Banking As a Service ပလက်ဖောင်းတစ်ခုကို ပြင်သစ်-မြန်မာနှစ်နိုင်ငံကုမ္ပတို့ ပူးပေါင်းတည်ထောင်သွားမည်

Banking As a Service ပလက်ဖောင်းတစ်ခုကို ပြင်သစ်-မြန်မာနှစ်နိုင်ငံကုမ္ပတို့ ပူးပေါင်းတည်ထောင်သွားမည်

ရန်ကုန်၊ အောင်တိုဘာ ၁၇။ ။ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများနှင့် ငွေကြေးအဖွဲ့အစည်းများအတွက် အနာဂတ်တွင် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို တိုးချဲ့လုပ်ကိုင်နိုင်ဖို့အတွက် Banking As a Service ပလက်ဖောင်းတစ်ခုကို တည်ဆောက်ရန် မြန်မာမီလီနီယံဂရု(ပ)နှင့် ပြင်သစ်နိုင်ငံ အေတို့(စ) ( Atos)နည်းပညာကုမ္ပဏီတို့ အောက်တိုဘာလ ၁၇ရက်တွင် စီးပွားမိတ်ဘက်ဆိုင်ရာ သဘော တူလက်မှတ်ရေးထိုးခဲ့သည်။

“ကျွန်တော်တို့က Banking As a Service ပလက်ဖောင်းတစ်ခုကို တည်ဆောက်သွားမှာပါ၊ ဒါက မြန်မာနိုင်ငံဘဏ်လုပ်ငန်းတွေမှာ တွေ့ကြုံနေရတဲ့ နည်းပညာအခက်အခဲတွေကို ဖြေရှင်းပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ ပြီးတော့ ပြည်တွင်းဘဏ်တွေနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေကနေ ထပ်တိုးလုပ်ဆောင်မယ့် ဝန်ဆောင်မှုတွေ၊ စီးပွားရေးအတွေးအမြင်တွေကို ကျယ်ပြန့်အောင် လုပ်ဆောင်ပေးမယ့် အဆင့်မြင့်ပလက်ဖောင်းဖြစ်ပါတယ်” ဟု ပြင်သစ်နည်းပညာကုမ္ပဏီ အေတို့(စ) (Atos) ၏ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ မတ်နက်(စ) အဲဗာဆင်က မဇ္ဈိမကို မြန်မာမီလီနီ ယံဂရုနှင့် ပူးပေါင်းလုပ်ကိုင်မည့် Banking As a Service ပလက်ဖောင်းအကြောင်း ရှင်းပြသည်။

ထိုကဲ့သို့ နှစ်နိုင်ငံကြားဘဏ်လုပ်ငန်းနှင့်ပတ်သတ်သော ပူးပေါင်းလုပ်ကိုင်ခြင်းဆိုင်ရာ သဘောတူညီမှုသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည်ဟု သိရပြီး ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများအတွက် လိုအပ်သော ခေတ်မီကွန်ရက်များ တည်ဆောက်ခြင်း၊ Core Banking စနစ်များတည်ဆောက်ခြင်းနှင့် ဘဏ်များ၏ ဝန်ဆောင်မှုများကို တိုးချဲ့ခြင်းစသည့် နည်းပညာအဖြေရှာသည့် လုပ်ငန်းများလုပ်ကိုင်သွားမည်ဟု သိရသည်။

“ကျွန်တော်တို့ရဲ့ Business Model က ဘဏ်တွေအနေနဲ့သူတို့ ဝန်ဆောင်မှုတွေကို အဆင့်မြင့်တင်ချင်လာပြီဆိုရင် ကျွန်တော်တို့နဲ့ ဆွေးနွေးကြမယ်၊ သူတို့ကြိုက်ပြီဆိုရင် ကျွန်တော်တို့က ဒီနည်းပညာတွေကို တပ်ဆင်ပေးမယ်၊ပြီးရင် လုပ်ငန်းလည်ပတ်ကြမယ်” ဟု မြန်မာမီလီနီယံဂရု၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းဇေယျာလှိုင်က မဇ္ဈိမကို ပြောသည်။

တစ်ဘက်တွင်လည်း မြန်မာနိုင်ငံဘဏ်လုပ်ငန်းများအနေနှင့် နည်းပညာအသုံးပြုမှုအပိုင်းတွင် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ရင် နိမ့်ကျနေသေးသည့်အပြင် ဘဏ်စနစ်ကို အသုံးပြုသည့် လူဦးရေသည်လည်း တစ်နိုင်ငံလုံးလူဦးရေအချိုးနှင့် ယှဉ်ကြည့်ပါက အလွန်ကိုနည်းပါးလျက်ရှိသည်။
“မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းအသုံးပြုသူအရေအတွက်က လူဦးရေရဲ့ ၅ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ ကျွန်တော်တို့ လေ့လာရပါတယ်၊ ပြီးတော့ နိုင်ငံတကာနဲ့ ယှဉ်ကြည့်မယ်ဆိုရင် သေးငယ်နေသေးတယ်လို့မြင်ပါတယ်၊ ဘဏ်လုပ်ငန်းထဲမှာ IT နည်းပညာကို အသုံးချတာကလည်း ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးသေးပါဘူး” ဟု အေတို့(စ) Atos နည်းပညာကုမ္ပဏီ၏ မလေးရှား၊အင်ဒိုနီးရှားနိုင်ငံများဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ မတ်နက်(စ) အဲဗာဆင်က မဇ္ဈိမက ပြောသည်။

မြန်မာမီလီနီယံဂရု၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းဇေယျာလှိုင်ကလည်း “အသုံးပြုသူရှိမှ ဘဏ်တွေက ပိုလှုပ်ရှားနိုင်မယ်၊ အလုပ်တွေပိုကောင်းမယ်၊ ပိုပြီးအာရုံစိုက်လာနိုင်မှာပေါ့နော်၊ အဲဒိအခါ ကျရင်တော့ ဘဏ်တွေအနေနဲ့ ပြင်ပအရင်းအမြစ်တွေကို အသုံးပြုလာနိုင်မယ်၊ အခုလို ဘဏ်အသုံးပြုမှုနည်းပါး နေသေး တာကလည်း ကျွန်တော်တို့အတွက် အဓိက စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်” ဟု မဇ္ဈိမကို ဖြည့်စွပ်ပြောဆိုထားသည်။

မြန်မာမီလီနီယံဂရုပ်နှင့် ဘဏ်လုပ်ငန်းများတွင် နည်းပညာပေးခြင်းဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းလုပ်ကိုင်မည့် ပြင်သစ် နိုင်ငံမှ အေတို့(စ) (Atos) နည်းပညာကုမ္ပဏီသည် ဥရောပ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများတွင် အဆင့် (၂)ရှိ သော ဦးဆောင်ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း (၇၂)နိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက်ရှိသော ကုမ္ပဏီဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို ကြည့်မယ်ဆိုလျှင် ၂၀၁၀နောက်ပိုင်းတွင် ပြည်တွင်းပုဂ္ဂလိက ဘဏ်လုပ် ငန်းအခန်းကဏ္ဍက ပိုပြီးအားကောင်းလာသည်။ သို့သော် ဘဏ်ခွဲအရေအတွက် အများအပြားဖွင့်လှစ်နိုင်သည့်အခြေ အနေနှင့် ATM စက်အသုံးပြုခြင်း၊ အွန်လိုင်းဘဏ်လုပ်ငန်းအနည်းအကျဉ်းလောက်ကိုသာ လက်ရှိအချိန်အထိလုပ်ကိုင် နိုင်သေးတာဖြစ်ပြီး ပြည်တွင်းစီးပွားရေးကို အမှန်တကယ်အထောက်အပံ့ဖြစ်စေနိုင်မည့် ဝန်ဆောင်မှုမျိုးကို ယနေ့အချိန် အထိပေးစွမ်းနိုင်ခြင်းမရှိသေးပေ။

၂၀၁၆ခုနှစ်၊ နှစ်ဆန်းပိုင်းတွင်လည်း မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာ ဥပဒေသစ်ထွက်ပေါ်လာဖို့ရှိနေပြီး ထိုဥပဒေထွက်ပေါ်လာမည်ဆိုပါက ပြည်တွင်းဘဏ်များ၏ ဝန်ဆောင်မှုအဆင့်မြင့်တင်ခြင်းဆိုင်ရာများ၊ ဝန်ဆောင်မှုအသစ် ထပ်တိုးခြင်းများကို စိတ်ကြိုက်လုပ်ဆောင်နိုင်မှာဖြစ်ပြီး ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ပြုထားသော နိုင်ငံခြားဘဏ်ခွဲများ အတွက် စည်းမျဉ်း၊လုပ်ကိုင်နိုင်ခွင့်များကိုလည်း ထည့်သွင်းထားသည်ဟု ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ အတွင်း မဇ္ဈိမကို ပြောဆိုထားဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly