(၂၄)သင်းအထိ တိုးချဲ့ထားတဲ့ ကလပ်ကမ္ဘာဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ်မှာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

(၂၄)သင်းအထိ တိုးချဲ့ထားတဲ့ ကလပ်ကမ္ဘာဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ်မှာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
Photos: EPA & AFP

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဟာ (၂၄)သင်းအထိ တိုးချဲ့ထားတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို တရုတ်နိုင်ငံကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ပေးခဲ့ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖာတီနိုက ဒါဟာ"သမိုင်းဝင် ဆုံးဖြတ်ချက်"လို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခြင်းဟာ တရုတ်ရဲ့ ဘောလုံးမှာ ကြီးထွားလာမှုရဲ့ သက်ရောက်မှုအဖြစ် မြင်သာလာပြီး နောက်ဆုံး ကမ္ဘာ့ဖလားကိုပါ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံအဖြစ် တစ်ပြေးဖြစ်နိုင်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ချတဲ့အဖွဲ့ဟာ ရှန်ဟိုင်းမှာ ဖီဖာကောင်စီအစည်းအဝေးအပြီးမှာ အင်ဖာတီနိုက ကြေညာခဲ့တာဖြစ်ပါတယ်။

ဘောလုံးလောကရဲ့ အကြီးဆုံးကလပ်အသင်း များစွာနဲ့ ၎င်းတို့ရဲ့ ကြယ်ပွင့်များစွာ ပါဝင်မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ တရုတ်နိုင်ငံမှာ နှစ်နှစ်အတွင်း ကျရောက်တော့မှာဖြစ်ပါတယ်။

အင်ဖာတီနိုက တရုတ်နိုင်ငံဟာ ထည့်သွင်းစဉ်းစားခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

"ဒါဟာ ဘောလုံးလောကအတွက် သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခုပါပဲ။ လူပုဂ္ဂိုလ်တိုင်း၊ ကလေးတိုင်းနဲ့ ဘောလုံးကို ချစ်နှစ်သက်သူတိုင်း မျှော်လင့်နေတဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်ပါတယ်။"လို့ သူက ပြောပါတယ်။

ဖီဖာအကြီးအကဲက သူ့ရဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲပုံစံသစ်ဟာ စီးပွားရေးအရ ဝင်ငွေ ဒေါ်လာ (၅၀)ဘီလီယံအထိ ရရှိနိုင်တယ်လို့ ဇွန်လက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ အသုံးပြုသွားမယ်ဆိုတာကိုတော့ ပြောကြားခြင်းမရှိဘဲ ဒီကိန်းဂဏန်းတွေမှာ "အလွန်ယုံကြည်ရတယ်"လို့ အရင်းအမြစ်တစ်ခုက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

လက်ရှိ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ချန်ပီယံလိဂ်ချန်ပီယံအသင်းပါအဝင် အသင်း (၇)သင်း ပါဝင်ပါတယ်။ ကာတာနိုင်ငံဟာ ဒီပြိုင်ပွဲကို ယခုနှစ်နဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းသွားမှာဖြစ်ပါတယ်။

ပင်လယ်ကွေ့နိုင်ငံဟာ ဖီဖာရဲ့ အထင်ကရ နိုင်ငံတကာပြိုင်ပွဲဖြစ်တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမတိုင်မီ အားကစားကွင်းများနဲ့ အခြေခံအဆောက်အအုံများအတွက် စမ်းသပ်မှုအနေနဲ့ ဒီပြိုင်ပွဲ နှစ်ရပ်ကို အသုံးချမှာဖြစ်ပါတယ်။

ဖီဖာဟာ လာမယ့် လေးနှစ်တာအတွင်း အမျိုးသမီးဘောလုံးအတွက် ရန်ပုံငွေ ဒေါ်လာ (၁)ဘီလီယံအထိ နှစ်ဆတိုး သွားလိမ့်မယ်လို့ အင်ဖာတီနိုက ပြေကြားခဲ့ပါတယ်။

"ကောင်စီက သန်း ၅၀၀ ဘတ်ဂျက်လျာထားပြီးဖြစ်တဲ့အပြင် သန်း ၅၀၀ ကို ထပ်မံ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။"လို့ သူက ပြောပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) နဲ့ အင်အားကြီးဥရောပကလပ်အဖွဲ့တွေရဲ့ ဆန့်ကျင်တဲ့ကြားက ၂၀၂၁ ဇွန်လမှ ဇူလိုင်လအထိ ကျင်းပမယ့် ပြန်လည်ပြင်ဆင်ထားတဲ့ (၂၄)သင်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအစီအစဉ်ကို မတ်လက မိုင်ယာမီမှာ ကျင်းပတဲ့ ဖီဖာကောင်စီ အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။

ဒီပြိုင်ပွဲမှာ ဥရောပမှ အသင်း (၈)သင်းပါဝင်မှာဖြစ်တယ်လို့ အင်ဖာတီနိုက ပြောကြားခဲ့ပါတယ်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လေးနှစ်တစ်ကြိမ်ပြုလုပ်မှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမယ့် နိုင်ငံများအတွက် စမ်းသပ်ပွဲအဖြစ် ကျင်းပတဲ့ နိုင်ငံတကာပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကွန်ဖက်ဒရေးရှင်းဖလားနေရာ အစားထိုးသွားမှာဖြစ်ပါတယ်။

ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ တရုတ်ဟာ သမ္မတ ရှီ လက်အောက်မှာ ဘောလုံးမှာ ပိုပြီး သြဇာလွှမ်းမိုးလာပါတယ်။ သူနဲ့ အင်ဖာတီနို်တို့ဟာ ပြီးခဲ့တဲ့အပတ်က တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly