ကျားဟော်မုန်းကို ဘယ်နေရာမှာ အသုံးချလဲ

ကျားဟော်မုန်းကို ဘယ်နေရာမှာ အသုံးချလဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကျားဟော်မုန်းကို တက်စတိုစတီရုန်းဟော်မုန်း (Testosterone) လို့လည်း ခေါ်ပြီး အမျိုးသား၊ အမျိုးသမီးမရွေး ကိုယ်ခန္ဓာမှာ ပမာဏတစ်ခုထိ ရှိဖို့လိုအပ်ပါတယ်။ အမျိုးသားတွေမှာတော့ ကျားဟော်မုန်းပမာဏ ပိုများတတ်ပြီး အမျိုးသမီးတွေမှာတော့ သတ်မှတ်ထားတဲ့ ပမာဏအနည်းငယ်လောက်ကိုပဲ ကိုယ်ခန္ဓာမှာ သိမ်းဆည်းထားတာ သဘာဝပါပဲ။ ဒီဟော်မုန်း ကိုယ်ခန္ဓာတွင်း ဖြစ်ပျက်ပြောင်းလဲနေတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းစွာလည်ပတ်အလုပ်လုပ်စေဖို့ ကူညီပေးတယ်။ လူတစ်ယောက်ရဲ့ စိတ်နဲ့ခန္ဓာ ကျန်းမာစေခြင်း၊ လိင်ပိုင်းဆိုင်ရာ စိတ်ခံစားချက်တွေကို ဖြစ်ပေါ်စေခြင်း၊ ကိုယ်ခန္ဓာကြီးထွားမှုဖြစ်စဉ်မှာလည်း ကူညီပေးနိုင်ပါတယ်။
ကျားဟော်မုန်းကို ဘယ်နေရာကနေ ထုတ်လုပ်ပေးလဲ။

အမျိုးသားတွေမှာ လိင်အင်္ဂါအနောက် ကပ္ပါယ်အိတ်အတွင်းမှာ ရှိနေတဲ့ ဝှေးစေ့ကနေ ထုတ်လွှတ်ပေးပြီး အမျိုးသမီးတွေမှာတော့ သားဥအိမ်ကနေ ထုတ်လွှတ်ပေးပါတယ်။ ကျောက်ကပ်ထဲမှာရှိတဲ့ အက်ဒရီနယ် ဂလန်း (Adrenal Glands) ကနေလည်း ထုတ်လွှတ်ပေးနိုင်ပါတယ်။
ကျားဟော်မုန်းကို ဘယ်နေရာမှာ အသုံးပြုလဲ။

ယောက်ျားတွေအတွက် မရှိမဖြစ် ကျားဟော်မုန်းသည် ကိုယ်တွင်းအင်္ဂါတွေကောင်းစွာ အလုပ်လုပ်နိုင်စေဖို့၊ ကိုယ်ခန္ဓာအပြင်ဘက်မှာ ရှိနေတဲ့ ကြွက်သားထုတွေ ဖွံ့ဖြိုးစေဖို့၊ စိတ်ကျန်းမာရေးပြဿနာတွေကို တိုက်ထုတ်ပေးနိုင်ဖို့ အဓိကကူညီပေးပါတယ်။ ကျားဟော်မုန်းရဲ့ လုပ်ဆောင်ချက်တွေကတော့ အမျိုးသားတွေမှာဆိုရင်
လူပျိုအရွယ် (အသက် ၁၀ နှစ်မှ ၁၈ နှစ်အတွင်း) မှာ

  • • ကိုယ်ခန္ဓာ ကြီးထွားစေဖို့
  • • အရပ်ရှည်စေဖို့
  • • ကြွက်သားထုတက်စေဖို့
  • • အသံသြလာစေဖို့
  • • မျက်နှာ၊ ချိုင်း၊ ဆီးခုံနဲ့ ကိုယ်ခန္ဓာအနှံ့အပြားမှာ အမွေးအမျှင်များ ပေါက်လာစေဖို့
  • • လိင်အင်္ဂါ ကြီးထွားစေဖို့ ကူညီပေးတယ်။

လူလတ်ပိုင်း (အသက် ၁၉ နှစ်နောက်ပိုင်း) မှာ

  • • စိတ်ခွန်အားတက်ကြွနေစေဖို့
  • • သုက်ပိုးရဲ့ ကျန်းမာရေးနဲ့ ကူးခတ်နိုင်စွမ်း၊ မျိုးအောင်နိုင်စွမ်း ကောင်းစေဖို့
  • • လိင်စိတ်ဆန္ဒ မြင့်တက်လာစေဖို့ အဓိက ကူညီပေးပါတယ်။

အမျိုးသမီးတွေမှာလည်း ရှိသင့်တဲ့ ပမာဏအလိုက် ထိန်းထားမယ်ဆိုရင် လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးပြီး အိမ်ထောင်ရေးသုခကို အပြည့်အဝရစေတယ်။ ရာသီလာချိန်ကို မှန်စေပြီး ဒီလိုအချိန်မှာ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာကို အနည်းငယ်သက်သာစေတယ်။ သွေးနီဆဲလ်အသစ်တွေကို အလျင်အမြန်ထုတ်လုပ်ပေးဖို့ ကိုယ်ခန္ဓာကို လှုံ့ဆော်ပေးပါတယ်။
ကျားဟော်မုန်း နည်းနေလား၊ များနေလား ဘယ်လိုသိနိုင်မလဲ။

လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းပမာဏကိုတော့ အတိအကျ တွက်ပြလို့ မရပါဘူး။ ရှိသင့်တဲ့ ပမာဏထက် နည်းတဲ့အခါ (အမျိုးသား) သို့မဟုတ် များနေတဲ့အခါ (အမျိုးသမီး) ကိုယ်ခန္ဓာကနေ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ပြလာတတ်တာကိုတော့ တွေ့ရမှာပါ။
အမျိုးသားတွေမှာ ကျားဟော်မုန်းနည်းလာတဲ့အခါ

  • • လိင်စိတ်ဆန္ဒနည်းသွားတာ
  • • လိင်တံမထောင်မတ်နိုင်တော့တာ
  • • ဝမ်းဗိုက်မှာ အဆီဖုံးနေတာ
  • • ရင်သားဆူထွက်လာတာ
  • • မျိုးမအောင်ဘဲ မြုံတာ
  • • ကိုယ်ခန္ဓာမှာ အမွေးအမျှင်နည်းလာတာ၊ သို့မဟုတ် ကျွတ်လာတာ
  • • အသံက မသြဘဲ ညှောင်နာနာဖြစ်နေတာ
  • • ကြွက်သားထု လျော့နည်းလာတာ စတဲ့ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

အမျိုးသမီးတွေမှာလည်း ကျားဟော်မုန်းနည်းလာတဲ့အခါ လိင်စိတ်ဆန္ဒနည်းလာခြင်း၊ သန္ဓေမတည်နိုင်တော့ခြင်း၊ ရာသီစက်ဝန်း ကမောက်ကမဖြစ်ပြီး ရာသီလာချိန် စောခြင်း သို့မဟုတ် နောက်ကျခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကျားဟော်မုန်းများလွန်းတဲ့အခါမှာလည်း

  • • အသံက ယောက်ျားအသံကဲ့သို့ သြသြကြီးဖြစ်နေခြင်း
  • • မလိုအပ်ဘဲ အမွေးအမျှင်များထူနေခြင်း
  • • ကိုယ်လုံးကိုယ်ပေါက် ထွားလွန်းခြင်း
  • • ကိုယ်အလေးချိန်တက်လွယ်ခြင်း
  • • ဝကျခွံ အလှနျအကြှံထှကျခွငျး
  • • လိင်စိတ်ဆန္ဒနည်းလွန်းနေခြင်း
  • • ဆံပင်ကျွတ်ပြီးထိပ်ပြောင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
  • စိတ်ကျန်းမာရေး နောက်ဆက်တွဲဆိုးကျိုးအနေနဲ့
  • • အာရုံစူးစိုက်မရခြင်း
  • • ကိုယ်လုပ်နေတဲ့ အလုပ်ပေါ် စိတ်ပါဝင်စားမှုနည်းသွားခြင်း
  • • စိတ်ဓာတ်ကျခြင်း
  • • မှတ်ဉာဏ်မကောင်းတော့ခြင်း
  • • သတိမေ့လွယ်ခြင်း
  • • ညဘက်အိပ်မပျော်တော့တာ စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
  • ကျားဟော်မုန်း ပုံမှန်မဟုတ်တဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

အမျိုးသားတွေမှာ ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းပမာဏထက် နည်းလွန်းနေရင် ဆရာဝန်အနေနဲ့ လူနာရဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေးအခြေအနေ၊ နေထိုင်စားသောက်မှုပုံစံ၊ သောက်နေတဲ့ ဆေးဝါးတွေအကြောင်းကို အရင်ဆုံးစစ်ဆေးမှာဖြစ်ပါတယ်။ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ ကျားဟော်မုန်းအစားထိုးကုသနည်းတွေဖြစ်တဲ့ ဆေးရည်ကပ်ခွာ ကပ်ခြင်း၊ သွေးကြောထဲသို့ ဟော်မုန်းဆေးထိုးသွင်းခြင်း ကုထုံးတွေနဲ့ ကုသပေးမှာဖြစ်ပါတယ်။

အမျိုးသမီးတွေမှာတော့ ကျားဟော်မုန်းများခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်လာတဲ့ ပြဿနာကို အရင်ဆုံးစစ်ဆေးပြီး လိုအပ်တဲ့ လိမ်းဆေး၊ သောက်ဆေးတွေကို ပေးတတ်ပါတယ်။ တချို့သောအခြေအနေမှာတော့ ကျားဟော်မုန်းဆန့်ကျင်ကုထုံး (Anti-Androgen Therapy) ဖြင့် ကုသမှုခံယူဖို့အတွက်ကို လူနာနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။

ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကျားဟော်မုန်းပမာဏသည် ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်အားဖြည့်နေတာကြောင့် ကိုယ့်မှာဒီလိုပြဿနာတွေ ဖြစ်နေတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး စစ်ဆေးကြည့်ဖို့ အကြံပေးလိုက်ပါတယ်နော်။

အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly