RCSS/SSA ခေါင်းဆောင် လာမည့် ကုန်းလမ်းခရီး လုံခြုံရေးစိတ်မချရဟု တပ်မတော် ပြော

RCSS/SSA ခေါင်းဆောင် လာမည့် ကုန်းလမ်းခရီး လုံခြုံရေးစိတ်မချရဟု တပ်မတော် ပြော
(RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် (ဓာတ်ပုံ- ငြိမ်းချမ်းနိုင်/အီးပီအေ)

နေပြည်တော်(အောက်တိုဘာလ ၂၆ရက်၊ ၂၀၁၉ခုနှစ်)။ ။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နေပြည်တော်သို့ လာရောက်မည့် ကုန်းလမ်းခရီးသည် လုံခြုံရေးအရ စိတ်မချရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောကြားလိုက်သည်။

လာမည့် အောက်တိုဘာလ ၂၈ရက်တွင် နေပြည်တော်၌ ပြုလုပ်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ရန် RCSS ခေါင်းဆောင်က လွယ်တိုင်းလျဲန်းမှတစ်ဆင့် ကုန်းလမ်းဖြစ်သည့် ဟိုမိန်း- လင်းခေး- တောင်ကြီးလမ်းကြောင်းမှ နေပြည်တော်သို့ သွားရောက်ရန် စီစဉ်မှုအပေါ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။

ဖြတ်သန်းသွားမည့် အဆိုပါ လမ်းကြောင်းအတွင်းရှိ ပန်သပိ၊ ပန်ပိ ဒေသတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် RCSS တို့အကြား အပြန်အလှန် စွပ်စွဲမှုများ၊ တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးပြီး အဆိုပါ လမ်းကြောင်းတွင် လှုပ်ရှားနေသည့် PNO အဖွဲ့များ ရှိနေခြင်း၊ တိုက်ပွဲများ မရှိသော်လည်း မူးယစ်ဆေးဝါး ဖမ်းဆီးမှုများ ရှိခြင်းတို့ကြောင့် လုံခြုံရေးအရ စိတ်မချရကြောင်း နေပြည်တော်စစ်သမိုင်းပြတိုက်တွင် အောက်တိုဘာ ၂၆ရက်က ပြလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ဘက်က ပြောဆိုခဲ့သည်။

“ဒီကုန်လမ်းခရီးက လုံခြုံရေးအရ တော်တော်ကို စိတ်မချရတဲ့ အနေအထား ရှိပါတယ်။ ကုန်းလမ်းခရီးကလာလို့ တစ်ခုခု ဖြစ်သွားရင် ကျွန်တော်တို့ နယ်မြေထဲကို ဝင်လာပြီး ဖြစ်ပါတယ်။ အဓိက တာဝန်ရှိမှာက ဘယ်သူလဲဆိုတော့ လုံခြုံရေးအဖွဲ့တွေမှာ တာဝန်ရှိမှာ ဖြစ်ပါတယ်။ လုံခြုံရေးကို ဘယ်သူက ဆောင်ရွက်နေလည်းဆိုတော့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေတာ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် RCSS အနေဖြင့် ဗိုလ်ချုပ်ကြီး ယက်စစ်၏ မူလ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး NCA လေးနှစ်ပြည့် နှစ်ပတ်လည်ပွဲနှင့် NCA ဆိုင်ရာ အကောင်အထည်ဖော်မှု ညှိနှိုင်းအစည်းအဝေး(JICM)သို့ တက်ရောက်တော့မည် မဟုတ်ကြောင်း RCSS/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက မဇ္ဈိမကို ပြောဆိုထားသည်။

NCA လေးနှစ်ပြည့် နှစ်ပတ်လည် ပွဲ မတက်ရောက်ခြင်းနှင့် JICM အစည်းအဝေး မတက်ရောက်ဖြစ်သည့် အခြေအနေနှင့်ပတ်သက်ပြီး RCSS ဘက်မှ မနက်ဖြန်(အောက်တိုဘာ ၂၇ ရက်)နေ့တွင် ထုတ်ပြန်ချက်ထုတ် ပြန်ကာ အသေးစိတ် အသိပေးသွားမည်ဖြစ်ပြီး RCSS ပိုင် Tai Freedom အပါအဝင် ရှမ်းသတင်းဌာနတချို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြည်သူလူထုကို အသိပေးပြောသွားမည်ဟုလည်း ၎င်းက ဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ “ကျွန်တောတို့ အနေနဲ့က တာချီလိတ်ကနေ လေယာဉ်နဲ့ လာဖို့ အားလုံး စီစဉ်ပြီး ဖြစ်တယ်။ နောက်ပိုင်းမှာလည်း တာချီလိတ်ဘက်ကနေ ပြန်လာနိုင်ဖို့အတွက် စေ့စပ်၊ ညှိနှိုင်းတာတွေ ရှိပါတယ်။ လက်ခံတာ၊ လက်မခံတာကတော့ သူတို့အပိုင်း” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အောက်တိုဘာ ၂၈ရက်တွင် ပြုလုပ်မည့် NCA လေးနှစ်ပြည့်အခမ်းအနားသည် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်က NCA  လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့ကို ဂုဏ်ပြုမည့် အခမ်းအနားဖြစ်ပြီး JICM အစည်းအဝေးမှာမူ NCA ပြဌာန်းချက်အရ သုံးလ တစ်ကြိမ်ကျင်းပရန် ဖြစ်သော်လည်း တစ်နှစ်ကျော်ကြာအထိ မကျင်းပနိုင်ခဲ့ခြင်းကြောင့် ယခုလကုန်ပိုင်းတွင် ကျင်းပပြုလုပ်ရန် အကျေအလည် ညှိနှိုင်းထားကြခြင်း ဖြစ်သည်။

သို့သော် လက်ရှိ အခြေအနေအရ JICM အစည်းအဝေးကို ယခုလကုန်ပိုင်းအတွင်း ကျင်းပရန် မဖြစ်နိုင်တော့ကြောင်း ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“မဖြစ်နိုင် တော့ဘူး JICM က အရင်သတ်မှတ်တာက အောက်တိုဘာ ၃၀ လေ။ အဲ့ရက်ကတော့ အားလုံး မျက်နှာစုံညီ ညှိနှိုင်းပြီးပြော ထားတဲ့ဟာပေါ့။ ဒါပေမယ့်လူကြီးတွေ တစ်ယောက်စ၊ နှစ်ယောက်စ ညှိနှိုင်းလို့ ခရီးသွားလာလို့ အဆင်မပြေရင် ပြန်ညှိရမှာပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ခု ရှိပြီး ၎င်းတို့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်း ရေး ကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ဖြစ်ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags