အကျဉ်းထောင် စာကြည့်တိုက်များအတွက် စာအုပ် ၃၀၀၀ ကျော်လှူဒါန်း

အကျဉ်းထောင် စာကြည့်တိုက်များအတွက် စာအုပ် ၃၀၀၀ ကျော်လှူဒါန်း
ဓာတ်ပုံ - သူရ/မဇ္ဈိမ

အကျဉ်းထောင်အတွင်းရှိ စာကြည့်တိုက်များအတွက် ကျပ်သိန်း၁၇၀ကျော် တန်ဖိုးရှိ စာအုပ်ပေါင်း ၃၀၀၀ ကျော်ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် မြန်မာရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် စာအုပ်လှူဒါန်းပွဲအခမ်းအနားတွင် အလှူရှင်များက ဒါန်းခဲ့ကြသည်။

အဆိုပါအခမ်းအနားကို အောက်တိုဘာလ(၂၈)ရက်နေ့က သိမ်ဖြူလမ်းရှိ  သတင်းနှင့်စာနယ်ဇင်းဌာန၊ ရွှေဥဒေါင်းခန်းမတွင်  ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဦးယုလွင်အောင်၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ ဟံသာဝတီဦးအုန်းကြိုင်၊ စာရေးဆရာ မုံရွာအောင်ရှင်၊ အင်းစိန်အောင်စိုးနှင့်   အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

“အရင်က အကျဉ်းထောင် နိုင်ငံရေးသမားတွေဟာ ဆေးလိပ်ကိုရေနဲ့ခွာပြီး ဆေးလိပ်ဖင်ဆီခံကိုဖတ်တယ်၊ ဒီတစ်လက်မလောက်ရှိတဲ့သတင်းလေးေတွကို ရှာဖွေပြီးဖတ်ရတယ်၊ အဲ့တာတွေ ဖတ်တာ တွေခဲ့ရင် အရိုက်ခံခဲ့ရပါတယ်”ဟု    အင်းစိန်အောင်စိုးကပြောသည်။

 လက်ရှိ မြန်မာနိုင်ငံအနှံ့က အကျဉ်းထောင်စခန်း တစ်ရာကျော်တွင်  စာကြည့်တိုက်များကို ဖွင့်လှစ်ပေးထားသည်မှာ  (၁၀)နှစ်နီးပါး  ရှိပြီ ဖြစ်သော်လည်း  စာအုပ် လိုအပ်ချက်များ ရှိနေသေးသည်ဟု  အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှုး ညွှန်ကြားရေးမှုး ဦးအေးသွင်က ပြောသည်။

အကျဉ်းသားများ၏  အကျင့်စာရိက္တကို ပြုပြင်ပြောင်းလဲပေးနိုင်ပြီး စိတ်ဓာတ်ကျဆင်းမှု  လျော့နည်းလာစေရန်နှင့် ပြင်ပလောကနှင့်  အဆက်အသွယ်မပြတ်စေရေးအတွက် အကျဉ်းသားများ အလွယ်တကူ စာဖတ်ခွင့်ရစေချင်သည်ဟု   မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ဆိုသည်။

“စာကြည့်တိုက်ထူထောင်မယ်ဆိုတာ စာကြည့်တိုက်ပဲရှိတယ် စာအုပ်တွေမရှိဘူးဆိုတာက မဖြစ်ဘူးလေ၊ ထောင်တွေမှာကျတော့ စာမဖတ်လို့ စာမတက်ဘူး၊ စာမတက်လို့ မဟုတ်တာလုပ်တယ်၊ မဟုတ်တာလုပ်လို့ ထောင်ကျတယ်ဆိုတော့ ပြသာနာရှိတာပေါ့ ဒါကြောင့် စာမဖတ်တဲ့အကျဉ်းသားတွေကို စာဖတ်တဲ့အကျဉ်းသားက ဦးဆောင်ပြီး စာဖတ်ပြတဲ့ စာဖတ်ဝိုင်းတွေလုပ်ဖို့ တိုက်တွန်းထားပါတယ်” ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဦးယုလွင်အောင်က ပြောသည်။


 အကျဉ်းထောင်စခန်းများမှ  စာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး နောင်တွင် သုံးလတစ်ကြိမ် ပြုလုပ်သွားမည်ဟု သိရသည်။

အလှူခံရရှိခဲ့သည့်  စာအုပ်များကို မြန်မာနိုင်ငံတဝှမ်းရှိ ထောင်စခန်း စာကြည့်တိုက်များကို အကျဉ်းသားဦးရေအလိုက် လှူဒါန်းသွားမည် ဖြစ်ပြီး  စာအုပ်လှူဒါန်းလိုသူများအနေဖြင့် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင် သို့မဟုတ်   မြန်မာရေးရာအဖွဲ့ကို ဆက်သွယ်လှူဒန်းနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly