သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အပေါ့အလေး အရေးအခင်းဆိုတာ အပြင်သွားတဲ့အချိန်မှာ မကြုံတွေ့နိုင်ဘူးလို့ ဘယ်သူမှ အတိအကျပြောလို့မရပါဘူး။ ဒီလိုအချိန်မျိုးဆိုရင် စူပါမားကတ် တစ်ခုခုထဲ အမြန်ဝင်ပြီး အများသုံးသန့်စင်ခန်းတွေ ရှာရတော့တာပဲမလား။ ဒါကတော့ သိပ်ပြဿနာမရှိပါဘူး။ ပြဿနာက လက်ဆေးပြီးနောက်ပိုင်းမှ စတာပါ။ တချို့အိမ်သာတွေမှာ တစ်သျှူးထားပေးထားတယ်၊ တချို့မှာက လက်အခြောက်ခံဖို့ အပူပေးစက်တွေ ထားပေးထားတယ်၊ ဒါမှမဟုတ်လည်း ၂မျိုးလုံးပေါ့။ လေ့လာချက်တွေအရ ဒီလက်အခြောက်ခံစက်တွေဟာ ဘက်တီးရီးယားပိုးပေါင်း မြောက်များစွာကို စိုနေတဲ့လက်ပေါ် ပြန်ကပ်သွားစေပြီး လူကိုဒုက္ခဖြစ်စေနိုင်တယ်ဆိုတာ တွေ့ရပါတယ်။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။

လက်အခြောက်ခံစက်သည် အပူ၊ အအေး ၂မျိုးလုံးဖြင့် လေမှုတ်ထုတ်ကာ လက်ကိုအခြောက်ခံဖို့ပဲ ဖြစ်ပါတယ်။ အဓိကပြဿနာက စက်ထဲမှာ ရှိနေတဲ့ ဖုန်မှုန့်တွေအပြင် အသုံးပြုသမျှ လူတိုင်းရဲ့ ရောဂါပိုးပေါင်းများစွာ၊ အပေါ့အလေးသွားပြီးလို့ ထွက်လာတဲ့ အနံ့အသက်နဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးပေါင်းများစွာ အထဲမှာ ခိုအောင်းနေပါတယ်။ လက်အခြောက်ခံစက်ကို အသုံးပြုတဲ့အခါ နဂို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးထားပြီးသားလက်ပေါ်ကို ရောဂါပိုးတွေနဲ့ ပြည့်နှက်နေတဲ့ လေပြင်းတွေက အရှိန်ပြင်းပြင်းနဲ့ ဝင်လာပြီး လက်ပေါ်ကို ရေတွေကို ခြောက်စေကာ ရောဂါပိုးတွေကို လက်ပေါ်မှာ ဒီအတိုင်း ထားပစ်ခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တုန်းကတော့ အများသုံးသန့်စင်ခန်းတွေမှာ လက်အခြောက်ခံစက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်း မရှိသေးဘဲ တစ်သျှူးလိပ်တွေကိုသာ ရေသုတ်ဖို့အတွက် ထားပေးထားတာပါ။ အဲ့နောက်ပိုင်းမှာတော့ တစ်သျှူးတွေဟာ ဝန်ထုပ်ဝန်ပိုးအမှိုက်ပွစေတယ်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ် အစရှိတဲ့ အကြောင်းပြချက်တွေနဲ့ တစ်သျှူးတွေအစား လက်အခြောက်ခံစက်ကို နေရာတော်တော်များများက အိမ်သာတွေမှာ တပ်ဆင်လာကြတာပဲဖြစ်ပါတယ်။
လက်အခြောက်ခံစက်ထဲမှာ ဘယ်လိုဘက်တီးရီးယားပိုးမွှားတွေ ရှိနေနိုင်လဲ။

ရောဂါပိုးမွှားအများစုက ပူနွေးစိုစွတ်တဲ့ နေရာကို သဘောကျပြီး သူတို့အတွက် အသက်ရှင်ရတာလည်း လွယ်ကူသလို အကောင်ရေ ပွားများရတာလည်း ပိုလွယ်ပါတယ်။ လက်အခြောက်ခံစက်ဆိုတဲ့အတိုင်း လက်ဆေးပြီးသားရေတွေနဲ့ စိုစွတ်နေတဲ့အပြင် လျှပ်စစ်မီးနဲ့ ဆက်သွယ်ထားတာဖြစ်တဲ့အတွက် အထဲမှာ ပူနွေးစိုစွတ်နေမှာ အသေအချာပါပဲ။ ဒီလို လက်အခြောက်ခံစက်ထဲမှာ

  • • ဖျားနာခြင်း
  • • ချောင်းဆိုးခြင်း
  • • နှာစေးခြင်း
  • • အအေးမိတုပ်ကွေး
  • • ဗိုက်အောင့်ဗိုက်နာ
  • • ဓာတ်မတည့်ခြင်း
  • • အသားယားယံစေခြင်း
  • • ဝမ်းပျက်ဝမ်းလျှောအပြင် တခြားရောဂါပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားတွေအပြင် မစင်ထဲမှာသာ တွေ့ရတတ်တဲ့ ပိုးမွှားတွေလည်း ပါနိုင်ပါတယ်။

ဒါဆိုရင် တစ်သျှူးသုံးရင်တော့ ဘာရောဂါပိုးမှ မကူးစက်နိုင်တော့ဘူးလား။

ဒီနေရာမှာ တစ်ခုပြောချင်တာက ရောဂါပိုးမွှားတွေသည် လေထဲမှာ အမြဲရှိနေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူပေါင်းများစွာ ဝင်ထွက်သွားလာတဲ့အခါ သူတို့ ရှူသွင်းရှူထုတ်လိုက်တဲ့လေထဲမှာရော၊ အပြင်မသန့်ရှင်းတဲ့ လေထု၊ ဖုန်မှုန့်တွေဟာ ကိုယ့်အသားမှာ ကပ်ငြိနေနိုင်ပါတယ်။ ကွာသွားတာတစ်ခုက လက်အခြောက်ခံစက်တွေက ကိုယ့်လက်အရေပြားပေါ်ကို တိုက်ရိုက်ကျလာတဲ့အတွက် ပိုးကောင်ရေပေါင်းများစွာက တစ်ပါတည်း ကပ်ငြိလာတာဖြစ်ပြီး ကျန်တဲ့ အခြေအနေတွေကတော့ ကပ်ငြိခဲ့ရင်တောင်မှ ပိုးကောင် တစ်ကောင်၊ နှစ်ကောင်လောက်ပဲ ကပ်နိုင်ပါတယ်။

ဒါကြောင့် အများသုံးသန့်စင်ခန်းတွေ ဝင်ပြီး ပြန်ထွက်လာတဲ့အခါ လက်ကို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးကြောပါ။ ရေစိုနေတဲ့ လက်ကို လက်အခြောက်ခံစက်အစား တစ်သျှူးနဲ့ပဲ သေချာသုတ်ပေးပါ။ ဒါက ပိုစိတ်ချရပြီး ဘေးကင်းပါတယ်။ အကယ်လို့ တစ်သျှူးမထားပေးထားဘူးဆိုရင်တော့ ဒီအတိုင်း ထွက်လာပါ။ ၂ မိနစ်လောက်နေရင် လက်ပေါ်က ရေတွေက သူ့ဘာသာခြောက်သွားပါလိမ့်မယ်။ ဒီကိစ္စကို သေချာလေး ဂရုစိုက်ဖို့ တိုက်တွန်းပေးလိုက်တယ်နော်။

 အမြဲအားပေးနေတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းမြေ့စရာ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly