တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်စမှုကို မလေးရှားပြင်းထန်စွာဝေဖန်

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်စမှုကို မလေးရှားပြင်းထန်စွာဝေဖန်

ပေကျင်း၊ အောက်တိုဘာ ၁၉ ။             ။ တောင်တရုတ်ပင်လယ်၏ အငြင်းပွားနေရာတွင် ရှိနေသော ကျွန်းများပေါ်တွင် တရုတ်က ဆောက်လုပ်ရေးလုပ်ငန်းများ ပြုလုပ်နေခြင်းသည် မတရားရန်စမှု   ဖြစ်သည်ဟု မလေးရှား၏ လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲက အောက်တိုဘာ ၁၈ တွင် ပြောကြားလိုက်ရာ ပင်လယ်များတွင် အငြင်းပွားမှုရှိနေသည့် နိုင်ငံတစ်ခုမှ ပြတ်ပြတ်သားသား လူသိရှင်ကြားဝေဖန်လိုက်ခြင်းဖြစ်သည်။

အငြင်းပွားမှုများတွင် တရုတ်သည် အရှေ့တောင်အာရှနိုင်ငံအချို့အထူးသဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့နှင့် ဆက်ဆံရေးမှာ ၎င်း၏ စိုးမိုးလိုသည့် လေသံဖြင့် ပြောကြားချက်များကြောင့် တင်းမာလျက်ရှိသည်။ နှစ်စဉ်ကုန်သွယ်မှုတန်ဘိုး အမေရိကန် ၅ ထရီလီယံမှာ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းလျက်ရှိသည်။

လွန်ခဲ့သည့်နှစ်က တရုတ်ကဆောက်လုပ်ခဲ့သည့် ကျွန်းတုများမှာ အရပ်ဘက်သုံးဖြစ်သည်ဟု တရုတ်က ပြောကြားနေသော်လည်း ဝါရှင်တန်က ပြင်းပြင်းထန်ထန်ဝေဖန်လျက်ရှိသည်။

တောင်တရုတ်ပင်လယ်ရှိကျွန်းများပေါ် ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ တရုတ်၏ မျှတမှုမရှိသည့် ရန်စမှုပြသနာကို တရားဝင်ပြောကြားလိုကြောင်း မလေးရှားလက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲ ဇူလ်ကက်ဖ်လီမော့ဒ်ဇင်က ပေကျင်းတွင် ပြုလုပ်သော လုံခြုံရေးဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။

တရုတ်က ၎င်းတို့၏ ဆောက်လုပ်မှုမှာ အရပ်ဘက်ဆိုင်ရာရည်ရွယ်ချက်များ၊ ပင်လယ်ရေကြောင်းဆိုင်ရာ သုတေသနများအတွက်အပြင် တောင်တရုတ်ပင်လယ်တွင် သင်္ဘောများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ဖြစ်သည်ဟု တရုတ်က ပြောကြားထားကြောင်းလည်း ၎င်းကပြောသည်။

"တရုတ်ရဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ အချိန်က စကားပြောပါလိမ့်မယ်။ တချိန်ထဲမှာ ဒီကျွန်းတွေ တည်ဆောက်ခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ တရုတ်အစိုးရရဲ့ အကြောင်းပြချက်တွေကို ကျွန်တော်တို့ လက်ခံထားရမှာပါ"ဟု ဇူလ်ကက်ဖ်လီက ပြောသည်။ ရည်ရွယ်ချက်ကောင်းများအတွက် ဖြစ်ရန်မျှော်လင့်ကြောင်းလည်း ၎င်းကပြောသည်။

မလေးရှားသည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားပိုင်နက်နှင့် ပတ်သက်၍ ကိုင်တွယ်ရာတွင် ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့် မတူဘဲ ယေဘုယျအားဖြင့် သတိထား၍ ကိုင်တွယ်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly