ကိုယ်စားလှယ်များ ဝမ်းစာဖြည့်ဖို့လိုလာပြီဟု NLD ဒုဥက္ကဋ္ဌပြော

ကိုယ်စားလှယ်များ ဝမ်းစာဖြည့်ဖို့လိုလာပြီဟု NLD ဒုဥက္ကဋ္ဌပြော
Photo - EPA

ရန်ကုန်၊ အောက်တိုဘာ ၂၄။             ။ လာမည့် ရွေးကောက်ပွဲတွင် ပါတီတစ်ခုတည်းကိုသာကြည့်၍မဲပေးကြမည်မဟုတ်သောကြောင့် လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် မိမိကိုယ်ကိုယ် ပြုစုပျိုးထောင် ဝမ်းစာဖြည့်ရန် လိုလာပြီဟု NLD ဒုဥက္ကဋ္ဌဖြစ်သူ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့် မောင်ကပြောဆိုလိုက်သည်။

“ အရင်တုန်းကလို တစ်ခုထဲကိုမဟုတ်တော့ဘူး။ အဲ့တော့ ကျွန်တော်တို့ဘက်က လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကိုယ့် ကိုကိုယ် ပြုစုပျိုးထောင်ဖို့ ဝမ်းစာဖြည့်ဖို့လိုလာပြီ” ဟု ၎င်းကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး သတ္တမအကြိမ်မြောက် ပါတီ၊ လွှတ်တော်၊ အစိုးရ စုံညီတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည့် Sky Star Hotel တွင် အောက်တိုဘာ ၂၄ ရက်နေ့က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လာမည့်၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် ရွေးချယ်စရာများလည်းများလာသည့်အပြင် နိုင်ငံရေးအသိအမြင်ကြွယ် ဝလာသောကြောင့် ပါတီတစ်ခုတည်းကိုကြည့်၍ မဲပေးတော့မည်မဟုတ်ဟုလည်း ပါတီတာဝန်ရှိသူများက အဆိုပါအခမ်းအနားတွင် ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ခေါင်းဆောင်က ၂၀၁၅ က အာမလည်းခံခဲ့တယ်။ ပြည်သူလူထုကိုလည်း စည်းရုံးခဲ့တယ်။ လူကိုမကြည့်ပါနဲ့ ပါတီကိုကြည့်ပါ။ ပြည်သူလူထုကလည်း တကယ်ပဲကြည့်ခဲ့တယ်။ ၂၀၂၀ မှာ ဒီလောက်နဲ့တော့ မလုံလောက်တော့ဘူးလို့ ကျွန်တော်မြင်ပါတယ်။ ပါတီကို လည်းကြည့်ဖို့လိုပါလိမ့်မယ်။ တစ်ဦးချင်းစီအရည်အချင်းကိုလည်း စီစစ်ဖို့လိုပါလိမ့်မယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပါတီအလုပ်အမှုဆောင် အဖွဲ့ ဉက္ကဋ္ဌ ဦးမြင့်ဌေးကပြောသည်။

ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် လူကိုအဓိကထားကြည့်ပြီး ကိုယ်စားလှယ်လောင်းများကို ရွေးချယ်မည်ဖြစ်သောကြောင့် လက်ရှိ ရွေးကောက်ခံကိုယ်စားလှယ်များထဲမှ ပြန်ပါမလာတော့သည့်သူများလည်းရှိနိုင်ကြောင်း NLD ဘက်မှပြောဆိုထားသည်။

သို့သော် လက်ရှိအချိန်အထိ NLD  ပါတီ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးမူဝါဒကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ တရားဝင် ထုတ်ပြန်သေးခြင်းမရှိသကဲ့သို့ ရွေးကောက်ပွဲကျင်းပမည့် ရက်အတိအကျ ကိုရွေးကောက် ပွဲကော်မရှင်မှ တရားဝင်ကြေငြာ ထားခြင်း မရှိသေးပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ လွှတ်တော်၊ အစိုးရ စုံညီတွေ့ဆုံပွဲကို တိုင်းနှင့် ပြည်နယ်အသီးသီမှ ပါတီဝင်များ၊ အစိုးရအဖွဲ့ဝင် များနှင့် လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရှိရေးနှင့် ပါတီမူဝါဒရေးရာကိစ္စရပ်များ ကိုဆွေးနွေးကြမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly