ရလဒ်ကို ငြင်းပယ်ရန် မဲစာရင်းမှားသည်ဟု အကြောင်းပြနေကြောင်း ဦးတင်အေးပြော

ရလဒ်ကို ငြင်းပယ်ရန် မဲစာရင်းမှားသည်ဟု အကြောင်းပြနေကြောင်း ဦးတင်အေးပြော
Photo UEC

အောက်တိုဘာ ၁၇ ရက် ။             ။ ၂၀၁၅ ခု၊ နိုဝင်ဘာရွေးကောက်ပွဲအပြီး လိုချင်သည့်ရလဒ်မရပါက ပြည်တွင်း၊ ပြည်ပ ဖိအားကို အသုံးပြု၍ ရလဒ်ကို ငြင်းပယ်ရန် မဲစာရင်းမှားသည်ဟု အကြောင်းပြနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောသည်။

အောက်တိုဘာ ၁၆ ရက်တွင် နေပြည်တော်၌ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာအင်ဒရူး ပက်ထရစ်အား ပြန်လည်ဆွေးနွေးရာတွင် ယင်းသို့ 'ယူဆရကြောင်း' ပြောဆိုခြင်းဖြစ်သည်။

ဗြိတိန်သံအမတ်ကြီးက မဲစာရင်းဆောင်ရွက်နေမှု၊ ကြိုတင်မဲပေးခြင်းကိစ္စ၊ မဲဆန္ဒရှင်သက်သေခံလက်မှတ်ထုတ်ပေးခြင်း များနှင့် ပတ်သက်၍   ဆွေးနွေးခဲ့သည်ကို   ပြန်လည်ရှင်းလင်း   ဆွေးနွေးခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဆွေးနွေးရာတွင် ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲတွင် မဲလက်မှတ်များ ဖယောင်းသုတ်ထားသည်ဟု အကြောင်းပြ ပြဿနာပေါ်ပေါက်ရန် 'ဖန်တီးခဲ့' သည်ဟု စွပ်စွဲပြောဆို သော်လည်း ဖန်တီးသူမည်သူဖြစ်သည်ကိုမူ ထုတ်ဖော်ခြင်း မတွေ့ရပါ။

ကော်မရှင်က မဲစာရင်းအား သတ်မှတ်ရက်တွင်ကပ်၍ ကြေညာပြီး၊ မဲဆန္ဒရှင်များမှာမှ လာရောက်ကြည့်ရှု၍ 'တောင်းခံခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း' ပြုလုပ်၍ ပူးပေါင်းဆောင်ရွက် ရမှာဖြစ်သည်ဟုဆိုသည်။ မဲစာရင်းမှန်ကန်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ အပြစ်တင်ပြောဆိုနေမှုသာရှိသည်ဟု ဗြိတိန်သံအမတ်ကြီးအား ပြောပြသည်။

နိုင်ငံခြားတွင်ရောက်ရှိနေသည့် အစိုးရအသိအမှတ်ပြုခြင်းမခံရသည့် ရွှေ့ပြောင်းအလုပ်သမားများမပါ 'အစိုးရခွင့်ပြုချက် ဖြင့် နိုင်ငံပြင်ပရောက်နေသူများ' ကြိုတင်မဲပေးရာတွင် အခက်အခဲနှင့် အမှားအယွင်းများရှိနေသည့် နိုင်ငံခြားသံရုံးများတွင် ကြိုတင်မဲပေးရန် လုပ်ငန်းစဉ်များကိုလည်း ရှင်းပြသည်။

သက်သေခံလက်မှတ်တစ်ခုခု မပါလျင်လည်း 'မဲဆန္ဒရှင်သက်သေခံလက်မှတ်' ဖြင့် မဲပေးနိုင်မည်ဟု ဆိုလိုက်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ယူနိုင်သည်ဟု ပြောသည်။

ကော်မရှင်အနေဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်စေရန် ဥပဒေနှင့်အညီသာ ဆောင်ရွက်မည်ဟု ဦးတင်အေးက ထပ်မံပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags