ခံတွင်းကင်ဆာအကြောင်း တစေ့တစောင်း

ခံတွင်းကင်ဆာအကြောင်း တစေ့တစောင်း

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ပါးစပ်၊ လျှာ၊ နှုတ်ခမ်း သို့မဟုတ် လည်ချောင်းအတွင်း တစ်သျှူးကနေ ကင်ဆာဆဲလ်တွေ ပွားများလာပြီး ခံတွင်းကင်ဆာကို ဖြစ်စေပါတယ်။ များသောအားဖြင့် အသက် ၄၀ နောက်ပိုင်း လူလတ်ပိုင်းအရွယ်တွေမှာ အဖြစ်များပြီး လည်ပင်းမှာရှိတဲ့ ပြန်ရည်ကြောအထိကို ကင်ဆာဆဲလ်တွေ ပျံ့နှံ့လာတဲ့အချိန်မှသာ ကိုယ့်မှာ ခံတွင်းကင်ဆာရှိတယ်ဆိုတာကို သတိထားမိတတ်ကြပါတယ်။ ခံတွင်းကင်ဆာသည် စောစီးစွာ သိပြီး ကုသမှုခံယူမယ်ဆိုရင် အသက်ရှင်နိုင်ခြေပိုများနိုင်ပါတယ်။
ခံတွင်းကင်ဆာ အမျိုးအစားဘယ်နှစ်မျိုးရှိလဲ။

• နှုတ်ခမ်းကင်ဆာ
• လျှာကင်ဆာ
• ပါးစောင်ကင်ဆာ
• သွားဖုံးကင်ဆာ
• လျှာအောက်မှာဖြစ်တတ်တဲ့ ခံတွင်းကင်ဆာ
• အာခေါင်ကင်ဆာဆိုပြီး အမျိုးမျိုး ရှိပါတယ်။
ဘယ်လိုလူတွေမှာ ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ပိုများလဲ။

ဆေးလိပ်၊ ကွမ်း၊ ဆေးရွက်ကြီး သုံးစွဲသူတွေ၊ အရက်အလွန်အကျွံသောက်သူတွေမှာ တခြားသူတွေထက်ပိုပြီး ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ပိုပြီးများနိုင်ပါတယ်။ တခြားဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေကတော့

• လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း
• နေရောင်ခြည်ဒဏ်နဲ့ မျက်နှာကို အကာအကွယ်မပါဘဲ အမြဲတမ်းလိုလို ထိတွေ့ခြင်း
• မိသားစုမျိုးရိုးမှာ ခံတွင်းကင်ဆာဖြစ်ခဲ့ဖူးတာ
• ကိုယ်ခံအားစနစ် အားနည်းနေတာ၊ သို့မဟုတ် အားနည်းစေတဲ့ ရောဂါတွေရှိနေတာ
• အစာအာဟာရ မျှတစွာ မစားသုံးတာ
• ခံတွင်းကို သန့်ရှင်းအောင်မထားတာ၊ သွားသေချာမတိုက်တာ
• မိဘတွေမှာ မဖြစ်ခဲ့ဖူးပေမဲ့ ကိုယ့်အလှည့်မှသာ ပါလာတဲ့ မျိုးရိုးဗီဇကြောင့် ရောဂါဖြစ်ခြင်း
• အမျိုးသားတွေဆိုရင်လည်း ပိုပြီးဖြစ်နိုင်ခြေရှိပါတယ်။

လေ့လာချက်အရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ၂ဆပိုများတယ်လို့ တွေ့ရှိထားပါတယ်။
ခံတွင်းကင်ဆာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

