ဖမ်းဆီးခေါ်ဆောင်သွားသူများ သေဆုံးဟု AA က ထုတ်ပြန်

ဖမ်းဆီးခေါ်ဆောင်သွားသူများ သေဆုံးဟု AA က ထုတ်ပြန်

ရန်ကုန်  အောက်တိုဘာ ၂၇ ။        ။ ယမန်နေ့က ရက္ခိုင်တပ်(AA)က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူများအနက်မှ အများစုနှင့် AA တပ်ဖွဲ့ဝင်အချို့ တပ်မတော်၏ ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်တိုက်ခိုက်မှု များကြောင့် သေဆုံးသွားသည်ဟု ယနေ့မနက်က သတင်းထုတ်ပြန်သည်။  

 “ခေါ်ယူစစ်ဆေးရန် ချန်ထားခဲ့သူများအား အန္တရာယ်ကင်းသောနေရာသို့ ရွှေ့ပြောင်းပြီး စစ်ဆေးရန်အတွက် စက်လှေများဖြင့် ပြောင်းရွှေ့နေစဉ်အတွင်း နေ့လည် ၁၂နာရီ ၃၀မိနစ်တွင် မြန်မာစစ်တပ်မှ ရဟတ်ယာဉ်သုံးစီးပေါ်မှ စက်သေနတ် ရော့ကတ်များဖြင့် အလှည့်ကျ မရပ်မနား လာရောက်ပစ်ခတ်တို က်ခိုက်ခဲ့ပါသည်။ ထို့ကြောင့် ရွှေ့ပြောင်းရန် လုပ်နေသော စက်လှေသုံးစီးတွင် ပါလာသူများအားလုံး (စစ်ဆေးရန် ခေါ်ခဲ့သူများနှင့် မိမိတို့ရဲဘော်အချို့) မှာ သေဆုံးခဲ့ရပြီး စက်လှေနှစ်စီးမှာ အလုံးစုံပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့သော် သေဆုံးသူအရေအတွက်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းမရှိသလို သေဆုံးရခြင်းအကြောင် းရင်း အပေါ် မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုချက် မရနိုင်သေးပါ။

" မိမိတို့ စစ်ဆေးရန် ခေါ်ဆောင်လာခဲ့သူအချို့မှာ ကျည်ကွယ်မျက်က ွယ်မရှိသောကြောင့် မြန်မာစစ်တပ်၏ ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အများအပြားထပ်မံ သေဆုံးခဲ့ရပါသည်။" ဟုလည်း ရေးသားထားသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦးနှင့် အရပ်သား ၁၃ ဦး စုစုပေါင်း ၅၈ ဦးကို အောက်တိုဘာ ၂၆ရက်နေ့  နံနက်ပိုင်းက AA မှ ခေါ်ဆောင်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက  ယနေ့တွင် သတင်းထုတ်ပြန်သည်။

အသက်အန္တရာယ်ကင်းစွာဖြင့် လွတ်မြောက်လာသူများကို စစ်ဆေးပြီးချိန်တွင် ထုတ်ပြန်ပေးမည်ဟုလည်း ပါရှိသည်။

ရက္ခိုင်တပ်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင်  “အားလုံးတော့ မဟုတ်ဘူးဗျ။ အဲ့မှာ လွတ်မြောက်လာတဲ့သူတွေတော့ ရှိတယ်။ ကျွန်တော်တို့နဲ့အတူတူ လွတ်မြောက်လာတဲ့သူ အားလုံးကိုတော့ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားတယ်။ အခုကတော့ စိစစ်တုန်းပဲ ရှိသေးတယ်။ အခင်းဖြစ်တဲ့နေရာက သေသွားတာက ဘယ်နှစ်ယောက်လဲ။ ထွက်ပေးလွတ်မြောက်သွားတာက ဘယ်နှစ်ယောက်လဲဆိုတာ အခု စိစစ်တုန်းပဲ ရှိသေးတယ်။ သေသေချာချာ စိစစ်ပြီးလို့ အထက်ကို Report လာရင်တော့ အဲ့ဒါကို တိတိကျကျ ပြောလို့ရမယ် ” ဟု ပြန်လည်ပြောကြားသည်။

ဖြစ်စဉ်မှာ စစ်တွေမြို့မှ နံနက် ၇ နာရီတွင် ထွက်ခွာလာသည့် ရွှေနဒီ အမြန်ရေယာဉ်သည် ရသေ့တောင်မြို့နယ် ကျောက်တန်းချောင်းဝနှင့် ပြိန်းတောင် ကျေးရွာကြားရေမျက်ကျေးရွာဖောင်ဆိပ်အရောက်၌ AA အဖွဲ့ အင်အား ၃၀ ခန့်က ကမ်းစပ်မှ သေနတ်ပစ်ခတ်တားဆီး၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသောရဲတပ်ဖွဲ့ဝင်များကို ကယ်ထုတ်နိုင်ရန် တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် လိုက်လံရှင်းလင်းနေကြောင်း ယမန်နေ့က ပြုလုပ်သည့် တပ်မတော်သတင်းမှန်အဖွဲ့က ပြန်ကြားရေး သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဖမ်းဆီးမှုကို "လူ့အခွင့်အရေးချိုးဖောက်မှု" "စစ်ရာဇဝတ်မှုကျူးလွန်တာ" ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှုတ်ချပြောဆိုသွားခဲ့သည်။

ဖမ်းဆီးခံခဲ့ရသော ရဲတပ်ဖွဲ့ဝင်များမှာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ အများဆုံးဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly