ယခင်ဘုံဘေဘားမားကုန်သွယ်ရေးကော်ပိုရေးရှင်းလီမိတက်တွင် အပြာရောင် ကဗ္ဗည်းပြား တပ်ဆင်

ယခင်ဘုံဘေဘားမားကုန်သွယ်ရေးကော်ပိုရေးရှင်းလီမိတက်တွင် အပြာရောင် ကဗ္ဗည်းပြား တပ်ဆင်
ဓာတ်ပုံ - နန့်ခိုင်

ရန်ကုန်၊ အောက်တိုဘာ ၃၁ ။    ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့်မြန်မာအမျိုးသားလေကြောင်းလိုင်းတို့  ပူးပေါင်းဆောင်ရွက်မှုဖြင့် ယခင်ဘုံ ဘေဘားမား ကုန်သွယ်ရေးကော်ပိုရေးရှင်း လီမိတက် (ယခု မြန်မာအမျိုးသားလေကြောင်းရုံးချုပ်)တွင် အပြာရောင် ကမ္ဗည်းပြား( Blue Plaque)ကို အောက်တိုဘာ ၃၁ ရက်နေ့က တပ်ဆင်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန် မြို့ပြ အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာအမျိုးသားလေကြောင်းရုံးချုပ်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 “ ဒီမ္ဗည်းပြားတပ်ခြင်းအားဖြင့် သမိုင်းကိုပိုသိလာမယ်။ သမိုင်း အမွေအနှစ်ကိုလည်း ထိန်းသိမ်း စောင့်ရှောက်လာနိုင်မယ်။ လူငယ်တွေကြားမှလည်း အမွေအနှစ်ဆိုတဲ့ စကားက ပေါက်ပေါက် ရောက်ရောက် ရှိလာမယ်လို့ ယုံကြည်ပါတယ်” ဟု ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့မှ စီမံချက်အရာရှိ ဦးသူရိန်အောင်က ဆိုသည်။

 အောက်တိုဘာ ၃၁ ရက်နေ့က ရန်ကုန်မြို့၊ကမ်းနားလမ်းတစ်လျှောက်သက်တမ်းအရင့်ဆုံး အဆောက်အဦများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းရုံးချုပ်ကို မြန်မာမြို့ပြအမွေအနှစ် အဆောက် အအုံတစ်ခုအဖြစ် သတ်မှတ်ကာ မြန်မာ၊အင်္ဂလိပ်နှစ်ဘာသာပါ အပြာရောင်ကမ္ဗည်းပြား (  Blue Plaque )တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။

 “ ရည်ရွယ်ချက်ကတော့ အပြာရောင်ကမ္မည်းပြားတွေတပ်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့က ရန်ကုန်မြို့ရဲ့သမိုင်းကိုသွားရင်းလာရင်း သိနိုင်ပါတယ်။ ကျွန်တော်တို့က အပြာရောင် ကမ္မည်း ပြားတွေကို အများပြည်သူတွေ မြင်သာတဲ့နေရာမှာပဲ တပ်ထားတာဖြစ်ပါတယ်။ အင်္ဂလိပ် ၊ မြန်မာ နှစ်ဘာသာဖြင့် တပ်ဆင်ထားတဲ့အတွက် မြို့ခံလူတွေနဲ့ နိုင်ငံတကာ လာရောက်လည်ပတ်တဲ့ ပြည်သူတွေရောမြို့ရဲ့သမိုင်းကို အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုသိခြင်းအားဖြင့် ရန်ကုန်မြို့ ဆိုတာ တစ်ကယ့်သမိုင်းကြောင်း ရှိခဲ့တယ်မြို့ဆိုတာ သိမယ်။ နောက်တစ်ချက်က အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှ အများပြည်သူ ပိုစိတ်ဝင်စားစေဖို့ ရည်ရွယ်ပါတယ်။ ဒီအဆောက် အအုံတွေက ထိန်းသိမ်းရမယ့် အဆောက်အအုံဆိုတာသိလာမယ်ဆိုရင် ဒီအဆောက်အအုံတွေကို အသုံးပြုတဲ့သူတွေ ၊ ပြည်သူတွေကော အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှ ပိုပြီးတော့ အာရုံစူးစိုက်လာမယ်။ စိတ်ဝင်စားမယ်လို့ မျှော်လင့်လာပါတယ်” ဟု  ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ စီမံချက်အရာရှိ ဦးသူရိန်အောင်က ဆက်ပြောသည်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့  (Yangon Heritage Trust ) က ရန်ကုန်ရှိ အမွေအနှစ် အဆောက်အအုံများတွင် အပြာရောင်ကမ္ဗည်းပြားများတပ်ဆင်ခြင်း လုပ်ဆောင်မှုများကို ၂၀၁၄ ခုနှစ် ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး ယခု မြန်မာအမျိုးသားလေကြောင်းရုံးချုပ်တွင် ၃၄ ခုမြောက် တပ်ဆင်ခြင်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required