• နှုတ်ခမ်း၊ ပါးစပ်ထဲမှာ အနာတွေ ပေါက်နေပြီး တော်ရုံနဲ့ မပျောက်တာ
• ပါးစပ်ရဲ့ မည်သည့်နေရာမှာမဆို အကျိတ်၊ အလုံးကြီးဖြစ်နေတာ
• မကြာခဏဆိုသလို ခံတွင်းနဲ့ သွားဖုံးကနေ သွေးယိုစီးနေတာ
• သွားတွေက ချောင်ပြီး နည်းနည်းထိလိုက်တာနဲ့ လှုပ်နေတာ
• အစာ၊ ရေမျိုချရခက်တာ၊ နာကျင်တာ
• အံစွပ်ကပ်တဲ့အခါ အခက်အခဲဖြစ်တာ
• လည်ပင်းမှာ အဖုအခဲဖြစ်နေတာ
• နားကိုက်တာ လုံးဝမသက်သာခြင်း
• သိသိသာသာ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း
• အောက်နှုတ်ခမ်း၊ မျက်နှာ၊ လည်ပင်း၊ မေးစေ့ထုံကျင်နေခြင်း
• ပါးစပ်၊ နှုတ်ခမ်းပေါ်မှာ အဖြူရောင် သို့မဟုတ် အနီရောင်အနာကွက်တွေ ပေါက်နေခြင်း
• လည်ချောင်းနာခြင်း
• မေးရိုးနာကျင်ခြင်း၊ တောင့်တင်းနေခြင်း
• လျှာနာကျင်ခြင်း

အပေါ်မှာ ပြောထားတဲ့ လက္ခဏာတော်တော်များများ ဖြစ်နေတယ်၊ လုံးဝလည်း မသက်သာလာဘူးဆိုရင်တော့ သွားဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသကြည့်သင့်ပါတယ်။
ခံတွင်းကင်ဆာရှိမရှိ ဘယ်လိုသိနိုင်မလဲ။

အရင်ဆုံး ကိုယ့်မှာ ခံတွင်းနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေ တွေ့နေရတယ်ဆိုရင် သွားနဲ့ ခံတွင်းဆေးခန်းမှာ ဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ လူနာရဲ့ ပါးစပ်အပေါ်ဘက်နဲ့ အောက်ကြမ်းပြင်၊ လည်ချောင်းအနောက်ဘက်၊ လျှာ၊ ပါးစောင်၊ လည်ပင်းမှာရှိတဲ့ ပြန်ရည်ကြောတွေကို အနီးကပ်စစ်ဆေးမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုနဲ့ ထပ်ပြသရမှာဖြစ်ပြီး အထူးကုဆရာဝန်အနေနဲ့ သံသယဖြစ်ရလောက်တဲ့ အကျိတ်၊ အလုံး၊ ဒဏ်ရာတွေ တွေ့တယ်ဆိုရင်တော့ ဒီအကျိတ်တစ်သျှူးစ အနည်းငယ်ကို ယူပြီး ကင်ဆာဆဲလ်တွေ ရှိမရှိ ဓာတ်ခွဲခန်းမှာ စစ်ဆေးရမှာဖြစ်ပါတယ်။
လိုအပ်တဲ့ စစ်ဆေးမှုတွေကတော့

• ကင်ဆာဆဲလ်တွေက မေးရိုး၊ ရင်ဘတ်၊ အဆုတ်ထိ ပျံ့နှံ့ခြင်းရှိမရှိ စစ်ဆေးဖို့ X-Ray ဓာတ်မှန်ရိုက်ခြင်း
• ပါးစပ်၊ လည်ချောင်း၊ လည်ပင်း၊ အဆုတ်နဲ့ တခြားကိုယ်တွင်းကလီစာတွေမှာ အကျိတ်လုံး ရှိမရှိ စစ်ဆေးဖို့ CT Scan ဖတ်ခြင်း
• ပြန်ရည်ကြောနဲ့ တခြားကိုယ်တွင်းကလီစာထိ ကင်ဆာဆဲလ်တွေ ပျံ့နှံ့ခြင်းရှိမရှိ သေချာသိရဖို့ PET Scan ဖတ်ခြင်း
• ဦးခေါင်းနဲ့ လည်ပင်းရဲ့ အနေအထား၊ အချိုးအစားကို ပိုပြီးတိတိကျကျသိစေဖို့၊ ကင်ဆာရဲ့ ရောဂါအဆင့်ဘယ်လောက်ထိ ဆိုးရွားနေပြီလဲဆိုတာကို စစ်ဆေးဖို့ MRI Scan ဖတ်ခြင်း
• နှာခေါင်းနှင့် အသက်ရှူလမ်းကြောင်း၊ လည်ချောင်း၊ လေပြွန်၊ အစာအိမ်လမ်းကြောင်းကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်း တွေကို အဆင့်ဆင့် ပြုလုပ်ရမှာဖြစ်ပါတယ်။
ခံတွင်းကင်ဆာ အဆင့်ဘယ်နှစ်ဆင့် ရှိလဲ။

အဆင့် (၁) – ကင်ဆာအကျိတ်သည် ၂စင်တာမီတာထက်သေးပြီး ပြန်ရည်ကြောထိ မပျံ့နှံ့သေးတဲ့ အခြေအနေ

အဆင့် (၂) – ကင်ဆာအကျိတ်သည် ၂-၄ စင်တီမီတာအရွယ်အစားရှိပြီး ပြန်ရည်ကြောထိ မပျံ့နှံ့သေးတဲ့ အခြေအနေ

အဆင့် (၃) – ကင်ဆာအကျိတ်သည် ၄စင်တီမီတာထက်ကြီးပြီး ပြန်ရည်ကြောထိ မပျံ့နှံ့သေးတဲ့ အခြေအနေ၊ သို့မဟုတ် ပြန်ရည်ကြောတစ်ခုကိုသာ ပျံ့နှံ့ပြီး တခြားကိုယ်တွင်းအစိတ်အပိုင်းတွေထိ မပျံ့နှံ့သေးတဲ့ အခြေအနေ

အဆင့် (၄) – ကင်ဆာအကျိတ်သည် အရွယ်အစားအမျိုးမျိုး ရှိနေနိုင်ပြီး ကင်ဆာဆဲလ်တွေဟာ နီးစပ်ရာ တစ်သျှူး၊ ပြန်ရည်ကြော၊ တခြားကိုယ်တွင်းအစိတ်အပိုင်းထိ ပျံ့နှံ့ပြီးတဲ့အခြေအနေ၊ အန္တရာယ်အများဆုံး အခြေအနေ ဆိုပြီး အဆင့် ၄ ဆင့် ရှိပါတယ်။
ခံတွင်းကင်ဆာအတွက် ဘယ်လိုကုသမှုမျိုး ပြုလုပ်နိုင်လဲ။

ကင်ဆာကုထုံးသည် ကင်ဆာအကျိတ်ပေါက်တဲ့ နေရာ၊ အမျိုးအစားနဲ့ ကင်ဆာရောဂါ အဆင့်ပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။
၁။ ခွဲစိတ်ကုသခြင်း (Surgery)

အစောပိုင်း ကင်ဆာအဆင့်တွေမှာ ဖြစ်နေတဲ့ အကျိတ်နဲ့ ကင်ဆာဆဲလ်ပျံ့နှံ့နေတဲ့ ပြန်ရည်ကြောကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်ပါတယ်။ တခြားထပ်ဆောင်းအနေနဲ့ ခံတွင်းနဲ့ လည်ပင်းမှာရှိနေတဲ့ တစ်သျှူးတချို့ကို ဖယ်ထုတ်ပစ်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
၂။ ဓာတ်ရောင်ခြည် ကုထုံး (Radiation Therapy)

အစောပိုင်း ကင်ဆာအဆင့်အတွက် ကုသမှုနောက်တစ်မျိုးဖြစ်ပြီး ခွဲစိတ်အထူးကုဆရာဝန်ကိုယ်တိုင် ကင်ဆာအကျိတ်ကို ဓာတ်ရောင်ခြည်ထိုးပြီး ကုသပေးတာဖြစ်ပါတယ်။ တစ်နေ့ကို တစ်ကြိမ်မှ နှစ်ကြိမ်၊ တစ်ပတ်ကို ၅ရက်၊ ရောဂါအခြေအနေပေါ် မူတည်ပြီး ၂ပတ် မှ ၈ပတ်ထိ ကုသချိန်ကြာမြင့်နိုင်ပါတယ်။ ရောဂါကျွမ်းနေတဲ့အဆင့်မှာတော့ ကင်ဆာဆေးရည်သွင်းခြင်း (Chemotherapy) နဲ့ ဓာတ်ရောင်ခြည်ကုထုံး ၂မျိုးလုံးဖြင့် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
၃။ ကင်ဆာဆေးရည်သွင်းခြင်း (Chemotherapy)

ကင်ဆာဆဲလ်တွေကို အဓိကသေစေတဲ့ ဆေးရည်ကို Intravenous (IV) သွေးကြောအတွင်း ထိုးသွင်းတဲ့ ကင်ဆာကုထုံးဖြစ်ပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး ဆေးရုံတက်ပြီး ကုသမှုခံယူဖို့လည်း လိုအပ်နိုင်ပါတယ်။
၄။ ကင်ဆာဆဲလ်ပစ်မှတ်ထား ကုထုံး (Targeted Therapy)

ကင်ဆာအစောပိုင်းကာလမှာရော နှောင်းပိုင်းကာလမှာပါ အသုံးပြုနိုင်ပါတယ်။ အဓိက ကင်ဆာဆဲလ်တွေကိုသာ ပစ်မှတ်ထားပြီး တခြားနေရာကို ဆက်ပြီးမပျံ့ပွားစေဖို့၊ ဆက်မကြီးထွားလာစေဖို့ ထိန်းပေးထားတဲ့ သတ်မှတ်ထားတဲ့ ပရိုတင်းဆေးဝါးတွေနဲ့ ရောဂါကိုထိန်းချုပ်ပေးတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။
၅။ အစာအာဟာရ ဂရုစိုက်ကျွေးမွေးခြင်း (Nutrition)

ကင်ဆာကုထုံး ကုသမှုခံယူနေစဉ်မှာ လူနာရဲ့ ကိုယ်ခံအားစနစ်ကို ကျမသွားစေဖို့၊ တခြားရောဂါတွေ ဝင်မလာစေဖို့နဲ့ ကျန်းမာစေဖို့၊ ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာအလုပ်လုပ်နိုင်စေဖို့ အစာအာဟာရကို သေချာဂရုစိုက်ပြီး စားသုံးဖို့ လိုအပ်ပါတယ်။ ကင်ဆာကုထုံးသည် လူနာကို ခံတွင်းပျက်စေခြင်း၊ အစာစားရခက်ခဲစေခြင်း၊ ကိုယ်အလေးချိန်ကျစေတဲ့အတွက် လူနာအတွက် အဓိကစားပေးသင့်တဲ့ အစားအစာတွေကို ဆရာဝန်နဲ့ သေချာတိုင်ပင်ထားဖို့ လိုပါတယ်။
၆။ ခံတွင်းကို သန့်ရှင်းအောင်ထားခြင်း

ခံတွင်းကင်ဆာကို ကုသနေတဲ့အချိန်မှာ ကိုယ့်ရဲ့ခံတွင်းကို မသန့်ရှင်းဘဲ ဖြစ်ချင်ရာဖြစ် ပစ်ထားလို့မရပါဘူး။ သွားကို တစ်နေ့ ၂ကြိမ်သေချာတိုက်မယ်၊ သွားပွတ်ကြိုး၊ လျှာခြစ်တံ အသုံးပြုရပါမယ်။ ရေများများသောက်၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက် များများစားပြီး ခံတွင်းကို ခြောက်မနေဘဲ စိုစွတ်နေစေဖို့နဲ့ သွားဖုံးသန့်ရှင်းနေစေဖို့ သေချာဂရုစိုက်ပေးရပါမယ်။

ခံတွင်းကင်ဆာသည် ကုသမှုခံယူနေစဉ်မှာရော၊ သက်သာသွားပြီးနောက်မှာပါ ဆရာဝန်နဲ့ အမြဲပြသနေပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးနေဖို့ လိုအပ်ပါတယ်။ ကင်ဆာရောဂါရဲ့ ပြင်းထန်မှုနဲ့ သက်သာခြင်းသည် လူနာရဲ့ အသက်အရွယ်၊ ကျန်းမာရေး၊ ကိုယ်ခံအားစနစ်၊ ကင်ဆာကုထုံးပေါ် ခံနိုင်ရည်စွမ်း စတာတွေအပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက်မတူညီပါဘူး။ ဒါကြောင့် စောစောသိလေ ကုသမှုအောင်မြင်နိုင်ခြေ ပိုများတဲ့အတွက် သွားဆရာဝန်နဲ့ ၆လတစ်ကြိမ် ပုံမှန်ပြသစစ်ဆေးပြီး ကိုယ့်ရဲ့ ခံတွင်းကျန်းမာရေးကို မျက်ခြေမပြတ်စောင့်ကြည့်တာ အကောင်းဆုံးပဲလို့ အကြံပေးလိုက်ချင်ပါတယ်။

အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly