ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ငါးဦးကို အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်ချမှတ်

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ငါးဦးကို အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်ချမှတ်
ဓာတျပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ အောက်တိုဘာ ၃၀ ။          ။ တပ်မတော်မှ တရားစွဲဆိုခြင်းခံထားရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်ငါးဦးကို အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ် တရားရုံးတွင်ရုံးထုတ်ခဲ့ပြီး မရမ်းကုန်းမြို့နယ်တရားသူကြီးမှ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။

တပ်မတော်မှ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားပြီး မရမ်းကုန်းတရားရုံးတွင် တရားရင်ဆိုင်နေသော ဒေါင်းတို့ မျိုးဆက်သံချပ်အသင်းမှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်၊ မကေခိုင်ထွန်းတို့ကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့ပြီး ချုပ်ရက် ခြောက်လ ထုတ်နုတ်ခံစားခွင့်ရှိကြောင်း သိရသည်။

" တရားစွဲခံရသူများသည် ဒေါင်းတို့မျိုးဆက်အဖွဲ့ကနေသုံးယောက် လေးယောက် တလှည့်စီ အမှုဖွင့် ထားတယ်။ တရားစွဲသည့်အကြောင်းအရာသည့် သံချပ်စာသားထဲမှပါတဲ့ အကြောင်းအရာတွေက တပ်မတော်ကို စော်ကားတယ်ဆိုတဲ့ အနေအထားနဲ့ တရားစွဲတယ်။ အကြောင်းအရာတစ်မျိုးထဲနဲ့ ဒီတရားခံတွေကို တရားလိုက တပ်မတော်ကအရာရှိကြီးတွေပြောင်းသွားတယ်။ နေရာပြောင်းတယ်။ ဥပမာ-ဘုရင့်နောင်မှသံချပ်ထိုးရင် ဒီမရမ်းကုန်းမှတရားစွဲတယ်။ ဗိုလ်တထောင်မှထိုးတော့ ဗိုလ်တ ထောင်က စွဲတယ်။ ဖျာပုံမှသံချပ်ထိုးတော့ဖျာပုံကဆွဲတယ်။ ဒီလူတွေကိုဒီအကြောင်းအရာပဲထပ်ခါ ထပ်ခါတရားစွဲဆိုနေခြင်းက မှန်တာပြောရရင်ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊သက်သေခံဥပဒေ၊ ကျင့်ထုံး ဥပဒေ ၂၃၈ အရ တော်တော်လေးကိုမသင့်လျော်တဲ့ အနေအထားမျိုးတွေဖြစ်တယ်” ဟု ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးသော တရားလွှတ် တော်ရှေ့နေ ဒေါ်စန်းစန်းမြင့် က ပြောသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များရုံးချိန်းတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ကျော်ခန့် ဖြင့် လုံခြုံရေးရယူခဲ့ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက လာရောက်ဝန်းရံခဲ့သည်။

" လွတ်လပ်စွာပြောဆိုခွင့်ကအခုထိ ထောင်ကျနေတုန်းပါ။ တစ်နိုင်ငံလုံး ရဲ့လွတ်လပ်စွာပြောဆိုခွင့်က ထောင်ချလိုက်တာပါ" ဟု ဒေါင်းမျိုးဆက်အဖွဲ့မှ ကိုပိုင်ရဲသူက ရုံးချိန်းအပြီးတွင် ပြောဆိုခဲ့သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်ငါးဦးကို ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က သံချပ်သီဆိုဖျော်ဖြေရာတွင် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အသုံးအနှုန်းများပါဝင်သည်ဟုဆိုကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ဗိုလ်တထောင် တရားရုံးတွင် ပုဒ်မ ၅၀၅(က) ဖြင့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အနေဖြင့် တရားရင်ဆိုင်နေဆဲ ဖြစ်ပြီး မအူပင်၊ ဖျာပုံ၊ ဒေးဒရဲ တို့တွင်လည်းအမူထပ်မံရင်ဆိုင်နေသည်။

"အခွင့်ရေးဆိုတာနဲ့ပတ်သက်လို့ရှိရင် လူတစ်ယောက်ရဲ့အခွင့်အရေးကိုပဲကြည့်လိုမရပါဘူး။ စွပ်စွဲ ခံရသူတွေရဲ့အခွင့်အရေးတွေမကဘူး တရားလိုအနေနဲ့တပ်မတော်သားတွေရဲ့အခွင့် အရေး ကိုလည်း ပြန်ပြီးတော့စာနာဖို့လိုတယ်။ တပ်မတော်သားတွေက အခုရှေ့တန်းမှ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင် နေတာဒီလိုတိုက်ပွဲဝင်နေတဲ့လူတွေကို သွားပြီးပုတ်ခပ်တာ၊စော်ကားတာ လုပ်လို့မရပါဘူး။ တစ်ဖက် ကလည်းတိုင်းပြည်အတွက်တာဝန်ထမ်းဆောင်တာဖြစ်ပါတယ်။ အဲတော့ ငါတို့ရဲ့လူအခွင့်အရေးပဲ ဆိုပြီးတော့ ပြောချင်ရာပြောမယ်။ ပုတ်ခတ်ချင်ရာပုတ်ခတ်မယ်ဆိုပြီး လုပ်လို့မရပါဘူး။ တရားမျှတမှု ကို လိုလားတဲ့အတွက်ကြောင့် တရားရုံးမှ ဦးတိုက်လျှောက်ခြင်းဖြစ်ပါတယ်။ ဥပဒေရဲ့အဆုံးအဖြတ်ကို ခံယူသွားတာ ဖြစ်ပါတယ် " ဟု တရားလို ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က ဒီကနေ့ရုံးချိန်းအပြီး တွင် မီဒီယာများကိုဖြေကြားခဲ့သည်။

လက်ရှိတွင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အနေဖြင့် ရန်ကုန်မြို့ ဗိုလ်တထောင်တရားရုံးတွင် ပုဒ်မ ၅၀၅(က) ဖြင့် တရားရင်ဆိုင်နေဆဲ ဖြစ်ပြီး မအူပင်ဖျာပုံ ဒေးဒရဲ တို့တွင်လည်းအမှုများ ထပ်မံရင်ဆိုင် ရဦးမည် ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly