ဒေသခံများ ကန့်ကွက်ဆန္ဒပြခဲ့သော်လည်း နေပူတောင် ကျောက်ထုတ်လုပ်မှု ရပ်တန့်ခြင်းမရှိသေး

ဒေသခံများ ကန့်ကွက်ဆန္ဒပြခဲ့သော်လည်း နေပူတောင် ကျောက်ထုတ်လုပ်မှု ရပ်တန့်ခြင်းမရှိသေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် တည်ရှိသည့် နေပူတောင်ကျောက်ထုတ်လုပ်မှု စီမံကိန်းအား ဒေသခံအများစုက ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သော်လည်း ရပ်တန့်ခြင်းမရှိသေးကာ ဆက်လက် ကျောက်ထုတ်လုပ်နေသေးကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ ကျောက်ထုတ်လုပ်မှုလုပ်ငန်းအား ဗီယာနမ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် MYSICO ကုမ္ပဏီမှ နေအိမ်အလှဆင် မာဘယ်ကျောက်ပြားများအဖြစ် ထုတ်လုပ်နေခြင်းဖြစ်ပြီး ယင်းသို့ ထုတ်လုပ်နေမှုမှာ တစ်နှစ်ခွဲခန့် ကြာမြင့်ပြီဖြစ်ကြောင်းလည်း တောင်ကုတ် လူမှုကွန်ယက်အဖွဲ့မှ ဦးဇေယျာကျော်က ပြောကြားသည်။

“သူတို့ကအခု တောင်ရဲ့အပေါ်ပိုင်းကို ဖြတ်နေကြတာလေ။ နောက်ဆိုရင်တောင်မကြီးတွေကိုပါ လှိုဏ်ဖြစ်သွားအောင် တူးသွားကြမှာ။ တစ်တုံးက ဆယ်တန်ဝန်းကျင် လောက်ကိုရှိတယ်။ အဲဒါကို ဆယ်နှစ်ဘီးကားနဲ့ ခြောက်တုံးလောက်သယ်ပြီး ရန်ကုန်ကိုပို့နေကြတယ်။ ကျွန်တော်ပြော ချင်တာကတော့ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ သယံဇာတတွေကို ကျွန်တော်တို့သဘောမတူဘဲ အတင်းထုတ်လုပ်နေကြတယ်ဆိုတော့ မကောင်းဘူးပေါ့ဗျာ။ ကျွန်တော်ကတော့ ဒီစီမံကိန်းကို ရပ်တန့်စေချင်တယ်။ ” ဟုလည်း ဦးဇေယျာကျော်ကပြောသည်။

နေပူတောင် ကျောက်ထုတ်လုပ်မှုစီမံကိန်းတွင် အလုပ်လုပ်ကိုင်နေကြသူများသည် လစာကျပ်ငွေ တစ်သိန်းခွဲရရှိကြပြီး မနက်စာတစ်နပ်ကိုကုမ္ပဏီမှ ကျွေးကာ ယင်းကျောက်ထုတ်လုပ်မှုကို ၂၀၁၃ ခုနှစ်မှစတင် လုပ်ဆောင်နေကြခြင်းဖြစ် ကြောင်းလည်းသိရသည်။

ယင်းကဲ့သို့ ကျောက်ထုတ်လုပ်နေမှုနှင့်ပတ်သက်၍ ရွေးကောက်ပွဲပြီးချိန်တွင်  ဒေသခံများနှင့် ဆန္ဒပြသူများက ရီပိုစ့်ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရနှင့် စက်မှုဝန်ကြီးဌာနများသို့လည်း တိုင်းကြားစာပေးပို့သွားမည် ဖြစ်ကြောင်းလည်းသိရသည်။

“ပွင့်လင့်မြင်သာမှု လုံးဝမရှိပါဘူး။ စာချုပ်အရဆိုရင်တော့ ဒေသခံအလုပ်သများ ၂၀၀ ကျော်ကို သုံးမှာဖြစ်တယ်။ အခုက အလုပ်သမား တစ်ဆယ်ကျော် လောက်ပဲရှိတယ်။ ဒါဟာဘယ်လိုမှ ဒေသခံတွေကို ငဲ့ညှာတဲ့သဘောမဟုတ်ဘူး။ ဒေသခံတွေမှာတောင် ရခိုင်တွေထက် တိုင်းရင်းသာတွေကို ဦးစားပေးတာများပါတယ်။” ဟု ပြောသည်။

လက်ရှိအချိန်တွင် နေပူတောင်ကျောက်ထုတ်လုပ်နေမှုကြောင့် ဒေသခံများအတွက် တစ်စုံတစ်ရာ အထောက်အပံ့မရရှိသည့်အပြင် ဆန္ဒပြကန့်ကွက်ထားသည့်ကြားမှ ထုတ်လုပ်နေကြ ခြင်းဖြစ်ကာ ယင်းကျောက်တောင်အား ထုတ်လုပ်မှုများပြားလာသည်နှင့်အမျှ သဘာ ဝပတ်ဝန်းကျင် ထိခိုက်မှုများဖြစ်သည့် မြေသားနံရံများပြိုကျမှုများဖြစ်ပေါ်လာနိုင်ကာ တောင်ကုတ်-ရန်ကုန် ဆက်သွယ်ထားသည့် ကားလမ်းသည်လည်း ရည်ရှည်မှာ အန္တရာယ်ရှိလာနိုင်ကာ ယင်းစီမံကိန်းနှင့်ပတ်သက်သည့်တခြား ဆိုးကျိုးများသည်လည်း ဒေသအတွင်း ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဒေသခံများကပြောဆိုကြသည်။

နေပူတောင်အား ပြည်ထောင်စုအစိုးရ၊ သတ္တုတွင်းဝန်ကြီးဌာနမှ အကျိုးတူစာချုပ် ချုပ်ဆိုလျက် အလှဆင်မာဘယ်လ်ကျောက်များ ထုတ်လုပ်ရန် ဗီယက်နမ်နိုင်ငံ Myanmar SIMCO Song Da Limited Joint Stock Company (MYSICO) ကုမ္ပဏီသို့ (၂၅)နှစ်တာကာလ ငှားရမ်းထားခြင်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပွဲ တစ်ရပ်ကို  မတ်လ (၂၆)ရက်နေ့က တောင်ကုတ်မြို့(မယက)ရုံးတွင် ပြုလုပ်ခဲ့သည်။

“ သူတို့ရှင်းပြတာမှာ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၈.၁၇)သန်းကုန်မယ်။ လုပ်ကိုင်တဲ့အခါ နိုင်ငံခြားလုပ်သား (၅၆)ယောက်ပါမယ်။ ပြည်တွင်း ဒေသခံအလုပ်သမား(၂၄၀)ကို ခန့်ထားပေးမယ်။ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ဒေသခံ ပြည်သူလူထု အချိုးတူခံစားခွင့်ရှိမယ် ဆိုတာလောက်ပဲ တွေ့ရတယ်။ ပြည်သူတွေသိချင်တဲ့ SIA၊ EIA ကိစ္စ ဘာမှပြောမသွားဘူး။ ဒေသဖွံ့ဖြိုးရေး အစီအစဉ်ကိုလည်း မချပြဘူး။ ဒေသခံတွေက ကုန်ချောကို ဒီဒေသမှာ ထုတ်ဖို့ပြောကြတယ်။ ဝန်ကြီးတွေကတော့ အထက်ကို တင်ပြပေးမယ်ပဲပြောတယ်။ ” ဟု ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ တောင်ကုတ် လူမှုကွန်ယက်မှ ဦးစိုးဝင်းကပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော် ပထမအကြိမ် ဆဌမ ပုံမှန်အစည်းအဝေး ဆဌမနေ့တွင် စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က နေပူတောင် စီမံကိန်းနှင့်ပတ်သတ်၍ ကန့်ကွက်ခဲ့ပြီး စီမံကိန်းအား ရပ်နားရန် အဆိုတင်သွင်း တောင်းဆိုခဲ့ကြောင်း ဦးအောင်မြကျော်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly