ပြိုင်ကားဖြင့်တိုက်မိ၍ လူငယ်နှစ်ဦးသေဆုံးခဲ့မှုအတွက် ပြိုင်ကားမောင်းနှင်သူကို အလုပ်နှင့် ထောင်ဒဏ်များချမှတ်

ပြိုင်ကားဖြင့်တိုက်မိ၍ လူငယ်နှစ်ဦးသေဆုံးခဲ့မှုအတွက် ပြိုင်ကားမောင်းနှင်သူကို အလုပ်နှင့် ထောင်ဒဏ်များချမှတ်
( ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ )

မန္တလေး၊ အောက်တိုဘာ ၃၁။        ။ မန္တလေးတိုင်းဒေသကြီးအတွင်း ပြိုင်ကားဖြင့်တိုက်မိ၍ လူငယ်နှစ်ဦးသေဆုံးခဲ့မှုအတွက် အောင်မြေ သာစံမြို့နယ် တရားရုံးတွင် အောက်တိုဘာလ ၃၁ ရက်၊ မွန်းလွဲ ၁ နာရီက ပြိုင်ကား  မောင်းနှင်သူကို အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်လိုက်သည်။

"တရားခံ သန်းထိုက်အောင်အပေါ်မှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က)နဲ့ စွဲဆိုထားတဲ့အမှု။ အဲဒီအမှုမှာတော့ တရားခံသန်းထိုက်အောင်အပေါ်မှာ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၂၇၉ နဲ့စွဲဆိုထားတဲ့ အမှုမှာတော့အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။"ဟု အောင်မြေသာစံမြို့နယ်တရားရုံးမှ သတင်းနှင့်ပြန်ကြားရေးအရာရှိ ဒေါ်မြင့်မြင့်ချစ်ကျော်က မဇ္ဈိမကို ပြောသည်။

မန္တလေးမြို့တွင် နိုဝင်ဘာ(၈)ရက် ည(၁၂)နာရီအချိန်ခန့်က သန်းထိုက်အောင်အသက်(၂၆)နှစ် မောင်းနှင်လာသည့် MDY ၆H/----- Toyot lexus Sallon အနီရောင်ပြိုင်ကားသည် ၇၈လမ်းအတိုင်း တောင်မှမြောက် သို့မောင်း နှင်လာစဉ် ၂၆လမ်းမီးပွိုင့်အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လားရာတူ ရှေ့တွင် မီးနီရပ်စောင့်နေသော မောင်လွင်မင်းသန့် အသက်(၂၃)နှစ်၊ ဥပဒေနောက်ဆုံးနှစ် ကျောင်းသား(ရတနာပုံတက္ကသိုလ်)၊ မောင်ကျော်ဇင်သက် အသက်(၂၆)နှစ်သင်္ဘောသားတို့မောင်းနှင်လာသည့် Honda Click-125အနက်ရောင်ဆိုင်ကယ်အား နောက်မှ ဝင်တိုက်မိ၍ သေဆုံးခဲ့သော အမှုဖြစ်သည်။

၎င်းအမှုကို တရားလိုဖြစ်သူ ရဲအုပ်သန်းဇော်ဦးက ရာကြီးမှုအမှတ်- ၁၆၉၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)ဖြင့်လည်းကောင်း၊ တရားလိုဖြစ်သူ ရဲအုပ်စိုးဝင်းသန်းက ရာကြီးမှုအမှတ်- ၁၆၉၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၂၇၉ဖြင့်လည်းကောင်း ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလ ၇ ရက်နေ့က အောင်မြေသာစံ မြို့နယ်တရားရုံးသို့ တရားစွဲတင်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၃၁ရက် (ယနေ့)တွင် အမိန့်ချလိုက် ခြင်း ဖြစ်သည်။

"ထိုက်တန်တဲ့ ပြစ်ဒဏ်ချမှတ်ပေးတဲ့အတွက် မြို့နယ်တရားသူကြီးကို ကျေးဇူးတင်ပါတယ်။"ဟု သေဆုံးသူတစ်ဦး၏ ဖခင်ဖြစ်သူက အမိန့်ချအပြီးတွင် ပြောသည်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly