ရွေးကောက်ပွဲဝင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများ

ရွေးကောက်ပွဲဝင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများ

ဒေါ်နှင်းနှင်းမွှေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ် ၅ ၊ အမျိုးသားလွှတ်တော်

ရည်ရွယ်ချက်

ကျွန်မတို့က ၈၈ ခုနစ်ကတည်းက နိုင်ငံရေးလုပ်လာတာဆိုတော့ လွှတ်တော်ပြင်ပရဲ့ဖြတ်သန်းမှုက ၂၇ နှစ် တာ ရှိပါပြီ။ အခုလက်ရှိအချိန်မှာ လွှတ်တော်ထဲကို ကြည့်တဲ့အခါကျတော့ တကယ့်အတိုက်အခံ စစ်စစ် တွေရဲ့အသံက လွှတ်တော်အတွင်းမှာ ပျောက်ကွယ်နေပြီလို့ယူဆပါတယ်။ အဲ့တော့ လွှတ်တော်ထဲမှာ တကယ့်အတိုက် အခံစစ်စစ်တွေရောက်ရှိဖို့ လိုအပ်တယ်လို့ ယူဆတဲ့အတွက်ကြောင့်မို့ ကျွန်မတို့က လွှတ်တော်ထဲဝင်ပြီးတော့ ယှဉ်ပြိုင်ခြင်းဖြစ်တယ်။ လွှတ်တော်အတွင်းက အတိုက်ခံစစ်စစ်တွေရဲ့ အသံတွေ နဲ့ လွှတ်တော်ပြင်ပမှာရှိတဲ့ အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ ပြည်သူလူထုရဲ့ တကယ့်လိုအပ်ချက်တွေ၊ လိုလားချက်တွေ၊ နစ်နာချက်တွေကို ကျွန်မတို့ကနေ ရယူပေးနိုင်ဖို့အတွက်၊ တောင်းဆိုပေးနိုင်ဖို့အတွက် လွှတ်တော်တွင်းနည်းလမ်းကိုရွေးချယ် ရခြင်းဖြစ်ပါတယ်။

ရွေးချယ်ခံအမတ်ဖြစ်ရင်ဘာလုပ်မလဲ

ကျွန်မတို့အနေနဲ့ကတော့ အမျိုးသမီးပဲဖြစ်စေ၊ အမျိုးသားပဲဖြစ်စေ လူသားတစ်ယောက်ရဲ့အခွင့်အရေးအရ ကျွန်မတို့ လွှတ်တော်ထဲကို ဝင်ရောက်တာဖြစ်တယ်။ ကျွန်မတို့ကတော့ ကျွန်မတို့ ရဲ့ယုံကြည်ချက်အရ ဖြတ်သန်းမှုအရ တင်သင့်တင်ထိုက်တဲ့အဆိုတွေကို တင်ပြသွားမှာဖြစ်တယ်။ ပြည်သူလူထုရဲ့ တကယ် ရင်ဆိုင်တွေ့ကြုံနေရတဲ့အခတ်အခဲတွေကို ကျွန်မတို့ ရဲရဲဝံဝံတင်ပြသွား မှာဖြစ်တယ်။ ကျွန်မတို့လွှတ် တော်ကိုယ်စားလှယ် ဖြစ်သည်ဖြစ်စေ မဖြစ်ပဲနဲ့လွှတ်တော်ပြင်ပမှာပဲ ဆက်လက်ပြီး လုပ်ကိုင်ရသည်ဖြစ်စေ ကျွန်မတို့ပြည်သူတွေအတွက် တတ်နိုင်သမျှ ကိုယ်စွမ်းညဏ်စွမ်းရှိသမျှ ပေးဆပ်ပြီးတော့ နိုင်ငံရေးကို ဆက်ပြီးတော့ လုပ်သွားမှာဖြစ်ပါတယ်။

ဒေါ်တင်တင်ချို

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်

ရည်ရွယ်ချက်

ကျွန်မတို့ပါတီသည်လွန်ခဲ့တဲ့ ၂၇ နှစ်ကတည်းက တည်ထောင်ထားတဲ့ပါတီဖြစ်တယ်။ ပြီးတော့ ဒီနှစ်မှ ပြန်ပြီးတော့ တရားဝင်မှတ်ပုံတင် ပြန်ကျပြီးတော့မှ ကျွန်မတို့ ပထမဦးဆုံးဝင်ရတဲ့ရွေးကောက်ပွဲ ဖြစ်တယ်။ အဲ့တော့ ကျွန်မရဲ့ ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲမှာ လွှတ်တော်ထဲမှာ အမျိုးသမီးအမတ်လောင်း တွေ အများကြီး ပါဝင်ချင်တယ်။ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကိုပြချင်တယ်။ ဒါကြောင့်မို့လည်း ကျွန်မ က ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်။ ကျွန်မတို့ပါတီရဲ့မူဝါဒမှာကိုက အမျိုးသမီးတွေ တိုင်းရင်းသားတွေ လူငယ်တွေကို ဦးစားပေးတယ်။ ဒါကြောင့်မို့ ကျွန်မက ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်။

ရွေးချယ်ခံအမတ်ဖြစ်ရင်ဘာလုပ်မလဲ

ကျွန်မတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလွန်ခဲ့တဲ့ ၂၇ နှစ်လုံးလုံး ပါတီရဲ့မူဝါဒပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တာဖြစ်တယ်။ ကျွန်မတို့ပါတီရဲ့ဆောင်ပုဒ်အတိုင်း ပြည်သူသာအမိပြည်သူသာအဖ ဆိုတဲ့ အတိုင်း တချိန်လုံးဆွဲကိုင်ပြီး ရပ်တည်လာတဲ့ပါတီဖြစ်တယ်။ ပြီးတော့ အလုပ်သမားတွေ လယ်သမား တွေ ကျောင်းသားတွေ အမျိုးသမီးတွေ ကလေးသူငယ်တွေအားလုံး တန်းတူအခွင့်အရေးရဖို့အတွက် ရပ်တည် နေတဲ့ပါတီဖြစ်တယ်။ ၂၇ နှစ်လုံးလုံးလွှတ်တော်ပြင်ပမှာ လုပ်ခဲ့ပြီးပြီ။ လွှတ်တော်အတွင်းမှာလည်း ဒီကိစ္စ တွေကို ဦးစားပေးပြီးလုပ်ဆောင်မှာပါ။ ပြည်သူ့လွှတ်တော်ဆိုတာ တစ်တိုင်းပြည်လုံးကိုလွှမ်းခြုံပြီး တစ်တိုင်း ပြည်လုံးနဲ့သက်ဆိုင်ပါတယ်။ တစ်တိုင်းပြည်လုံးအရေးကိစ္စတွေကိုလည်း ကျွန်မကိုယ်စွမ်းညဏ်စွမ်းရှိသ လောက် ကျွန်မလုပ်မှာပါ။ အထူးသဖြင့်ကတော့ မြင်းခြံမဲဆန္ဒနယ်ရဲ့ ပြည်သူတွေရဲ့အသံဟာ ကျွန်မရဲ့ အသံ၊ ကျွန်မပါတီရဲ့အသံ ဖြစ်စေရပါမယ်။

ဒေါ်ယုယုခိုင်

အမျိုးသားတိုးတက်ရေးပါတီ

ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်

ရည်ရွယ်ချက်

နိုင်ငံရေးကို ဝင်ရခြင်းရဲ့အကြောင်းရင်းကတော့ ပြောရမယ်ဆိုရင် ၂၀၁၅ မှစတယ်ရှင့်။ အဓိကကတော့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း ပေါ်လာတဲ့အခါမှာ ဒီမူကြမ်းကို လေ့လာတယ်။ ကျွန်မ တို့တွေ တိုင်းသူပြည်သားတွေ အကုန်လုံးက ကိုယ့်နိုင်ငံရဲ့ပညာရေးကို တိုးတက်စေချင်တယ်ပေါ့နော်။

ပညာရေးရဲ့လိုအပ်ချက်ကိုလည်း လေ့လာတယ်။ လေ့လာတဲ့နေရာမှာ ပြင်ဆင်တဲ့ဥပဒေကြမ်းက တိုးတက် ပြောင်းလဲနိုင်တာထက်ကို နည်းနည်းရမ်းပတာဖြစ်စေမယ့်အချက်ကလေးတွေ ပါလာတာကို တွေ့ရတယ်။ အဲဒီမှာ ဘာတွေ့လဲဆိုတော့ ကိုယ့်နိုင်ငံကို ပြောင်းလဲစေချင်တယ်ဆိုရင် ကိုယ်တိုင်လည်းပါဝင်ရမယ်။ တစ်နေရာရာမှာပါဝင်ပြီး ပြောခွင့်ဆိုခွင့်ရှိမှ ထိရောက်မယ်ပေါ့နော်။ အဲဒါကြောင့် နိုင်ငံရေးထဲဝင်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။

နောက်ခံသမိုင်း

ကျွန်မကတော့ ပညာရေးကိုပြောရမယ်ဆိုရင်တော့ မဟာဝိဇ္ဇာအထူးပြုနဲ့ ၂၀၀၄ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။ ဒါကတော့ အလုပ်လုပ်ရင်းရခဲ့တာပေါ့။ အရင်က ဆယ်တန်းအောင်တာနဲ့ အဝေးသင်တက္ကသိုလ်တက် တယ်။ အလုပ်တစ်ဖက်နဲ့ ကွာလီဖိုင်းဝင်တယ်။ မာစတာ နှစ်နှစ်ကို အလုပ်တစ်ဖက်နဲ့ တက်ရင်းနဲ့ ဘွဲ့ရခဲ့ တယ်ပေါ့နော်။ နောက်ပိုင်းမှာတော့ အလုပ်အတွက်လိုအပ်တဲ့ ပြည်တွင်းပြည်ပဘွဲ့လွန် ဒီပလိုမာတွေကို လည်း သင်ခဲ့ပါတယ်။ ပြီးတော့ လက်ရှိအလုပ်လုပ်နေရင်းနဲ့ပဲ ကိုယ့်နိုင်ငံရေးကို ပြည်သူတစ်ယောက်အနေ နဲ့ စိတ်ဝင်စားတယ်။ လေ့လာတယ်။ နိုင်ငံရေးနဲ့ပတ်သတ်လို့ ဘာတွေလေ့လာထားသလဲဆိုတာ ပြောမယ် ဆိုရင်တော့ သင်တန်းအနေနဲ့ မနှစ်က Egress ပေါ့နော်။ ဒေါက်တာနေဇင်လတ် တည်ထောင်ခဲ့တဲ့ ကျောင်း ပေါ့နော်။ သုံးလတက်ခဲ့ပါတယ်။

ဒေါ်ပြုံးကေသီနိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ပြည်သူ့လွှတ်တော်

ရည်ရွယ်ချက်

ပြည်သူတို့၏ အသိပညာကြွယ်ဝမှုနှင့် ကိုယ်ကျင့်တရားရှိမှုသည်သာ နိုင်ငံတော်ကို ကယ်ဆယ်ရာ ကယ်ဆယ်နိုင်ကြောင်း တစ်ခုတည်းသောအကြောင်းတရားဖြစ်သည်ဟု ခံယူသည်ကတစ်ကြောင်း၊ ပညာရေးကိုပြုပြင်ရာတွင် နိုင်ငံတော်အာဏာကို အသုံးပြု၍ ပြင်ဆင်ခြင်းသည်သာ လူထုလူတန်းစားတစ်ခု လုံးအတွက် အကျိုးဖြစ်ထွန်းနိုင်သည်ဟု သိနားလည်မိသည်ကတစ်ကြောင်း၊ တိုင်းရင်းသားတို့ ရရှိခံစားသင့် သည့် တန်းတူညီမျှအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာ ဒီမို ကရေစီကျင့်စဉ်အောက်တွင်သာ ရရှိနိုင်သည်ဟု ယုံကြည်သည်ကတစ်ကြောင်း၊ အာဏာရှင်စနစ် ဆိပ်သုဉ်း ဖို့ရာအတွက် လျှောက်လှမ်းနေသည့် ဒီမိုကရေစီခရီးလမ်းမှာ ရှည်လျားစွာ ကျန်ရှိနေသေးသည်က တစ်ကြောင်း ကျွန်မ ပြုံးကေသီနိုင် သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံတော်အောက်မှနေ၍ နိုင်ငံ တော်တိုးတက်စေရန် ကြိုးပမ်းနေခြင်း ဖြစ်ပါသည်။

နောက်ခံသမိုင်း

- ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာအဓိကဖြင့် ဘွဲ့ရရှိခဲ့သည်။

- ဂျပန်နိုင်ငံ၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ခြင်း စီမံကိန်း၊ ဆင်းရဲနွမ်းပါးကလေးများ စောင့်ရှောက်မှုဆိုင်ရာ စီမံကိန်းနှင့် ပျက်စီးဆိုးသွမ်းကလေးများဘဝ ပြန်လည်ထူထောင်ရေး စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရန် ၁၉၉၉ ခုနှစ်တွင် ဂျပန်ပြည်သို့ သွားရောက်ခဲ့သည်။

- အစ္စရေးနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်နှင့် လက်ရှိ ပညာရေးစနစ်ကို လေ့လာနိုင်ရန် အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာန ပညာတော်သင်ဆုကို ရရှိခဲ့၍ အစ္စရေးနိုင်ငံသို့ သွားရောက်လေ့လာခဲ့သည်။

- နိုင်ငံတကာအမျိုးသမီးမိတ်ဆွေများအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သည်။

- ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့ (Yangon University Alumini) ဖြစ်မြောက်ရေး ကော်မတီတွင် အင်္ဂလိပ်စာဌာနကိုယ်စားလှယ်ဖြစ်သည်။

- အစ္စရေးသံရုံး၏ Shalom Club တွင် ဂုဏ်ထူးဆောင်အသင်းဝင်ဖြစ်သည်။

- လက်ရှိတွင် ကမ္ဘောဇ(ရန်ကုန်) ကိုယ်ပိုင်သင်တန်းကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင် နေပြီး ခေါင်းဆောင်မှုဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာနှင့် ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေးဆိုင်ရာ ဘာသာရပ်များ ကို နယ်လှည့်ပို့ချလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags