တိုင်းအစိုးရက တိုက်ရိုက်ခန့်အပ်ထားသော YUPT ဒါရိုက်တာသုံးဦး နုတ်ထွက်ပေးရန် အစုရှယ်ယာရှင်များ တောင်းဆို

တိုင်းအစိုးရက တိုက်ရိုက်ခန့်အပ်ထားသော YUPT ဒါရိုက်တာသုံးဦး နုတ်ထွက်ပေးရန် အစုရှယ်ယာရှင်များ တောင်းဆို

ရန်ကုန်။အောက်တိုဘာ ၃၀ ။      ။ ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီလိမိတက် (YUPT) တွင် တိုင်းအစိုးရမှ တိုက်ရိုက် ခန့်အပ်ထားသော ဒါရိုက်တာသုံးဦးကို နုတ်ထွက်ပေးရန် အစုရှယ်ယာရှင်များက တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

အောက်တိုဘာ(၃၀) ရက်နေ့ကရန်ကုန်မြို့၊ Grand Gandamar Ballroom တွင်ပြုလုပ်သည့် YUPT ကုမ္ပဏီ၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့်ဒုတိယအကြိမ်မြောက် ဒါရိုက်တာ ရွေးချယ်ပွဲတွင် ကန့်ကွက်တောင်းဆိုမှုများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

“ကားလုပ်ငန်းကိုလုပ်ဖို့ဆိုတာသည် ဘွဲ့ရပညာတတ်ဖို့ထက် ကားလုပ်ငန်းကိုကျွမ်းကျင်သူပဲ လိုတယ်။ ခုက ဘွဲ့ရပညာတတ်မှ  ဒါရိုက်တာလာလုပ်ဆိုတဲ့ ပုံစံဖြစ်နေတယ်။ ကျွန်တော်တို့လိုချင်တာသည် ကျွန်တော်တို့ ရွေးချယ်ထားတဲ့ ဒါရိုက်တာတွေ နုတ်ထွက်ကြသလို အစိုးရခန့်အပ်ထားတဲ့ဒါရိုက်တာတွေလည်း နုတ် ထွက် ရမယ်။ အစိုးရအဖွဲ့ကလာလို့ ငါတို့ပဲဥက္ကဋ္ဌ ငါတို့ပဲ ဘာဆိုပြီး နေရာတွေယူလို့ အဲဒါကိုကန့်ကွက်တာ”ဟု ရှယ်ယာရှင်ဦးဇော်မြင့်က ပြောသည်။

အဆိုပါ ဒါရိုက်တာအဖွဲ့တွင်ရန်ကုန်တိုင်းအစိုးရက တိုက်ရိုက်ခန့်အပ်တာဝန်ပေးအပ် သူ၄ဦး၊ ရှယ်ယာရှင် များက ရွေးချယ်တင်မြှောက်သူ ၅ ဦး စုစုပေါင်း ၉ ဦး ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

လက်ရှိကုမ္ပဏီ၏ နာယကများမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လျှပ်စစ် စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်မြို့တော်ဝန်တို့ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့မှ တိုက်ရိုက် ခန့်အပ်တာဝန်ပေးခြင်းခံရသူများမှာ ဦးဇော်ထွန်း၊ဒေါ်ပြုံးသာမြင့်၊ဦးမိုးဟိန်း ၊ဦးအောင်မြတ် တို့ဖြစ်ကြောင်း သိရသည်။

“လက်မခံဘူး။ အစိုးရကစီးပွားရေးပညာရှင်တွေအရည် ချင်းရှိတဲ့ပုဂ္ဂိုလ်တွေခန့်ပေးပါ။ကြိုဆိုပါတယ်”ဟု ကုမ္ပဏီ၏ ရှယ်ယာရှင်တစ်ဦးဖြစ်သော ဦးထွန်းဦးက ဆိုသည်။

ထို့အပြင် YUPT၏၃နှစ်တာကာလအတွင်း အကျိုးအမြတ်ရရှိခြင်းမရှိသေးဘဲ၊ အရှုံးပေါ်နေမှုနှင့် ပတ်သက် ၍လည်း အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်ပေးရန် အစုရှယ်ယာရှင်များကတောင်းဆိုခဲ့ကြသည်။
ယင်းကိစ္စများနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင် ကအဆိုပါပွဲတွင် ပြောဆိုခဲ့သည်။

ထို့အပြင် ရှယ်ယာရှင်များတောင်းဆိုမှုကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ အမြန်ဆုံးတင်ပြပေးမည်ဖြစ်ပြီး နောက်တစ်ကြိမ်အစည်းအဝေး ခေါ်ယူ၍ ဒါ ရိုက်တာအဖွဲ့အား အများသဘောတူညီမှုဖြင့်ပြန်လည်ရွေးချယ်နိုင် ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်ကပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးမှု မရှိပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဟုသိရပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုလည်း တိုင်ကြားသွားမည် ဖြစ်ကြောင်း အစုရှယ်ယာရှင်များထံက သိရသည်။
YUPT ကုမ္ပဏီကို စတင်တည် ထောင်စဉ်က မတည်တည်ထောင်သူအဖြစ် ပါဝင်သူများအနေဖြင့် အစု ရှယ်ယာတစ်စုလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် စတင်တည်ဆောင်သူ ကုမ္ပဏီအစုရှယ်ယာရှင် ရင်းနှီးမြှုပ်နှံငွေ ၅ ဒသမ ၆၃၄၄ ဘီလီယံရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယာဉ်သစ်များထည့်ဝင်သည့်ငွေကျပ် တန်ဖိုးမှာ ကျပ် ၃၅ ဘီလီယံဖြစ်သဖြင့် ကုမ္ပဏီ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံငွေမှာ ကျပ် ၄၀ ဒသမ ၆၃၄၄ဘီလီယံ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကုမ္ပဏီ၏ သုံးနှစ်တာကာလအတွင်း အကျိုးအမြတ်မရရှိသေးခြင်းနှင့် ပတ်သက်၍ အကျိုးအမြတ် ရရှိအောင် ဆောင်ရွက်ပေးရန်(သို့မဟုတ်)ရှယ်ယာများအားကို ပြန်လည်ဝယ်ယူပေးရန် ရှယ်ယာရှင် ၁၆၀ ကျော်က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လွှတ်တော်သို့ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags