မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးကို AA ပြန်လွှတ်

မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးကို AA ပြန်လွှတ်

ရန်ကုန်၊ အောင်တိုဘာ ၂၈ ။           ။ ရက္ခိုင့်တပ်(AA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် မီးသတ်တပ်ဖွဲ့ဝင်များထဲမှ ၁၂ ဦးကို ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရ သည်။

အဆိုပါ မီးသတ်တပ်ဖွဲ့ဝင် ၁၂ဦးကို အောက်တိုဘာ ၂၈ ရက်နေ့က မြောက်ဦးမြို့တစ်နေရာမှနေ၍ ရပ်မိရပ်ဖများမှ သွားရောက်ခေါ်ဆောင်ကာ မြောက်ဦးမြို့ကားဂိတ်သို့ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ အဲ့ဒီ့အဖွဲ့က လူ ၁၂ ယောက်ရောက်နေတယ်ဆိုလို့ ကျွန်တော်သွားကြည့်တာ။ မြောက်ဦးဂိတ်မှာ အသိတွေရှိတယ်။ ပို့ရင်ရတယ်ဆိုလို့ သွားပို့ပေးလိုက်ကြတာပေါ့။ အကူအညီတောင်းလို့ အကူအညီပေးလိုက်တာပါပဲ ” ဟု သွားရောက်ခေါ်ဆောင်ပေးခဲ့သည့် ရပ်မိရပ်ဖတစ်ဦး ကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့က မန္တလေးမှ စစ်တွေသို့သွားသည့် ရွှေပြည်သစ်ခရီးသည် တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်သားခရီးသည်များကို ရက္ခိုင့်တပ် AA မှ မြောက်ဦးမြို့နယ်အနီးတွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။

အခြေခံမီးသတ်သင်တန်း ဆင်းလာသည့် သင်တန်းသား ၁၈ ဦး ၊ အရပ်သား ၁၂ ဦး ၊ မီးသတ် ဒုဦးစီးမှူး ၁ ဦး ၊ စုစုပေါင်း ၃၁ ဦး တို့ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ယခုအခါ ၁၂ဦးလွတ်မြောက်လာသည့်အတွက် ၁၉ ဦး ကျန်ရှိနေသေးသည်။

ထို့ကြောင့် ရက္ခိုင့်တပ်(AA) သို့ မဇ္ဈိမမှ ဆက်သွယ်ခဲ့ရာ ယခု ၁၂ ဦး လွှတ်မြောက်လာခဲ့သည့် ကိစ္စကိုပင်မသိရသေးဟု ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ ကပြောသည်။

“လွှတ်ပေးဖို့အစီအစဉ်တော့ရှိတယ်။  ဒါပေမယ့် တာဝန်ယူပြီးတော့ လုံခြုံတဲ့နေရာရောက်အောင် ပို့ဆောင်လွှတ်ပေးမယ့်သူက လွှတ်ပြီလား၊ မလွှတ်သေးဘူးလားဆိုတာ ကျွန်တော်လည်း အသေအချာမသိဘူးပြန်မေးကြည့်ပြီးမှပဲ ပြောလို့ရမယ်” ဟု ၎င်းကပြောသည်။

အဆိုပါဖမ်းဆီးခံ မီးသတ်တပ်ဖွဲ့ဝင်များအား ထိန်းသိမ်းရခြင်းမှာ မသင်္ကာဖွယ်ရာ အစုလိုက်အပြုံလိုက် သွားလာနေသည့်အပြင် တပ်မတော် ဘက်မှ ရဲ၊ မီးသတ်တို့၏ ယူနီဖောင်းများ အသုံးပြု၍ သွားခြင်းမျိုး ရှိ၍ဟု AA ဘက်မှပြောသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခံရသည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင် ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်၌ သင်တန်းတက် ရောက်ကာ မြောက်ဦးမြို့သို့ ပြန်လာသူများဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly