၀န်ကြီးများရုံးတွင် Spa အနှိပ်ခန်း ဖွင့်လှစ်သည့်ကိစ္စ လွှတ်တော်ကိုယ်စားလှယ်အချို့ အပြင်းအထန်ကန့်ကွက်

By လာဘ်ရတနာဗိုလ်
30 October 2019
၀န်ကြီးများရုံးတွင် Spa အနှိပ်ခန်း ဖွင့်လှစ်သည့်ကိစ္စ လွှတ်တော်ကိုယ်စားလှယ်အချို့ အပြင်းအထန်ကန့်ကွက်
 ဓာတ်ပုံ -  သူရ(မဇ္ဈိမ )

ရန်ကုန်၊အောက်တိုဘာ ၃၀။             ။ ရန်ကုန်မြို့၊ဝန်ကြီးများရုံးတွင် Spa အနှိပ်ခန်း ဖွင့်လှစ်သည့်ကိစ္စအပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အချို့က အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။

ဝန်ကြီးများရုံးတွင် စင်ကာပူနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုမှ De Beau Wellness Centre ကို အောက်တိုဘာလ ၂၆ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး Spa အနှိပ်ခန်းကိုပါ ထည့်သွင်းဖွင့်လှစ်ခဲ့မှုကြောင့် မကြာမီ လူမှုကွန်ရက်စာ မျက်နှာ ပေါ်၌ အဆိုပါကိစ္စအပေါ် ဝေဖန်မှုများ ပြင်းထန်လာခဲ့သည်။

 "ဒီဝန်ကြီးများရုံးဟာ ကျွန်တော်တို့မြန်မာနိုင်ငံစပြီးတော့ ဖြစ်တည်တဲ့နေရာပေါ့ဗျာ။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင်လို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဝန်ကြီးအဖွဲ့တွေနဲ့ ဒီနေရာမှာရုံးထိုင်ပြီးတော့ လွတ်လပ်ရေး ရအောင် ယူခဲ့တယ်။ လွတ်လပ်ရေးရတဲ့ အခမ်းအနားကလည်း ဒီနေရာမှာလုပ်ခဲ့တယ်။ မြန်မာနိုင်ငံတော် အလံကိုလည်း ဒီနေရာမှာ ပထမဆုံးစတင်လွှင့်ထူခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင် ကြီးတွေ လုပ်ကြံခံရတယ်။ တိုင်းပြည်အတွက် အသက်ပေးခဲ့တာလည်း ဒီနေရာဖြစ်တယ်။ အဲ့ဒီလောက် ထင်ရှားပြီး တန်ဖိုးကြီးမားတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တကယ့် အထွဋ်အမြတ်ထားတဲ့ ပြယုဂ်တစ်ခုမှာ ဒါမျိုး လုပ်ငန်းမျိုးကို လုပ်ဆောင်တယ်ဆိုတာကတော့ ဘယ်လိုမှမဖြစ်သင့်တဲ့ကိစ္စ။ ဘယ်လိုမှခံစားလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ဒီနေရာမှာ ဒီလုပ်ငန်းလုပ်မယ် ဒီဆိုင်ဖွင့်မယ်ဆိုတာကို လုံးဝ လက်မခံပါဘူး။"ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

အဆိုပါကိစ္စအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူအများစုမှာ မသိခဲ့ကြကြောင်း၊ဝန်ကြီးများရုံး ဧရိယာသည် အလွန်ကျယ်ဝန်းပြီး လူတိုင်းအလွယ်တကူဝင်ခွင့်မရခြင်းကြောင့် အတွင်း၌ မည်သို့သော လုပ်ငန်းမျိုး လုပ်ကိုင်နေသည်ကို အများပြည်သူမှ သိရှိရန်မလွယ်ကူကြောင်း ပြည်သူတို့က သုံးသပ်ကြသည်။

"ဝန်ကြီးများရုံးဆိုတာကတော့ ဒီနိုင်ငံရဲ့အမွေအနှစ်ပေါ့နော်။ ဒါကို နိုင်ငံသားတိုင်းက တန်ဖိုးထားဖို့လိုတယ်။ ဒီ Spa ဆိုတာလည်း အနောက်တိုင်းဓလေ့အရပဲပေါ့နော်။ အဲ့ခါမှာကျတော့ ဒီလိုမျိုး တန်ဖိုးထားရတဲ့ အမွေအနှစ် ရုံးမှာ လာဖွင့်တာကတော့ လုံးဝလက်မခံနိုင်ပါဘူး"ဟု ရန်ကုန်မြို့တွင်နေထိုင်သော မနော်နေဂေးသက ဆိုသည်။

ဝန်ကြီးများရုံးအဆောက်အဦကို (၁၈၈၉)ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး (၁၉၀၅)ခုနှစ်၌ ပြီးစီးခဲ့သည်။ ဆောက်လုပ်စဉ်က တောင်ဘက်အဆောက်အဦကို စတင်ဆောက်လုပ်ခဲ့ပြီး (၁၉၀၃)ခုနှစ်အရောက်တွင် အရှေ့ဘက်၊ အနောက်ဘက်စသည့် ကျန်အဆောက်အဦများကို ဆက်လက်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

"လွှတ်တော်ကနေတဆင့် ဒါဟာမဖြစ်သင့်ကြောင်း အန်ကယ်ကတော့ တိုက်တွန်းမှာပါ။ အန်ကယ်တို့ ကော် မတီကတော့ အတိလင်းကန့်ကွက်တယ်။ ဒါကြီးဟာ ဒီသမိုင်းဝင်အဆောက်အဦနဲ့မဖြစ်သင့်ကြောင်းကို ကန့် ကွက်မှာ။ လွှတ်တော်ရေးရာကော်မတီဆိုတာက လွှတ်တော်ငယ်တွေပဲလေ။ လွှတ်တော်ရေးရာ ကော်မတီ သုံးခုလောက်ကနေ သဘောထားမှတ်ချက်နဲ့ လွှတ်တော်ဥက္ကဋ္ဌကနေတဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို ပို့တယ်ဆိုရင် ဒါလွှတ်တော်က ကန့်ကွက်တာပဲ။" ဟု ဒဂုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောသည်။

ဝန်ကြီးများရုံးကို လွတ်လပ်ရေးခေတ်မတိုင်ခင်က အတွင်းဝန်ရုံးဟု ခေါ်ဝေါ်ခဲ့ကြပြီး (၁၉၄၈)ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးအခမ်းအနားနှင့် အလံတင်ပွဲကိုလည်း ဝန်ကြီးများရုံး၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly