“ကြိုတင်မဲ ကြောက်စရာ ကောင်းတုန်းပဲလား”

“ကြိုတင်မဲ ကြောက်စရာ ကောင်းတုန်းပဲလား”

အခုဆိုရင် ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲအတွက် မဲပေးပွဲကြီး စတင်နေပြီလို့ ပြောနိုင်ပါတယ်။ အကြောင်းကတော့ ပြည်ပရောက် မြန်မာတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေက သံရုံးတွေမှာ ကြိုတင်မဲတွေ ပေးနေကြပြီဖြစ်လို့ ဖြစ်ပါတယ်။ ပြောရရင် အရင် စစ်အစိုးရလက်ထက်က ကျင်းပပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲ ဆိုတာဟာ အတော်လေးကို နာမည်ပျက်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ကြုံဖူးတဲ့ အမတ်လောင်းတွေ မဲပေးခဲ့သူတွေ ဘယ်သူ့ကိုမေးမေး ကြိုတင်မဲ ဆိုတာကို အဆိုးမြင်နဲ့ပဲ ဖြေကြပါတယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲ လုပ်မယ် ဆိုတဲ့အခါ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက ကြိုတင်မဲ ဆိုတာကို မကြောက်ကြပါနဲ့၊ ၂၀၁၀ တုန်းက လိုမျိုး ဆက်ပြီး မဖြစ်စေရပါဘူး၊ ၂၀၁၀ တုန်းက ဖြစ်သွားရတာဟာ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ရှိရဲ့သားနဲ့ ဖြစ်တာ၊ အခု ၂၀၁၅ မှာတော့ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေ လိုက်နာပြီး လုပ်ကိုင်ကြမှာမို့ အဲလို ဖြစ်စရာ မရှိတော့ပါဘူးလို့ ဖြေကြပါတယ်။ သူတို့ ပြောသလို တကယ်ပဲ ကြိုတင်မဲဆိုတာ ပူပန်စရာ မလိုတဲ့ ကိစ္စ ဖြစ်သွားပါပြီလား၊ ဒါမှမဟုတ် ဘယ်သူမှ မစစ်ဆေးနိုင်သေးလို့ ၂၀၁၀ တုန်းကလိုပဲ ကြောက်စရာ ကောင်းတုန်းပဲလား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

တကယ်တော့ မဲပေးတဲ့ လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာမှု ရှိအောင်နဲ့ မသမာမှုတွေ မဖြစ်ပေါ်အောင် ပြိုင်ပွဲဝင် အမတ်လောင်းတွေ အနေနဲ့ အဆင့်တိုင်း အဆင့်တိုင်းမှာ စစ်ဆေးခွင့် အချက်အလက် သိရှိပိုင်ခွင့် ရှိရပါမယ်။ သူတို့အတွက် မဲလက်မှတ်တွေ ဘယ်လောက် ရိုက်ထုတ်ထားတယ် ဆိုတာကအစ၊ မဲလက်မှတ် ထုတ်ပေးရင်လည်း မဲစာရင်းမှာပါတဲ့ ဘယ်သူ့ကို ထုတ်ပေးတယ်၊ အဲဒီလူတွေ လွတ်လွတ်လပ်လပ် မဲပေးခွင့် ရမရ၊ အစအဆုံး စစ်ဆေးပိုင်ခွင့် ရှိရပါမယ်။ ဒါမှသာ ဒိုင်အဖြစ် တာဝန်ယူကျင်းပပေးတဲ့ ကော်မရှင်က ဖြစ်စေ၊ ကော်မရှင် လုပ်ငန်း တစ်စိတ်တစ်ပိုင်းမှာ ပါဝင်သူ တစ်ဦးတစ်ယောက်ယောက်က ဖြစ်စေ၊ တစ်ဖွဲ့ဖွဲ့က ဖြစ်စေ မသမာမှု လုပ်တာကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

အခု ပြည်ပရောက် မြန်မာတွေ ကြိုတင်မဲ ပေးတဲ့ လုပ်ငန်းစဉ်ကို ကြည့်ကြရအောင်ပါ။ ပြည်ပရောက် မြန်မာတွေနဲ့ ပတ်သက်ပြီး မဲစာရင်းပြုစုတဲ့ လုပ်ငန်းစဉ်မှာ အမတ်လောင်းတွေ လုံး၀ ပါဝင်ခွင့် မရှိပါဘူး။ ဒါကြောင့် အဲဒီ မဲဆန္ဒရှင်တွေ မဲစာရင်းထဲမှာ မပါတဲ့ ပြသနာ နဲ့ အခြား အထွေထွေ ပြသနာတွေကို အမတ်လောင်းတွေ သိခွင့်မရပါဘူး။ ဒါကြောင့်လည်းပဲ အမတ်လောင်း တစ်ယောက် အနေနဲ့ ကိုယ်ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မှာ ပြည်ပရောက် မဲဆန္ဒရှင် အရည်အတွက် ဘယ်လောက်ရှိနေတယ်၊ ဘယ်နိုင်ငံတွေက ဖြစ်တယ်၊ အဲဒီလူတွေဟာ ဘယ်မဲရုံစာရင်းမှာ ပါတဲ့ ဘယ်သူတွေ ဖြစ်တယ်ဆိုတာ ကိုလည်း လုံး၀ မသိတဲ့ သဘောဖြစ်သွားပါတယ်။

အခုဆို ပြည်ပရောက် မြန်မာတွေ သံရုံးတွေမှာ သွားပြီး မဲပေးနေကြပါပြီ။ သူတို့ မဲပေးရမယ့် လက်မှတ်တွေကို အဲဒီ ပြည်ပရောက် မဲဆန္ဒရှင် နေထိုင်ခဲ့ရာ၊ စာရင်းပေါက်ရာ မြို့နယ် ကော်မရှင်ရုံးကနေ မဲလက်မှတ်တွေကို အဆင့်ဆင့် ပို့ပေးရတာမျိုးပါ။ ဒီအဆင့်ထိ ဘယ်လို ရောက်လာသလဲ အရင် ကြည့်ကြရအောင်ပါ။ ကော်မရှင်ဟာ မဲဆန္ဒနယ်မြေပေါင်း ၁၁၅၉ နေရာအတွက် မဲလက်မှတ်တွေ ရိုက်နှိပ်ဖို့ ဆိုပြီး ပြန်ကြားရေး ဝန်ကြီးဌာန ကို အပ်ရပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနဟာ အခု လက်မှတ်တွေကို ရိုက်နှိပ်တာ ပြီးသွားလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ပို့ဆောင်ပြီးသား ဖြစ်မှာ ပါ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေမှ သက်ဆိုင်ရာ မြို့နယ် ကော်မရှင် အဖွဲ့ခွဲတွေဆီ မဲလက်မှတ်တွေ ပေးပို့ရပါတယ်။ အခု မြို့နယ် ကော်မရှင်ကနေ နိုင်ငံခြားရောက် မြန်မာတွေ မဲပေးနိုင်အောင် မဲလက်မှတ်တွေ ပို့ပေးရပါတယ်။

ပြသနာက အဲဒီမှာ စတာပါ။ မြို့နယ် ကော်မရှင်ဟာ နိုင်ငံရပ်ခြား ဘယ်နိုင်ငံမှာ နေထိုင်တဲ့သူတွေကနေ မဲပေးချင်ပါတယ် ဆိုပြီး တောင်းဆိုတယ် ဆိုတာကို ထုတ်ဖော်ကြေငြာရပါမယ်။ ဒါမှမဟုတ် အမတ်လောင်းတွေကို အသိပေးရပါမယ်။ အဲဒီထဲကမှ ပြုစုထားတဲ့ မဲစာရင်းနဲ့ ကိုက်ညီတဲ့ ဘယ်သူတွေကို မဲလက်မှတ် ဘယ်လောက် ပို့ပေးမယ် ဆိုတာကို ထုတ်ပြန်ရပါမယ်။ ပြီးရင် အမတ်လောင်းတွေ ကိုအသိပေးရပါမယ်။ တကယ့်တကယ် အဲဒီ လက်မှတ်တွေကို ကြိုတင်မဲလက်မှတ်တွေအဖြစ် နိုင်ငံရပ်ခြားကို ပို့ပေးတော့မယ် ဆိုရင် အမတ်လောင်းတွေကို ခေါ်ယူပြီး သူတို့ရှေ့မှာ မဲရုံ တာဝန်ရှိသူက မဲရုံ စည်းတံဆိပ် ထု ပေးတာ၊ လက်မှတ်ထိုးပေးတာ လုပ်ရပါမယ်။ အဲဒီ မဲလက်မှတ်တွေ နိုင်ငံခြားကို ပို့မယ့် အကြောင်း အမတ်လောင်းတွေ သိစေဖို့ပါ။ ဒါမှသာ တကယ့်တကယ် မဲပေးတဲ့နေ့၊ ညနေစောင်း မြို့နယ် ကော်မရှင်မှာ မဲတွေကို စုစည်းတဲ့အခါ အဲဒီ နိုင်ငံခြားကနေ ပြန်ရောက်လာတဲ့ မဲလက်မှတ် ဘယ်လောက် ဆိုတာကို အမတ်လောင်းက တိုက်ဆိုင် စစ်ဆေးနိုင်မှာပါ။

အဲဒီလောက်နဲ့လည်း မလုံလောက်သေးပါဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံခြားကို ကြိုတင်မဲ လက်မှတ် ဘယ်လောက် ပို့ပေးတယ်၊ အဲဒီအထဲကမှ ဘယ်လောက် ပြန်ရောက်လာ တယ်၊ အဲဒီ မဲလက်မှတ်တွေထဲမှာ ဘယ်မဲဆန္ဒနယ် အတွက် မဲလက်မှတ် ဘယ်လောက် ပါလာတယ် ဆိုတဲ့ စာရင်းအချုပ်ကိုလည်း တရားဝင် ထုတ်ပြန်ပေးထားရပါလိမ့်မယ်။ ဒီ စာရင်း ထုတ်ပြန်ထားမှသာ အမတ်လောင်းတွေ သိနိုင်မှာ ဖြစ်ပြီး မဲစာရင်းတွေ ပေါင်းတဲ့အခါ တိုက်ဆိုင် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေကတော့ အဲဒီလို မဟုတ်ပါဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ပြည်ပနိုင်ငံ၊ ဘယ်နိုင်ငံ ဘယ်နိုင်ငံက သံရုံးတွေကို မဲလက်မှတ်တွေ ဘယ်လောက် ပေးပို့လိုက်တယ် ဆိုတဲ့ စာရင်းချုပ် ထုတ်ပြန်ခြင်း မပြုပါဘူး။ ဒါ့အပြင် အဲဒီ မဲလက်မှတ်တွေဟာ ဘယ်မဲဆန္ဒနယ်က မဲလက်မှတ် ဘယ်လောက်စီ ဖြစ်တယ် ဆိုတဲ့ စာရင်းချုပ်ကိုလည်း မထုတ်ပြန်ပါဘူး။ သက်ဆိုင်ရာ မြို့နယ် ကော်မရှင်ရုံးတွေကလည်း သူတို့ မဲဆန္ဒနယ်ကနေ ကြိုတင်မဲ အတွက် မဲလက်မှတ် ဘယ်လောက် ပေးပို့လိုက်ရတယ် ဆိုတာ မထုတ်ပြန်ပါဘူး။ အားလုံး ကော်မရှင်အဆင့်ဆင့်ဟာ သူတို့ ဘာသာ သူတို့ စိတ်ကြိုက် လုပ်နေတာဖြစ်ပြီး၊ ဘယ်ပါတီ ဘယ်အမတ်လောင်းကမှလည်း စစ်ဆေးဖို့ အခွင့်အရေး မရှိပါဘူး။

အဲဒီလို စစ်ဆေးလို့ မရနိုင်တဲ့အတွက် လက်ရှိ ပြည်ပကို ပို့ပေးနေရတဲ့ ကြိတင်မဲတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမှ ယုံကြည်လို့ မရနိုင်ပါဘူး။ အကြောင်းကတော့ ကြိုတင်မဲအဖြစ် မဲလက်မှတ် ဘယ်လောက် ဘယ်နေရာတွေကို ရောက်သွားသလဲ မသိနိုင်လို့ပါ။ ဒီနေရာမှာ အမတ်လောင်းတွေရော ပါတီတွေပါ သတိပြုကြဖို့က လက်ရှိ ပြည်ပကနေ မဲပေးဖို့ လျောက်ထားသူ ၃ သောင်းကျော်လောက်ပဲ ရှိပါတယ်။ ကော်မရှင်ကတော့ ကြိုတင်မဲ စာအိတ်ကို ၃ သန်းစာလောက် ရိုက်ထားပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ တပ်မတော်သားနဲ့ ဝန်ထမ်းအားလုံး တစ်ယောက်မကျန် ကြိုတင်မဲ ပေးတယ် ဆိုရင်တောင် အဲဒီ စာအိတ်တွေ မကုန်ပါဘူး။ နောက်တစ်ချက်ကတော့ သိပ်မကြာခင် ပြည်တွင်း ကြိုတင်မဲ ကိစ္စတွေ လာပါတော့မယ်။ အဲဒီအခါမှာလည်း ကော်မရှင်အဆင့်ဆင့်ဟာ ကြိုတင်မဲတွေနဲ့ ပတ်သက်လို့ တိတိကျကျ ထုတ်ပြန်ကြေငြာတာတွေ မရှိရင်၊ အမတ်လောင်းတွေ ခုလိုပဲ ဘာမှ စစ်ဆေးနိုင်မယ့် အခြေအနေ မရှိရင် ကြိုတင်မဲ ဆိုတာဟာ ၂၀၁၀ တုန်းကလိုပဲ ကြောက်စရာ ကောင်းဦးမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags