အပစ်ရပ်စာချုပ် NCA ပျက်ပြီလား

အပစ်ရပ်စာချုပ် NCA ပျက်ပြီလား
ဓာတ်ပုံ - NRPC(fb)၂၀၁၈ ခုနှစ်၊အောက်တိုဘာ ၁၅-၁၆ ရက်က ၁၀+၁၀ ထိပ်သီး အစည်းအဝေးတွင် တွေ့ရသော အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်ချုပ်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး

အောက်တိုဘာ ၃၀ ။             ။ မြန်မာနိုင်ငံတွင် တစ်ခါမှ မရှိခဲ့ဖူးသော တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့ဖြစ် ပထမဆုံး လက်မှတ်ရေးထိုးကာ အကောင် အထည် ဖော်ခဲ့ကြသည်။

အဆိုပါ စာချုပ်သည် မကြာသေးခင်က လေးနှစ်ပြည့်ခဲ့ပြီး ဖြစ်သည်။ သို့သော် လက်နက်ကိုင် ပဋိပက္ခများကတော့ ချုပ်ငြိမ်း သွားခြင်း မရှိသေးသလို အားလုံး ဘုံရည်မှန်းချက်တူညီသော နိုင်ငံရေး စနစ်တစ်ခုကို ပြုပြင်ပြောင်းလဲ၍ တည်ဆောက် နိုင်ခြင်းလည်း မရှိသေးပေ။ ဆက်လက် ကြိုးပမ်းနေဆဲ ကာလမှာပဲ ရှိနေသေးသည်။

NCA စာချုပ်ကို လက်မှတ်ထိုးထားကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကတော့ သျှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ( RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA- PC )၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည် လွတ်မြောက် ရေး ပါတီ(ALP)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့ ဖြစ်ကြသည်။ထို့နောက် NCA စာချုပ်တွင် မွန်ပြည် သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့က ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က ထပ်မံ လက်မှတ် ထိုးလိုက်ခြင်းကြောင့် စုစုပေါင်း ၁၀ ဖွဲ့ ဖြစ်လာခဲ့သည်။

ထိုလက်နက်ကိုင် ၁၀ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကြား NCA စာချုပ်ကိုအကောင်အထည် ဖော်လျက်ရှိနေပြီး NCA စာချုပ်မှာ မပါဝင်နိုင်သေးသည့် တခြားသော လက်နက်ကိုင်အဖွဲ့များ ပါဝင်လာနိုင်ရေးကိုလည်း အတူတကွ ကြိုးပမ်း နေကြသည်။

NCA စာချုပ်သည် လွယ်လွယ် ကူကူပေါ်ပေါက်လာသော စာချုပ်မဟုတ်ပေ လေးနှစ်ကျော်လောက် အချိန်ယူ ဆွေးနွေး ခဲ့ကြပြီးမှ ပေါ်ပေါက်လာသော စာချုပ် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဓိက အထောက်အကူ ပေးမည့်စာချုပ် ဖြစ်သည်။

ထို့ကြောင့် NCA စာချုပ် ပျက်ပြားသွား၍ မဖြစ်ပေ၊ မပျက်အောင်လည်း သက်ဆိုင်သူများက ထိန်းသိမ်းကြရမည့် တာဝန်ရှိ သည်။ သို့သော်လည်း NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကြား ပူးပေါင်း အကောင်အထည်ဖော်နေသော အခြေအနေများကို လေ့လာကြည့်ရာတွင် NCA စာချုပ်မှာ တစ်ပိုင်းပျက်နေပြီး ဖြစ်ကာ တစ်စုံလုံးလည်း ပျက်ပြားသွားနိုင်သည်အထိ စိုးရိမ်စရာ ဖြစ်လာခဲ့သည်။

ဤသို့ ပြောရခြင်းမှာ NCA စာချုပ်ပါ သဘောတူညီချက်များကို နှစ်ဖက် လိုက်နာမှု အားနည်းနေခြင်း အပါအဝင် အကောင် အထည်ဖော်မှု အားနည်းနေခြင်းနှင့် စာချုပ်ပါ သဘောတူညီချက်များအပေါ် အဓိပ္ပာယ် ဖွင့်ဆိုချက်များ မတူညီဘဲ ဖြစ်နေ ခြင်းတို့ကြောင့် ဖြစ်သည်။

လတ်တလော အခြေအနေကို လေ့လာကြည့်မည်ဆိုလျှင် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား တက်ရောက်ရန်နှင့် NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တက်ရောက်ရန် နေပြည်တော်သို့ လာရောက်မည့် ခရီးစဉ်အား တပ်မတော်က လုံခြုံရေး အကြောင်းပြကာ တားဆီး ဟန့်တား လိုက်ခြင်းအပေါ် သုံးသပ်နိုင်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အကြောင်း အမျိုးမျိုးပြပြီး မတက်ရောက်နိုင်တဲ့ အဖွဲ့များဟာလည်း ၎င်းတို့အကြောင်းနဲ့ ၎င်းတို့သာ ဖြစ်ပါလိမ့်မယ်” ဟု NCA လေးနှစ်ပြည့် အခမ်းအနားတွင် ပြောကြား သည့် ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်း ပြောသွားခဲ့သည်။

NCA စာချုပ် အခန်း(၃) အပိုဒ် ၈ (က) လုံခြုံရေးအရ ကန့်သတ်ထားသော နေရာများမှအပ မည်သည့် နေရာကိုမဆို လက်နက်ကိုင်ဆောင်ခြင်း မရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ (ခ) တစ်ဖက် အဖွဲ့အစည်းက ထိန်းချုပ် ထားသော နယ်မြေအတွင်း လက်နက်ဖြင့် သွားလာရန် လိုအပ်လာပါက နှစ်ဖက် ညှိနှိုင်း သဘောတူညီချက်ဖြင့် သွားလာရန်ဆိုသော ပြဋ္ဌာန်းချက်များ ပါရှိသည့်တိုင် ဗိုလ်ချုပ်ကြီးယွက်စစ် ခရီးစဉ် ပျက်ပြားသွားခဲ့ရသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က“ တပ်မတော်အနေနဲ့ NCA သဘောတူညီချက် စာချုပ်ကို ဖျက်သိမ်းလိုတယ်ဆိုတဲ့ သူ့ရဲ့လက္ခဏာ တစ်ခု ပြနေတယ်လို့ ကျနော်တို့ မြင်ရတယ်”ဟု ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ထိုင်းနိုင်ငံတစ်နေရာမှာ သတင်း စာ ရှင်းလင်းပွဲ လုပ်၍ ပြောခဲ့သည်။

ဓာတ်ပုံ - ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်နက်ကိုင် ၈ ဖွဲ့နှင့် အစိုးရ-တပ်မတော်ကြား NCA ထိုးနေကြစဉ်။

အောက်တိုဘာ ၂၇ ရက်က RCSS ထုတ်ပြန်ချက်ထဲမှာလည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NCA လက်မှတ်ထိုးထားသည့် အဖွဲ့ဝင်များမှ နှုတ်ထွက်သွားလိုက နှုတ်ထွက်သွားနိုင်ကြောင်း NCA-S EAO ညှိနှိုင်းရေးအဖွဲ့ဝင်များ တချို့ကို ပြောသည်ဟု ဖော်ပြထားသည်။ တပ်မတော်ဘက်က ထိုအချက်အပေါ် ငြင်းဆိုထားသည်။

ထိုအခြေအနေများသည် NCA အကောင်အထည်ဖော်မှုအပေါ် စိန်ခေါ်မှုများ ရှိလာနိုင်သကဲ့သို့ ယုံကြည်မှုများ လျှော့နည်း လာနေသည်ကို မီးမောင်း ထိုးပြလျက်ရှိသည်။

NCA တစ်ပိုင်း ပျက်နေပြီးဆိုခြင်းနှင့် ပတ်သက်ပြီး သာဓက ပြရမည်ဆိုလျှင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် RCSS က ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) အစည်းအဝေးများ တက်ရောက်ခြင်းကို ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့ခြင်းနှင့် KNU မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင် အစည်းအဝေးများ တက်ရောက် နေခြင်းအား ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့ခြင်းတို့ပင် ဖြစ်သည်။

ထိုအခြေအနေကပင် NCA တစ်ပိုင်းတစ်စ ပျက်သွားခြင်း၏ မူလအစပင် ဖြစ်ကြောင်း ဆိုရမည်ဟု ထင်သည်။

အဘယ်ကြောင့်ဆိုသော် NCA ပါ သဘောတူညီချက်များ မကျေလည်ပါက JICM အစည်းအဝေးမှာ တင်ပြ ဆွေးနွေးရန် ဟု ပါရှိသော်ငြားလည်း RCSS နှင့် KNU ဘက်က ယာယီရပ်ဆိုင်းမှုများ ပြုလုပ်လိုက်ခြင်းက ဆန့်ကျင်ဘက် ဖြစ်နေ ခြင်း ကြောင့် ဖြစ်သည်။

JMC သည် တိုက်ပွဲများ မဖြစ်ပွားအောင် ထိန်းသိမ်းပေးသော ကော်မတီ ဖြစ်ပြီး NCA ၏ အသက် သွေးကြောတစ်ခု ဖြစ်သည်ကို ဥပေက္ခာပြု လိုက်ခြင်းလည်း ဖြစ်သည်။

အလားတူ KNU ၏ တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတက်ရောက်ခြင်းက ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ချက် ကလည်း တစ်နှစ်လျှင် ၂ ကြိမ် ကျင်းပရန် သဘောတူညီထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးများ ကျင်းပနိုင်ခြင်း မရှိတာတွေ ဖြစ်နေသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လက၂၁ ရာစုပင်လုံအစည်းအဝေးကို တတိယအကြိမ် ကျင်းပခဲ့ပြီးနောက် ယခု(၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ထိ) တစ်နှစ်ကျော် ကြာလာသည့်တိုင် မကျင်းပနိုင်ဘဲ ဖြစ်နေသည်ကို တွေ့နိုင်ပါသည်။

ဤသို့ ဖြစ်တည်နေချိန်မှာပဲ သုံးလတစ်ကြိမ် ကျင်းပရန် သဘောတူညီထားသည့် NCA ၏ အမြင့်ဆုံးအစည်းအဝေး ဖြစ် သော JICM အစည်းအဝေးကိုလည်း ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်က (၇)ကြိမ်မြောက် ကျင်းပပြီးနောက် ယနေ့ (၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ထိ)အချိန်ထိ တစ်နှစ်ကျော်ကြာသည့်တိုင် (၈)ကြိမ်မြောက် အစည်းအဝေး မကျင်းပနိုင်ဘဲ ဖြစ်ပြန်သည်။

JICM သည် NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်ကြား မကျေလည်မှုများရှိပါက နောက်ဆုံး အဆင့် ဆွေးနွေး ဖြေရှင်းရသည့် NCA ၏ အမြင့်ဆုံး အစည်းအဝေးဖြစ်သည့်တိုင် KNU နှင့် RCSS သည် JICM မှာ မဖြေရှင်းတော့ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ယာယီရပ်ဆိုင်းလိုက်ခြင်းက NCA ပါ ပြဌာန်းချက်များဖြင့် ကွဲလွဲနေသည်။

တဆက်တည်းမှာပဲ ၂၁ ရာစုပင်လုံ အစည်းအဝေး အပါအဝင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် နိုင်ငံရေး မူဘောင် ပြင်ဆင် သုံးသပ်ရေး အစည်းအဝေးများ ဖြစ်မြောက်ရေးအတွက် အဓိက အခန်းကဏ္ဍက ပါဝင်သည့် ပြည် ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေးကိုလည်း(၂)လတစ်ကြိမ် ကျင်းပရန် သဘော တူညီထားသည့်တိုင် မကျင်းပနိုင်ခဲ့သည်မှာလည်း တစ်နှစ်ကျော်ကြာခဲ့ပြီး ဖြစ်သည်။

၂၀၁၉ ခုနှစ်၊အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့သော NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ မိန့်ခွန်းပြောနေသော အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ထို့သို့ ဖြစ်တည် နေချိန်မှာပင် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ နှင့် အစိုးရ၊ တပ်မတော်တို့သည် ယနေ့ချိန်ထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်အောင် မစွမ်းဆောင်နိုင်ဘဲ ဖြစ်နေသည်။

၂၀၁၉ ခုနှစ်၊အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့သော NCA လေးနှစ်ပြည့် နှစ်ပတ်လည် မိန့်ခွန်းတွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ ပြောကြားချက်က အလေးထားစရာ ဖြစ်ပါသည်။

“ NCA လေးနှစ်ပြည့် လွန်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ သို့သော်လည်း အခုထက်ထိ တိုးတက်မှု များများစားစား မရရှိသေး တာက သံသယတွေ၊ စိုးရိမ်မှုတွေ၊ ယုံကြည်မှုတွေ အားနည်းနေပြီ အာဃာတတရားတွေ အားကောင်းနေသေးတယ်လို့ မြင်မိတယ်။ ကျွန်တော်တို့တွေဟာ ဘာကို မယုံမကြည် ဖြစ်နေကြတာလဲ၊ ဒါတွေကို ပြန်ဆန်းစစ်ရမှာ ဖြစ်ပြီးမှန်ကန်တဲ့၊ တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲများနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပုံဖော် အ ကောင် အထည်ဖော်ဆောင်ကြရမှာ ဖြစ်ပါ တယ်”ဟု ၎င်းက ပြောသည်။

အစိုးရနှင့် တပ်မတော် ဘက်ကတော့ NCA ပျက်မသွားအောင် အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည် အား ကောင်း လာရေးအတွက် ၂၀၂၀ အလွန်ကာလနှင့် ၂၀၂၀ ကြားကာလအတွင်း အဆင့်ဆင့် လုပ်ဆောင်မည့် အခြေအနေ များ၊ နိုင်ငံရေးမူဘောင် ပြင်ဆင်သုံးသပ်၍ သဘောတူညီချက် ရယူရေး၊ ၂၀၂၀ အတွင်း ၂၁ ရာစု ပင်လုံ အစည်းအဝေး တစ်ကြိမ် ကျင်းပပြီး ဖက်ဒရယ်အခြေခံမူများ ရယူနိုင်ရေး စသည့် အချက်များကို NCA ထိုး ၁၀ ဖွဲ့အား ချပြရှင်းလင်း၍ NCA ကို အသက်ဆက်ရန် ကြိုးပမ်းနေသည်။

ထိုအခြေအနေကို အဓိက အကောင်အထည်ဖော်နေသူမှာ ငြိမ်းချမ်းရေးကော်မရှင်(PC) အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)နှင့် အဖွဲ့က ဖြစ်သည်။ PC ကိုယ်စားလှယ်များသည် RCSS နှင့် KNU မှ ခေါင်းဆောင် များကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံမှုများ ပြုလုပ်ပြီး NCA ပျက်ပယ် မသွားအောင်နှင့် ဆက်လက် အကောင် အထည်ဖော် နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်၏ မူဝါဒများကို ရှင်းလင်း ချပြကာ စွဲဆောင်နေကြရသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅-၁၆ ရက်က ကျင်းပခဲ့သော ၁၀+၁၀ ထိပ်သီး အစည်းအဝေးတွင် နှုတ်ဆက်နေကြသော ဒုတပ်ချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်  RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ကို တွေ့ရစဉ်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ကျင်းပနိုင်ရေးနှင့် အောက်တို ဘာ ၃၀ ရက်၌ JICM အစည်းအဝေး ပြန်လည် ကျင်းပနိုင်ရေး အတွက်ကိုလည်း PC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)နှင့် အဖွဲ့ဝင်များကပင် NCA ထိုး ၁၀ ဖွဲ့မှ တာဝန်ရှိသူများကို တွေ့ဆုံကာ အဓိက ကြိုးပမ်းခဲ့ရသည်။

သို့သော် RCSS ဥက္ကဋ္ဌလည်းဖြစ် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ဥက္ကဋ္ဌလည်း ဖြစ်သူ ဗိုလ်ချုပ်ကြီးယွက်စစ် NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား တက် ရောက်မည့် အခြေအနေ အဟန့်အတား ခံရခြင်းနှင့် JICM အစည်းအဝေး မကျင်းပနိုင်ဘဲ ဖျက်သိမ်းလိုက်ရခြင်းကြောင့် ဘာမှ ထူးခြားမှု မရှိဘဲ ဖြစ်သွားခဲ့ရသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က ယခုကိစ္စဖြစ်သွားခြင်းက ရှေ့ဆက် နိုင်ငံရေး ဆွေးနွေးရန် ပိုမို ခက်ခဲလာလိမ့်မည်ဟု အချက်ပြ သည့် သဘောတစ်ခု ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ထိုင်းနိုင်ငံ၊ တစ်နေရာမှ သတင်းစာ ရှင်းလင်းပွဲမှာ မှတ်ချက် ပြုလာခဲ့သည်။

“ အကယ်၍ ငြိမ်းချမ်းရေး ဖော်ဆောင်မှုက ပျက်ပြားပြီဆိုရင်လည်း ပြည်ထောင်စုဆိုတာလည်း ပြိုကွဲသွားမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်ကြီးယွက်စစ် ပြောသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ပျက်ပြားပြီဆိုလျှင် ပြည်ထောင်စုဆိုတာလည်း ပြို ကွဲသွားမှာ ဖြစ်သည်ဟု ဆိုခြင်းက မည်ကဲ့သို့ အခြေအနေမျိုးကို ရည်ညွန်းသလဲဆိုတာ မသိရသော်လည်း စိတ်ဝင် တစ်စား မေးခွန်း ထုတ်စရာ ဖြစ်လာသည်။

ဥပမာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလာပြီး ခွဲထွက်ရေးတောင်းဆိုမှုများ ပြုလုပ်လာနိုင်ခြင်းကို ဆိုလိုသည်လား သို့နည်းမဟုတ် အတူယှဉ်တွဲ နေထိုင်ရေး ကြိုးပမ်းမှုနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းမှုကို အနှောင့်အယှက် ပေးလာပြီး ပြည်ထောင်စုဆိုသော အခြေအနေကို ယုံကြည်မှု လျှော့နည်းသွားမည်ကို ဆိုလိုခြင်းလား တွေးစရာဖြစ်သည်။

ဓာတ်ပုံ - MOIပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေး တတိယအကြိမ်ကျင်းပစဉ်က တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောနေစဉ်။

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “NCA အကောင်အထည်ဖော်ရာတွင် ကတိသစ္စာတည်ကြည်ရန် လိုအပ်သည်ကို အားလုံး နားလည်ကြပြီး ဖြစ်တယ်။  လက်ရှိ အခက်အခဲများမှာ NCA ကြောင့် မဟုတ်၊ NCA အကောင် အထည် ဖော်ရာတွင် အားနည်းချက်၊ လိုက်နာရန် လိုအပ်ချက်နဲ့ နားလည်မှုကွဲပြားခြင်းကြောင့် ဖြစ်ပွားလာသည့် အခက် အခဲ များဖြစ်နေတာ”ဟု အောက်တိုဘာ ၂၈ ရက်က NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမိန့်ခွန်းတွင် ထည့်ပြော ခဲ့သည်။

ထို့နောက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လိုပါက ပျော့ပျောင်းညင်သာမှုနှင့် သဘောထားကြီးမှု လိုအပ်သည်ကို သတိချပ်စေလိုကြောင်းလည်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တပ်မတော်အနေဖြင့် NCA အပေါ် ရပ်တည်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ခိုင်ခိုင်မာမာ ဆောင်ရွက်မည်ဟု NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား မိန့်ခွန်းမှာ ပြော သွားခဲ့သည်။

“ We are Myanmar ဆိုသည့်တပေါင်းတစည်းတည်းစိတ်ဖြင့်ညှိနှိုင်းဆွေးနွေးမှအလုပ်ဖြစ်နိုင်မည်”ဟု ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင် NCA စာချုပ်သည် တစ်ပိုင်းတစ်စ ပျက်နေပြီဖြစ်ရာ တစ်စုံလုံး ပျက်မသွားအောင်နှင့် တစ်ပိုင်းတစ်စ ပျက်နေပြီဖြစ်သော အခြေအနေကို ပြန်လည် ဖာထေးနိုင်ရန်အတွက် သက်ဆိုင်သူများ အားလုံး ဝိုင်းဝန်း ကြိုးပမ်းကြရန် တာဝန်ရှိသည်။

NCA စာချုပ် ပျက်ပါက တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းနှင့်အတူ တိုက်ပွဲကပေးမယ့် ဘေးအန္တရာယ်များကို ပြည်သူ လူထု ဒုက္ခခံရတော့မည် ဖြစ်သလို ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တနေသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အိပ်မက်လည်း တစ်ပါးတည်း ပျက်ပြားသွားမည်ကို အားလုံး သတိပြုရန်လည်း လိုအပ်ပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required