မြို့ပတ် ယာဉ်လိုင်းသစ် မှာ ပြည်သူလူထု၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးခြင်း ဟု ဝန်ကြီးချုပ်ပြော

မြို့ပတ် ယာဉ်လိုင်းသစ် မှာ ပြည်သူလူထု၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးခြင်း ဟု ဝန်ကြီးချုပ်ပြော

အောက်တိုဘာလ ၂၇ ။       ။ ပြည်တွင်းလုပ်ငန်းရှင်များ နှင့် အဝေးပြေးကားလုပ်ငန်းရှင်များ က စုပြီး အများပိုင်ကုမ္ပဏီ တည်ထောင်ထားသည့် ( City Transit Company )မြို့ပတ်ယာဉ်လိုင်း အသစ် ပြေးစွဲရခြင်း သည် ပြည်သူလူထု ရဲ့လိုအပ်ချက်တစ်ခု ကို ဖြည့်ဆည်းပေးခြင်း ဖြစ်ကြောင်း ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မြို့ပတ်ယာဉ်လိုင်းအသစ် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YBS )  တွင်ယာဉ်လိုင်းအသစ်ဖြစ်သည့်   City Transt YBS မြို့ပတ်ယာဉ်လိုင်းအသစ်ကို Scania ကားအသစ် ၃၉ စီးဖြင့် စတင်ပြေးဆွဲသွားမည် ဖြစ်ကာ ဖွင့်ပွဲအခမ်းအနားကို  အောက်တိုဘာလ ၂၇ နံနက်ပိုင်း က လှည်းကူးမြို့နယ် City Transit Company တွင် ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး YRTA ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်နီလာကျော် ၊ ရန်ကုန်တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ  တို့ တက်ရောက်ခဲ့ကြသည်။

"  YBSယာဉ်လိုင်းကို ပိုကောင်းတဲ့အဆင့်ကို ပြောင်းချင်ပါတယ်။ ကားတွေရဲ့အရည်အသွေး ၊ Bus ကားမှတ်တိုင်ရဲ့ အဆင့်အတန်းတွေ၊ ကားတွေရဲ့လုံခြုံစိတ်ချမှုဆိုင်ရာထိန်းချုပ်ထားနိုင်မှုတွေကို ဆောင်ရွက်ချင်ပါတယ်။ ဆောင်ရွက်နိုင်ဖို့အတွက် ဘက်ပေါင်းစုံကနေ ကြိုးစားခဲ့ပါတယ်။ မကြာခင်မှ  YBS က သုံးနှစ်ပြည့်မြောက်တော့မှဖြစ်ပါတယ် " ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

လက်ရှိအချိန်တွင် YBS မြို့ပတ် ဘတ်စ်ကား အစီးရေ ၃၉ စီးဖြင့် စတင်ပြေးဆွဲသွားမည် ဖြစ်ကာ နံနက် ၅ နာရီမှ ည ၁၁ နာရီအထိ ပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်အနေဖြင့် အောင်မင်္ဂလာအဝေးပြေး မှ စတင်ပြီး ဝေဇယန္တာလမ်း၊ ပါရမီ၊သံသုမာလမ်း၊  သုဝဏ္ဏလမ်းဆုံ ၊ ဗိုလ်တထောင်ဘုရား၊ သခင်မြပန်းခြံ၊ ဘုရင်နောင်လမ်းဆုံ  နှင့် ရှစ်မိုင် ပန်းခြံ တို့ကို ဖြတ်သန်းသွားမည် ဟုသိရသည်။

"ပြည်သူအများ အားပြုနေရတာ YBS တစ်ခုပဲရှိသေးတဲ့အတွက် အနည်းဆုံးတော့ နောက် ထပ် ငါး နှစ် နဲ့အထက် အခြားသောသယ်ယူပို့ဆောင်ရေး ကျယ်ကျယ်ပြန့်ပြန့်ထွန်းကား လာအုန်းမှမဟုတ်သေးဘဲ YBS ကိုသာ အားထားနေရမှဖြစ်တဲ့အတွက် YBS ယာဉ်လိုင်းတွေကို အစဉ်တဆိုက် တိုးတက်သထက်တိုးတက်အောင် ကောင်းမွန်သထက်ကောင်းမွန်အောင် ကြိုးပမ်းနေတဲ့အချိန်မှာ တတက်တစ်အား ပါဝင်ပြီး ဆောင်ရွက်ပေးလာတဲ့ City Transit လိုင်းကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ် " ဟု ရန်ကုန်တိုင်း ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး YRTA ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်နီလာကျော်က ပြောသည်။

မြို့ပတ်ယာဉ်လိုင်းအသစ် ကို စက်တင်ဘာလ ၂၃ ရက်နေ့ မှစတင်ပြီး ယာဉ်အစီးရေး ၃၉ စီးဖြင့် စတင်ပြေးဆွဲနေပြီး   မသန်စွမ်းသူများအတွက် အထောက်အပံ့ အကူညီများကို ထည့်သွင်းပေးထားသည့် ယာဉ်လိုင်း တစ်လိုင်းဖြစ်ကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly