ဗိုလ်ချုပ်ကြီး ယွက်စစ် NCA လေးနှစ်ပြည့်ပွဲနှင့် JICM အစည်းအဝေး မတက်တော့ဟု RCSS ပြော

ဗိုလ်ချုပ်ကြီး ယွက်စစ် NCA လေးနှစ်ပြည့်ပွဲနှင့် JICM အစည်းအဝေး မတက်တော့ဟု RCSS ပြော
ဓာတ်ပုံ - NCA-S EAO (fb)၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၅ ရက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှာ ကျင်းပတဲ့ PPST အစည်းအဝေးမှာ PPST ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက်စစ် မိန့်ခွန်းပြောနေစဉ်။

ရန်ကုန်၊ အောက်တိုဘာ ၂၆။   ။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လေးနှစ်ပြည့် နှစ်ပတ် လည်ပွဲနှင့် NCA ဆိုင်ရာ အကောင်အထည် ဖော်မှု ညှိနှိုင်းအစည်းအဝေး(JICM) သို့ တက်ရောက်မည်မဟုတ်ကြောင်း RCSS/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက မဇ္စျိမသို့ ပြောသည်။

NCA လေးနှစ်ပြည့် နှစ်ပတ်လည်ပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်တွင် နေပြည်တော်မှာ NCA ထိုး ထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အစိုးရတို့ ပူးပေါင်း၍ ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့တွင် JICM အစည်းအဝေးကို ကျင်းပသွားရန် စီစဉ်ထားကြကြောင်း သိရသည်။

ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက “ ကျွန်တော်တို့ NCA လေးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားပွဲတော့ မတက်ဖြစ် တော့ဘူးဗျ။ လေးနှစ်ပြည့် အခမ်းအနားပွဲ မတက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ JICM  အစည်းအဝေးပွဲလည်း တက်ဖြစ်လိမ့်မယ်မဟုတ်ဘူးပေါ့နော်။ ဒီ JICM အစည်းအဝေးလည်း ဖြစ်လောက်မယ် မထင်တော့ဘူးဗျ။ သူတို့ လေးနှစ်ပြည့် အခမ်းအနားပွဲပဲ ကျင်းပမယ်ထင်ပါတယ်”ဟု မဇ္စျိမသို့ ပြောသည်။

NCA လေးနှစ်ပြည့် နှစ်ပတ်လည် ပွဲ မတက်ရောက်ခြင်းနှင့် JICM အစည်းအဝေး မတက်ရောက်ဖြစ်သည့် အခြေအနေနှင့်ပတ်သက်ပြီး RCSS ဘက်မှ မနက်ဖြန်(အောက်တိုဘာ ၂၇ ရက်)နေ့တွင် ထုတ်ပြန်ချက်ထုတ် ပြန်ကာ အသေးစိတ် အသိပေးသွားမည်ဖြစ်ပြီး RCSS ပိုင် Tai Freedom အပါအဝင် ရှမ်းသတင်းဌာနတချို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြည်သူလူထုကို အသိပေးပြောသွားမည်ဟု ၎င်းက ပြောသည်။

RCSS ဥက္ကဋ္ဌ ခရီးစဉ်နှင့်ပတ်သက်ပြီး NRPC က တာချီလိတ်ကနေ လေယာဉ်ဖြစ်လာရန် စီစဉ်ပေးထားကြောင်း၊ သို့သော် RCSS ဘက်က လွယ်တိုင်းလျဲန်ကနေ ဟိုမိန်း-လင်းခေး-နမ့်စန်-တောင်ကြီး ရလခ နယ်မြေထဲက ဖြတ်ပြီး ကုန်းလမ်းကနေ လာလိုကြောင်း၊ ကုန်းလမ်းကနေ ဖြတ်သန်းလာမည့် လာကြောင်းတွင် ပအိုဝ့်အဖွဲ့ PNLO နှင့် တိုက်ပွဲ ဖြစ်ပွားသော ဒေသများ ရှိခြင်းနှင့် တခြားသော လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့များ ရှိသည့်အတွက် လုံခြုံရေးအရ အဆင်မပြေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ၂၀၁၈ ခုနှစ်၊အောက်တိုဘာ ၂၆ ရက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသည်။

“သူ့ရဲ့ ဖြတ်သန်းသွားတဲ့ နေရာတွေမှာ ပြဿနာတချို့ရှိပါတယ်၊ ပန်ပီ-ပန်တဝိမှာ PNLO ပအိုဝ့်အဖွဲ့နဲ့ RCSS နဲ့ အပြန် အလှန် စွပ်စွဲတာ ရှိတယ်။တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ နားပွဲမှာ မူးယစ်ဆေးဝါး ဖမ်းဆီးခဲ့တာတွေရှိတယ် အဲမှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ဒီကုန်းလမ်းခရီးကနေ ဖြတ်သန်းလာလို့ တခုခု ဖြစ်သွားလို့ ရှိရင်  အဓိက တာဝန်ရှိမှာ ဘယ်သူတွေလည်းဆိုတော့ လုံခြုံရေးအဖွဲ့တွေမှာ တာဝန်ရှိတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ အနေနဲ့က တာချီလိတ်ကနေ လေယာဉ်နဲ့ လာဖို့ အားလုံး စီစဉ်ပြီး ဖြစ်တယ်။နောက်ပိုင်းမှာ ပြန် လည် စေ့စပ်တာတွေရှိတယ် လက်ခံတာ လက်မခံတာကတော့ သူတို့ အပိုင်းပေါ့”ဟု ၎င်းက ပြောသည်။
    
အောက်တိုဘာလ ၂၈ ရက်တွင် ကျင်းပမည့် NCA လေးနှစ်ပြည့် နှစ်ပတ်လည်ပွဲသည် ၂၀၁၅ ခုနှစ်၊အောက်တို ဘာလ ၁၅ ရက်က RCSS အပါအဝင် လက်နက်ကိုင် ၈ ဖွဲ့ NCA ထိုးခဲ့သော နေ့ကို ဂုဏ်ပြုသည့် အခမ်းအနား ဖြစ်ပြီး JICM အစည်းအဝေးမှာ NCA ပြဌာန်းချက်အရ သုံးလ တစ်ကြိမ်ကျင်းပရန် သဘောတူညီထားသည့် တိုင် တစ်နှစ်ကျော်ကြာ မကျင်းပနိုင်ဘဲ ဖြစ်နေသောကြောင့် အောက်တိုဘာလ ၃၀ ရက်တွင် ကျင်းပရန် အကျေအလည် ဆွေးနွေးရယူထားသော အစည်းအဝေး ဖြစ်သည်။

အဆိုပါ NCA နှစ်ပတ်လည် အခမ်းအနားနှင့် JICM အစည်းအဝေးပွဲသို့ တက်ရောက်ရန်အတွက်  ဗိုလ်ချုပ်ကြီး ယွက်စစ်သည် RCSS ဌာနချုပ်ဖြစ်သော လွယ်တိုင်းလျဲန်းမှ ဟိုမိန်း- လင်းခေး၊ နမ့်စန်၊ တောင်ကြီးလမ်းကြောင်း အတိုင်းထွက်ခွာခဲ့ရာ အောက်တိုဘာလ ၂၅ ရက်တွင် တောင်ကြီးသို့ ရောက်ရှိမည်ဖြစ်ပြီး ထို့မှတဆင့် နေပြည်တော်သို့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရောက်ရှိရန် စီစဉ်ခဲ့သည်။

ထိုသို့ လာရောက်သော ခရီးစဉ်နှင့်ပတ်သက်၍ RCSS ဘက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်း ရေးဗဟိုဌာန(NRPC)သို့ စာတင်၍ အသိပေးအကြောင်းကြားခဲ့ရာ သဘောတူညီမှု ရရှိခဲ့ပြီး ကက(ကြည်း)က လည်း ခွင့်ပြုခဲ့ကြောင်း၊ သို့သော် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အထက်ညွန်ကြားမှု မရှိသကဲ့သို့ စာမ တင်ထားခြင်းကြောင့် ခွင့်မပြုနိုင်ကြောင်း အသိပေးလာသည့်အတွက် မူလခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ် ကြောင်း RCSS ဘက်က ပြောသည်။

ထို့နောက် NCA လေးနှစ်ပြည့် နှစ်ပတ်လည်ပွဲနှင့် JICM အစည်းအဝေးတို့ကို မတက်ရောက်တော့ပဲ ဆုံးဖြတ် လိုက်ခြင်း ဖြစ်ကြောင်း RCSS ဘက်က ဆိုသည်။

ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ မဖြစ်နိုင် တော့ဘူး JICM က အရင်သတ်မှတ်တာက အောက်တိုဘာ ၃၀ လေ။ အဲ့ရက်ကတော့ အားလုံး မျက်နှာစုံညီ ညှိနှိုင်းပြီးပြော ထားတဲ့ဟာပေါ့။ ဒါပေမယ့်လူကြီးတွေ တစ်ယောက်စ၊ နှစ်ယောက်စ ညှိနှိုင်းလို့ ခရီးသွားလာလို့ အဆင်မပြေရင် ပြန်ညှိရမှာပေါ့” ဟု မဇ္စျိမသို့ ပြောထားသည်။

လက်ရှိတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်သည် RCSS/SSA ဥက္ကဋ္ဌဖြစ်သလို NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် စုဖွဲ့ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန် ရယူထားသူ ဖြစ်သည်။

လက်ရှိတွင် NCA ကို လက်မှတ်ထိုးထားသော အဖွဲ့များမှာ RCSS/SSA၊ PNLO၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်း ရေး ကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ဖြစ်ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly