“နိုင်ငံခြားငွေများ လက်ခံကိုင်ဆောင်ခွင့် လိုင်စင်” ရုပ်သိမ်းလိုက်ရုံနဲ့ ကျပ်ငွေတန်ဘိုး မတည်ငြိမ်၊ ကျဆင်းနေတဲ့ ပြဿနာ ပြေလည်မှာလား

“နိုင်ငံခြားငွေများ လက်ခံကိုင်ဆောင်ခွင့် လိုင်စင်” ရုပ်သိမ်းလိုက်ရုံနဲ့ ကျပ်ငွေတန်ဘိုး မတည်ငြိမ်၊ ကျဆင်းနေတဲ့ ပြဿနာ ပြေလည်မှာလား

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေရေးကြေးရေး ကြပ်မတ် ကွပ်ကဲမှု ဌာနဟာ “နိုင်ငံခြားငွေများ လက်ခံကိုင်ဆောင်ခွင့် လိုင်စင်” ( foreign Exchange Acceptor & Holder License) ရရှိ အသုံးပြုနေတဲ့ သူတွေကို အဲဒီ ခွင့်ပြုထားမှု ရုပ်သိမ်းလိုက်တဲ့ အကြောင်းကြားစာတွေ ပေးပို့ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့မေလ ၂၈ ရက်နေ့ကတည်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားစာအပေါ် မူတည်ပြီး ထပ်ဆင့် ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒီအကြောင်းကြားစာကို ဘာလို့ ထုတ်ပြန် ရတာလဲ၊ ဘယ်သူတွေက နိုင်ငံခြားငွေ လက်ခံကိုင်ဆောင်ခွင့် လိုင်စင်တွေရပြီး လုပ်ကိုင်နေကြသလဲ၊ ဒီလို လုပ်လိုက်ခြင်းအားဖြင့် တိုင်းပြည်ထဲမှာ ဖြစ်ပေါ်နေတဲ့ မြန်မာကျပ်ငွေ တန်ဘိုးကျဆင်းမှု၊ မတည်ငြိမ်မှု ပြဿ နာကို ဖြေရှင်းနိုင်မလားဆိုတာ ဒီကနေ့ တင်ပြသွားပါ့မယ်။

အကြောင်းကြားစာမှာ ဖော်ပြထားတာကတော့ ပြည်တွင်းမှာ ရောင်းချ၊ ဝယ်ယူနေတဲ့ ကုန်ပစ္စည်းတွေ နဲ့ ဝန်ဆောင်ခတွေကို နိုင်ငံခြားငွေနဲ့ သတ်မှတ် ရယူ၊ ပေးချေနေတာတွေကြောင့် ဒေါ်လာကို ကျယ်ကျယ်ပြန့် ပြန့် အသုံးပြုမှု ဖြစ်ပေါ်စေတာ၊ ဒေါ်လာလိုအပ်ချက် ပမာဏ မြင့်မားလာတာ၊ ပြည်တွင်းသုံး ကျပ်ငွေရဲ့ အခန်း ကဏ္ဍ လျော့နည်း ကျဆင်းလာစေတာကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်ငြိမ်မှုကို ဖြစ်ပေါ်စေပြီး နိုင်ငံရဲ့ ငွေရေးကြေးရေးကဏ္ဍ မတည်ငြိမ်မှုကိုပါ ဖြစ်ပေါ်စေနိုင်လို့ ပြည်တွင်း၊ ရောင်းဝယ် ပေးချေမှုမှန်သမျှ ကို ကျပ်ငွေနဲ့ပဲ ဆောင်ရွက်ပါဆိုပြီး ညွှန်ကြားတာ ဖြစ်ပါတယ်။

ဒီ “နိုင်ငံခြားငွေများ လက်ခံကိုင်ဆောင်ခွင့် လိုင်စင်” ရယူ အသုံးပြုနေသူတွေကတော့ ဟိုတယ်နဲ့ ခရီးလှည့်လည်ရေး လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ၊ ဂျူတီဖရီး အခွန်လွတ်ဆိုင်တွေ၊ လေကြောင်းလိုင်း တွေ၊ ဆေးရုံတွေ၊ ဆက်သွယ်ရေး လုပ်ငန်းတွေ၊ ကုမ္ပဏီတွေနဲ့ လိုင်စင် ရယူအသုံးပြုတဲ့ လုပ်ငန်းမျိုးစုံ ပါဝင် ပါတယ်။ တကယ်တော့ ဒီလိုကုန်ပစ္စည်း ရောင်းဝယ်မှု၊ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ကိုယ့်ပြည်တွင်း ငွေကြေးတွေနဲ့ပဲ အသုံးပြုရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ နိုင်ငံပေါင်းများစွာမှာ ကျင့်သုံးနေတာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံမဆို သူ့နိုင်ငံ ဧရိယာထဲ ရောက်သွားပြီဆိုရင် ကုန်ပစ္စည်းရောင်းဝယ်မှု၊ ဝန်ဆောင်မှု အားလုံးကို သက်ဆိုင်ရာ နိုင်ငံရဲ့ ငွေကြေးတန်ဘိုးနဲ့ သတ်မှတ်ထားပြီး အဲဒီ ငွေနဲ့ပဲ ရယူ၊ ပေးချေရတာ ဖြစ်ပါတယ်။ နိုင်ငံခြားတိုင်းပြည်က ဝင်ရောက်လာသူတွေအနေနဲ့ ကိုယ့်မှာပါလာတဲ့ နိုင်ငံခြားငွေကို ပြည်တွင်းသုံးငွေကြေးနဲ့ လဲလှယ်ပြီးမှ သုံးစွဲရတာမျိုး ဖြစ်ပါတယ်။

ယုတ်စွအဆုံး လေဆိပ်ထဲ ရောက်လာပြီး အခွန်လွတ်ဆိုင်တွေမှာ ဝယ်ယူသုံးစွဲမယ် ဆိုရင်တောင် သက်ဆိုင်ရာနိုင်ငံ ငွေကြေးကိုပဲ အသုံးပြုရတာပါ။ ဒီအတွက် ငွေလဲကောင်တာတွေကိုလည်း နေရာအနှံံ့ ထားရှိပေးထားတာ ဖြစ်ပါတယ်။ ဒီလောက်လားဆိုတော့ မကသေးပါဘူး။ နိုင်ငံရပ်ခြားကနေ အဲဒီနိုင်ငံ တစ်ခုခုကို ငွေလွဲှပြောင်းပေးမယ်ဆိုရင် ယေဘူယျအားဖြင့် ကိုယ်က မည်သည့်ငွေနဲ့ပဲ လွဲှပေးပေး၊ သက်ဆိုင် ရာနိုင်ငံမှာ ထုတ်ယူတဲ့အခါ အဲဒီနိုင်ငံရဲ့ ငွေသားကိုပဲ ထုတ်ယူနိုင်တာ ဖြစ်ပါတယ်။ ငွေလဲနှုန်းကိုတော့ ဝန်ဆောင်မှုပေးတဲ့ ဘဏ်တွေက တွက်ချက်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲလိုနိုင်ငံတွေမှာ ရောက်သွား ရင် ကုန်ပစ္စည်း ဈေးနှုန်းမှန်သမျှ၊ ဝန်ဆောင်မှု ဈေးနှုန်းမှန်သမျှ အဲဒီနိုင်ငံရဲ့ ငွေကြေးနဲ့ပဲ သတ်မှတ်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အွန်လိုင်းရောင်းချမှုတွေ အားလုံးကိုလည်း သက်ဆိုင်ရာ နိုင်ငံငွေကြေးနဲ့ပဲ သတ်မှတ် ဖော်ပြကြတာဖြစ်ပြီး အကြွေးဝယ်ကဒ်တွေ၊ ဘဏ်ကဒ်တွေ အားလုံးကိုလည်း သက်ဆိုင်ရာ နိုင်ငံ ငွေကြေးနဲ့ပဲ အသုံးပြုကြတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာကြီးကတော့ မြန်မာကျပ်ငွေဟာ နိုင်ငံခြားငွေတွေနဲ့ နှိုင်းယှဉ်ရင် အလျင်အမြန် ကျဆင်းလာနေတာ၊ ငွေကြေးတန်ဘိုး မတည်ငြိမ်တာ စတဲ့ပြဿနာ ဖြစ်ပါတယ်။ ဒီပြဿနာတွေ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းခံဟာ လက်ရှိ ဗဟိုဘဏ်က ကြေညာတဲ့ ကုန်ပစ္စည်း ရောင်းဝယ် ရာမှာနဲ့ ဝန်ဆောင်ခ သတ်မှတ် ရယူပေးချေရာမှာ နိုင်ငံခြားငွေတွေကို အသုံးပြုနေမှု တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ဒီလို ပြည်တွင်းမှာ နိုင်ငံခြားငွေနဲ့ ဈေးနှုန်းသတ်မှတ်၊ ပေးချေ ရယူနေတာကြောင့် ဒေါ်လာ အသုံးပြုမှု ကျယ်ပြန့်တာ မှန်ပေမယ့် မြန်မာကျပ်ငွေ တန်ဘိုးကျဆင်းမှုနဲ့ မတည်ငြိမ်မှုရဲ့ ပြဿနာ အရင်းခံ တော့ မဟုတ်ပါဘူး။

တကယ့်ပြဿနာ အရင်းခံဟာ အစိုးရဘတ်ဂျက် လိုငွေပြမှုနဲ့ ကုန်သွယ်ရေး လိုငွေပြမှုတွေ ဖြစ်ပါ တယ်။ ပြဿနာကို ရိုးရိုးရှင်းရှင်းလေးကြည့်ရင် အခွန်အခ ရငွေနည်းပြီး အသုံးစားရိတ်များ၊ ဘတ်ဂျက်လိုငွေ အကြီးအကျယ် ပြနေတဲ့ အစိုးရတစ်ရပ်ဟာ သူ့လိုငွေကို ဘယ်လိုနည်းနဲ့ ဖြည့်တင်းမှာပါလဲ။ အစိုးရ ငွေတိုက် စာချုပ်တွေ ထုတ်ရောင်းနေရုံနဲ့လည်း လုံလောက်တာ မဟုတ်ဘူးဆိုတာ အားလုံး သိကြပါတယ်။ ဒီအတွက် လွယ်လွယ်ကူကူ ဖြေရှင်းတဲ့ နည်းကတော့ ကျပ်ငွေစက္ကူကို လိုအပ်တာထက် ပိုပြီး ရိုက်ထုတ်တာပါ။ ဒီလို ဖြေရှင်းလိုက်လို့ အစိုးရ ဘတ်ဂျက်လိုငွေပြမှု ပြဿနာ အထိုက်အလျောက် ပြေလည်သွားပေမယ့် ငွေဖေါင်းပွ ပြီး ကျပ်ငွေတန်ဘိုး ကျတဲ့ဒါဏ် ပြည်သူတွေ ခံလိုက်ရပါတယ်။ အဓိပ္ပါယ်ကတော့ အစိုးရဟာ ကျပ်ငွေ ကိုင်ဆောင် ပိုင်ဆိုင်ထားသူ ပြည်သူတိုင်းဆီကနေ ငွေကြေးတန်ဘိုး ရာခိုင်နှုန်းတစ်ခု လုယူလိုက်တဲ့ သဘော ပါပဲ။ နိုင်ငံခြား ငွေကြေးတန်ဘိုး တစ်ခုခုနဲ့ နှိုင်းယှဉ်ပြီး ကျပ်ငွေတန်ဘိုး ၄၀ ရာခိုင်နှုန်း ကျသွားတယ်ဆိုရင် အဲဒီငွေဟာ ပြည်သူတွေဆီကနေ အစိုးရက မတရား လုယူလိုက်တဲ့ ငွေပမာဏပါပဲ။

ဒီပြဿနာကို ပိုပြီး လောင်စာထည့်ပေးသလို ဖြစ်စေတာကတော့ အထက်မှာ တင်ပြခဲ့တဲ့ ပြည်တွင်းမှာ ဒေါ်လာလို နိုင်ငံခြားငွေ အသုံးပြုမှု တွင်ကျယ်လာတဲ့ ပြဿနာပါ။ ကျပ်ငွေတန်ဘိုး နိမ့်ကျ၊ မတည်ငြိမ်တော့ တဲ့အခါ စီးပွားရေးသမားတွေရော ပြည်သူတွေကပါ ဒေါ်လာနဲ့ အခြားနိုင်ငံခြားငွေတွေကို စုဆောင်းမှု ပြုလုပ် လာကြပါတယ်။ ဒီပြဿနာကလည်း နဂိုကတည်းကမှ တန်ဘိုး ကျနေပြီးသားဖြစ်တဲ့ မတည်ငြိမ်တဲ့ ကျပ်ငွေကို ပိုပြီး တန်ဘိုးကျအောင် မတည်ငြိမ်အောင် တွန်းအားပေးသလို ဖြစ်စေပါတယ်။

အခု ဗဟိုဘဏ်ကနေ “နိုင်ငံခြားငွေများ လက်ခံကိုင်ဆောင်ခွင့် လိုင်စင်” တွေကို ရုပ်သိမ်းလိုက်ပြီ ဆိုပေမယ့် အခြားနိုင်ငံတွေမှာလို ဒါကို တိတိကျကျ လိုက်နာဖို့ ကြပ်မတ်မှုတွေ အများကြီး လုပ်ရပါဦးမယ်။ စနစ်တကျ ကြပ်မတ်နိုင်ရင်တော့ မြန်မာကျပ်ငွေ တန်ဘိုးကျတာ၊ မတည်ငြိမ်တာ စတဲ့ ပြဿနာတွေ နည်းနည်း သက်သာ သွားစေပါမယ်။ ဒါပေမယ့် ဒါဟာ တကယ့်အရင်းခံ ပြဿနာကို ဖြေရှင်းရာ မရောက် သေးပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly