မြိတ်ညငါးစျေးကို အပြည်ပြည်ဆိုင်ရာငါးလေလံစျေးသို့ ပြောင်းရွှေ့ဖွင့်လှစ်

မြိတ်ညငါးစျေးကို အပြည်ပြည်ဆိုင်ရာငါးလေလံစျေးသို့ ပြောင်းရွှေ့ဖွင့်လှစ်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ အောက်တိုဘာ (၂၉)။      ။ မြိတ်မြို့တွင် ဖွင့်လှစ်ရောင်းချနေသော ညသန်းခေါင်ငါးစျေးကို မြိတ်တောင်ကျေးရွာအုပ်စု အင်းလေး မြိုင် စက်မှုဇုန်ရှိ အပြည်ပြည်ဆိုင်ရာငါးလေလံစျေးသို့ အောက်တိုဘာလ ၂၆ ရက်နေ့က သွားရောက် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ညသန်းခေါင်ချိန်ငါးစျေးကို ယခင်က မြိတ်တောင်နယ်မြေ၊ ရေနံမြေရပ်ကွက်ရှိ ယောကြီးဝ တံတားအနီးတွင် ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

 “ကျွန်တော်တို့ ၁၇ နှစ် လုံးလုံး ရောင်းချလာတဲ့ မိုးသောက်စျေးပေါ့။ မနက်မိုးလင်းမှ ပြန်ရောင်းတဲ့ ငါးစျေးလေး ဖြစ်ပါတယ်။ ရပ်ကွက်ထဲမှာ စျေးသည်တွေရဲ့ ဆူညံမှုနဲ့ အနံ့အသက်ဆိုးတွေကြောင့် နေရာတွေ ခဏခဏ ပြောင်းရွေ့ပြီး ရောင်းခဲ့ရပါတယ်။ အခက်အခဲတွေ အမျိုးမျိုးရှိတာကြောင့် နောက်ဆုံး ဒီလေလံစျေးကြီးကို နောက်ဆုံးပြောင်းရွှေ့ လာရောက်ရောင်းချတာ ဖြစ်တယ်”ဟု ညငါးစျေးတာဝန်ခံ ဦးတင်အောင်က ပြောသည်။

အဆိုပါ သန်းခေါင်ချိန်ညငါးစျေးကို အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးကြီးတွင် လာရောက် ရောင်းချ မှုကြောင့် ကမ်းနီးငါးဖမ်းလှေရှင်များ၊ ငါးအဝယ်ဒိုင်များ၊ တဆင့်ပြန်လည် ရောင်းချသည့် ငါးစျေးသည် များမှာ အရောင်း အဝယ် ပိုဖြစ်နေကြောင်း သိရသည်။

“အရင် ရောင်းခဲ့တဲ့နေရာတွေထက် ဒီနေမှာက ပိုရောင်းရပါတယ်။ အရင်ကလို ညသန်းခေါင်ယံချိန်မှာ ထစရာ မလိုတော့ဘူး။ အိမ်ရေးလည်း မပျက်တော့ပါဘူး။ ရောင်းသူဝယ်သူတွေနဲ့ အားလုံး အဆင်ပြေကြပါတယ်”ဟု ငါးအဝယ်ဒိုင်တစ်ဦးဖြစ်သူ ဒေါ်နီလာသန်းက ပြောသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးကြီးကို ၂၀၀၁ ခုနှစ်တွင်စတင် ဖွင့်လှစ်ခဲ့ပြီး၊ ၂၀၀၂ ခုနှစ် တွင်ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေး ပြဿနာကြောင့် ရပ်နားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂၀ ခွင့်ပြုပေးရန် အစိုးရထံတင်ပြတောင်းဆိုထားသော်လည်း ပြည် ထောင်စုအဆင့်တွင် ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။

 “လက်ရှိ ကျွန်မတို့ ဒီလေလံစျေးကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အတွက် ဒေသတွင်း ငါးရောင်းချ သူတွေနဲ့ ပြန်စနေတာ ဖြစ်ပါတယ်။ အခု လာရောက် ရောင်းချနေတဲ့ဒေသခံ လုပ်ငန်းရှင်တွေကို ဒီနှစ်ကုန်အထိ ဘာမှ အကောက်အခွန်မှ မယူဘဲရောင်းချခွင့် ပေးထားပါတယ်။ ၂၀၂၀ ခုနှစ်မှာ ရောင်းအားအပေါ်မှာ မူတည်ပြီး ကောက်ခံသွားမည် ဖြစ်တယ်”ဟု အပြည်ပြည်ဆိုင်ရာ ငါးလေးလံ စျေး၏ အမှုဆောင် ဒါရိုက်တာ ဒေါ်ဌေးဌေးဝင်းက ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly