မန္တလေးတွင် ငွေကျပ် သုံးဘီလီယံကျော်အသုံးပြုကာ ဝန်ထမ်းအိမ်ရာ တိုက်ခန်း ၁၂ခု တည်ဆောက်မည်

မန္တလေးတွင် ငွေကျပ် သုံးဘီလီယံကျော်အသုံးပြုကာ ဝန်ထမ်းအိမ်ရာ တိုက်ခန်း ၁၂ခု တည်ဆောက်မည်

မန္တလေး၊ အောက်တိုဘာ ၃၀ ။       ။ မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀ ဘဏ္ဍနှစ်တွင်ဝန်ထမ်းအိမ်ရာ တိုက်ခန်း ၁၂ခုကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၃ဒဿမ ၇ ဘီလီယံ အသုံးပြုကာ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာန၏ ညွှန်ကြားရေးမှူး ဦးသက်နိုင် ကပြောသည်။

“ဒေသအတွင်းမှာပဲ တည်ဆောက်ဖို့ တင်ဒါခေါ်နေပါပြီ။ လာမယ့် နိုဝင်ဘာလအတွင်းမှာ တင်ဒါ အောင်မြင်တဲ့သူတွေကို လုပ်ငန်းအပ်နှံပြီး စတင်ဆောက်လုပ်တော့မှာဖြစ်ပါတယ်။ ၂၀၂၀ အောက် တိုဘာလမှာ အပြီး တည်ဆောက်သွားမှာပါ။ အခုတည်ဆောက်မယ့် ၁၉၂ခန်းပြီးသွားရင် မန္တလေး တိုင်းအတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအရေအတွက်နဲ့နှိုင်းယှဉ်ရင် ၂၅ဒဿမ ၃၆ရာခိုင်နှုန်းကို အိမ်ယာတွေ တည်ဆောက် ပေးနိုင်ခဲ့ပါပြီ” ဟု ၎င်းကပြောသည်။

ယခုဘဏ္ဍနှစ်တွင် တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာတိုက်ခန်းများမှာ တစ်ခန်းလျှင် ၆၅၀ စတုရန်း ပေအကျယ် အဝန်းရှိပြီး လေးခန်းတွဲလေးထပ်ပါ တိုက်အလုံးပေါင်း ၁၂လုံးကို အခန်းပေါင်း ၁၉၂ခန်း ဖြင့်တည် ဆောက်ပေးသွား မည်ဖြစ်ကြောင်း အဆိုပါတိုက်ခန်းများအနက် ချမ်းမြသာစည်မြို့နယ်တွင် နှစ်လုံး၊ မလှိုင်မြို့နယ်တွင် တစ်လုံး၊ ရမည်သင်း မြို့နယ် တစ်လုံး၊ စဉ့်ကူးမြို့နယ်တွင် နှစ်လုံး၊ မတ္တရာမြို့နယ်တွင် တစ်လုံး၊ ညောင်ဦးမြို့နယ်တွင် သုံးလုံး၊ နွားထိုးကြီးမြို့နယ်တွင် တစ်လုံးနှင့် တောင်သာမြို့နယ်တွင်တစ်လုံး စုစုပေါင်း တိုက်လုံးရေ ၁၂လုံးကိုတည်ဆောက်ပေးသွားမည်ဖြစ် သည်။

မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနအေနဖြင့် တိုင်းဒေသကြီးအတွင်း အရောင်းအိမ်ယာများ တည်ဆောက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ဆောက် လုပ်ရေးအိမ်ယာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHID)တွင် အိမ်ယာဝယ်ယူရန် စုဆောင်းထားကြသူ ၂၉၉၉ ဦး ရှိနေကြောင်း သိရသည်။

၂၀၁၈-၁၉ဘဏ္ဍနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် ၈ ဒဿမ ၈ ဘီလီယံသုံးစွဲ၍ ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၅၉၀ကို တည်ဆောက်ပေးခဲ့ပြီး ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြစ် ၄ ဒဿမ ၈ဘီလီယံသုံးစွဲကာ ဝန်ထမ်းအိမ်ရာတိုက်ခန်းပေါင်း ၂၄၀ကို တည်ဆောက်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဝန်ထမ်းအိမ်ရာတိုက်ခန်းများကို နိုင်ငံတော်ပိုင်မြေပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး လုပ်သက်ဆယ်နှစ်နှင့် လုပ်သက်ဆယ်နှစ်အထက်ရှိသော မန္တလေးတိုင်းအတွင်း တာဝန်ထမ်း ဆောင်နေသည့် နိုင်ငံဝန် ထမ်းများအားလုံးလျှောက်ထားနိုင်ကြောင်း သိရသည်။ ထို့အပြင် အိမ်ရာ ပိုင်ဆိုင်မှုအရ  အငှားအိမ်ရာများဖြစ်ပြီး ဝန်ထမ်းပင်စင်ယူသွားပါက နေရာမှ ရွှေ့ပြောင်းပေးရမည် ဖြစ်ကြောင်း ဝန်ထမ်းတချို့ထံမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly