တရုတ်စပါးမျိုးသစ်တစ်ခုကို ပြည်တွင်း၌ စမ်းသပ်စိုက်ပျိုးပြီး တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့မည်

တရုတ်စပါးမျိုးသစ်တစ်ခုကို ပြည်တွင်း၌ စမ်းသပ်စိုက်ပျိုးပြီး တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့မည်

ရန်ကုန်။ ။ အောက်တိုဘာ၂၆။     ။ တရုတ်နိုင်ငံအတွင်း စားသုံးမှုများသည့် တရုတ်စပါးမျိုးစိတ်သစ်တစ်ခုကို ပြည်တွင်းတွင် စမ်းသပ် စိုက်ပျိုးပြီး၊ ယင်းနိုင်ငံကို ပြန်လည်တင်ပို့ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များ အသင်းမှသိရသည်။

အဆိုပါစပါးမျိုးစိတ်သစ်ကို ဧရာဝတီတိုင်းအတွင်းရှိ ဧက၂၀၀၀တွင် စတင်စမ်းသပ်စိုက်ပျိုးသွားမည် ဖြစ်ပြီး ထွက်ရှိလာသည့် ဆန်များကို တရုတ်နိုင်ငံမှ ပင်ပြန်လည်ဝယ်ယူပေးသွားမည် ဖြစ်သည်။တရုတ်နိုင်ငံ၏ တောင်းဆိုမှုအရ အဆိုပါ အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

“တရုတ်က ဗီယက်နမ်ကနေ အများဆုံးဝယ်တာပါ။ ခု သူက မြန်မာနိုင်ငံကနေဝယ်ချင်တဲ့အတွက် အခုလို တောင်းဆိုလာတာပါ။ တစ်နှစ်ကို တန်တစ်သန်းလောက်ဝယ်ဖို့ သူတို့ကတောင်းဆိုလာတာပါ။ တောင်းဆိုတဲ့ အတွက် စက်ပိုင်တွေကနေတစ်ဆင့် လယ်သမားတွေကို ပြန်ဖြန့်သွားမှာပါ။ တရုတ်နိုင်ငံက ယူလာတယ်ဆိုပေမဲ့ ကျွန်တော်တို့နိုင်ငံကနာမည်နဲ့ပဲ ဖောက်မှာပါ” ဟုအသင်း၏ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ဆိုသည်။

အဆိုပါစပါးမှာ နွေစပါးမျိုးဖြစ်ပြီး တရုတ်နိုင်ငံအတွင်း စိုက်ပျိုးခဲ့ရာ တစ်ဧကလျှင်စပါးတင်း ၁၃၀ ထွက်ရှိကာ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးမည် ဆိုပါကတစ်ဧကကို တင်း၁၀၀ ခန့်ထွက်ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရာသီဥတုဒဏ်နှင့်ပိုးမွှားဒဏ်ကိုလည်းခံနိုင်ပြီး စျေးနှုန်းပိုင်းတွင်လည်း ပိုမိုရရှိလာကြောင်း အသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းကဆက်လက်ပြောဆိုသည်။

 “စျေးနှုန်းက အများကြီးကွာတယ်။ သူတို့ဒီဆန်ကို ဗီယမ်နမ်ကနေတစ်တန်ကို ဒေါ်လာ ၄၇၀လောက် ပေးဝယ်တယ်။ ကျွန်တော်တို့ဆီမှာ ၄၀၀ လောက်ဆိုရင် အဆင်ပြေပြီ၊ ကျွန်တော်တို့ရောင်းတာဒီလိုဆန်ြဖူကို ၄၀၀ တစ်ခုမှ မရသေးဘူး။ အများဆုံးရ ၃၈၅၊ ၃၇၅ပဲ” ဟု၎င်းကဆိုသည်။

တရုတ်နိုင်ငံသည် လက်ရှိတွင် ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံတို့မှ ဆန်များကို အများဆုံး ဝယ်ယူနေကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly