ ကျွန်မတို့ တော်တော်လေး လုပ်ထားတယ်။ ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွေတော့ ကျွန်မတို့ သေချာလုပ်ထားတယ်။ ဒါပေမယ့် အခု လတ်တလောတော့ ကျွန်မ ပါတီအကြောင်း မပြောသေးဘဲနဲ့ မီဒီယာသတင်းစာရှင်းလင်းပွဲကျမှ ကျွန်မ ပြောမယ်။ ဒါ ကျွန်မတစ်ယောက်ထဲ လုပ်ထားတဲ့အလုပ် မဟုတ်ဘူးလေ။ အများနဲ့ စုပေါင်းဦးဆောင်ပြီး လုပ်ထားတဲ့အခါကျတော့ အများနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ပါမယ်။

မေး။ ။ လက်ကျန်သက်တမ်းအတွင်း လွှတ်တော်ထဲမှာ ဘယ်လို ရပ်တည်သွားမလဲ

ဖြေ။ ။ ကျွန်မ ခနတော့ တသီးပုဂ္ဂလ ဖြစ်မှာပေါ့။ ပြီးရင်တော့ “ပြည်သူ့ရှေ့ဆောင်ပါတီ” ကို ကျွန်မ ဝင်မှာရှင့်။ အဲ့ကျရင်တော့ ပါတီရဲ့ မူဝါဒတွေအတိုင်းပဲ ရပ်တည်သွားမယ်။

မေး။ ။ NLD ပါတီဟာ နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်နီးပါးအတွင်းမှာ ဒီမိုကရေစီရေး အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို တစ်စိုက်မတ်မတ် ကိုင်စွဲလာခဲ့တာပေါ့လေ။ ဆိုတော့ ဒီဘက်နောက်ပိုင်း ကိုယ်တိုင်လည်း ပါတီဝင် လွှတ်တော်အမတ်တစ်ယောက်ဖြစ်လာတဲ့အခါမှာ ပါတီက ကိုင်စွဲလာတဲ့ စံနှုန်းတွေ အပြည့်အဝ မရဘူးလို့ ခံစားရလို့ အခုလို နှုတ်ထွက်တာလား။

ဖြေ။ ။ ဟုတ်တယ်ရှင့်။ ကျွန်မ ခုနက သာဓကတွေ ပြောခဲ့ပြီးပြီလေ။ မီဒီယာနဲ့ပြောလည်း ကျွန်မ အပြစ်ဖြစ်တယ်။ ပြီးလို့ရှိရင် ကျွန်မကို မကြိုက်တာနဲ့တင် ပါတီထဲကနေ ဥပဒေမဲ့ တာဝန် ရပ်ဆိုင်းတယ်။ ဒါမျိုးတွေလုပ်တယ်ပေါ့နော်။ ပြီးရင် ဥပဒေအရ ကျွန်မ ရရှိထားတဲ့ လွှတ်တော်ကိုယ်စားလှယ် အခွင့်အရေးကိုလည်း အပြည့်အဝ အသုံးချလို့ မရဘူးပေါ့နော်။ အနှောက်အယှက်တွေ ဝင်တယ်။ ဒါမျိုးတွေ ရှိတယ်ဆိုတော့လေ။

ဒီမိုကရေစီအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာတာအတွက်ကို NLD ကို ကျွန်မတို့က ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တစ်ကယ့် တိုင်းပြည်တည်ဆောက်ရေးကာလ၊ ဒီမိုကရေစီ တစ်ကယ် အကောင်အထည်ဖော်တဲ့ကာလမှာတော့ အပြောနဲ့အလုပ် မညီတာ ဖြစ်နေတာပေါ့။

မေး။ ။ ၂၀၂၀ နိုင်ငံရေး ရည်မှန်းချက်က ဘာဖြစ်မလဲ။ ဘယ်လိုလူမျိုးတွေ၊ ဘယ်လိုပါတီမျိုးတွေနဲ့ မိတ်ဖက်လုပ်မလဲ။

ဖြေ။ ။ ကျွန်မကတော့ (ပြည်သူ့ရှေ့ဆောင်)ပါတီအနေနဲ့ အခု ၂၀၂၀မှာ တာထွက်မှာပေါ့။ တာထွက်မှာဆိုတဲ့အခါကျတော့ ကျွန်မတို့ကတော့ ကိုယ်နဲ့ မူဝါဒချင်း ကိုက်ညီတဲ့ လူ၊ ဘယ်ပါတီမဆို ကျွန်မတို့က လက်တွဲနိုင်ပါတယ်။ ပါတီရဲ့ မိတ်ဆွေ၊ ပါတီရဲ့ မဟာမိတ် ဘယ်သူနဲ့မဆို ကျွန်မတို့က လက်တွဲနိုင်ပါတယ်။ အဓိကတော့ ရန်သူ မရှိချင်ဘူးပေါ့နော်။ လူတိုင်း၊ လူတိုင်းက ဘယ်နိုင်ငံရေးပါတီပဲ ဖြစ်ဖြစ် မြန်မာ့နိုင်ငံရေးကို လုပ်ကြတယ်။ မြန်မာနိုင်ငံကောင်းကျိုးအတွက်ကို ဝိုင်းပြီး လုပ်ကြတယ်ဆိုတော့ ကျွန်မတို့က ဘယ်သူနဲ့ဖြစ်ဖြစ် မူဝါဒချင်းတူတယ်၊ စိတ်သဘောထားချင်း တိုက်ဆိုင်တယ်ဆိုရင် လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ ရှင့်။

မေး။ ။ ဆရာမ ဒေါ်သက်သက်ဆိုင်ရဲ့ အနာဂတ် နိုင်ငံရေး ရည်မှန်းချက်၊ မျှော်မှန်းချက်ကကော

ဖြေ။ ။ ကျွန်မကတော့ ဒီနိုင်ငံရေးဖြစ်စဉ်ကြီးထဲမှာ ပါချင်တယ်။ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပါပြီးတော့ တိုင်းပြည်တည်ဆောက်ရေးမှာ ထိထိရောက်ရောက်  ပါဝင်ချင်တာပါ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly