ချန်ပီယံလိဂ်မှာ နောက်ထပ် စံချိန်မှတ်တမ်း ရယူနိုင်ခဲ့ပြန်တဲ့ မက်ဆီ

ချန်ပီယံလိဂ်မှာ နောက်ထပ် စံချိန်မှတ်တမ်း ရယူနိုင်ခဲ့ပြန်တဲ့ မက်ဆီ
Photo: UCL

လီယွန်နယ် မက်ဆီဟာ ဆလာဗီးယားပရာ့ဂ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူပေးခဲ့ပြီးနောက်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၅)ရာသီဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။

အသက် (၃၂)နှစ်အရွယ် အသင်းခေါင်းဆောင် မက်ဆီဟာ အသင်းအတွက် ဦးဆောင်ဂိုးကို အာသာနဲ့ အပေးအယူလုပ်ပြီးနောက် ပထမပိုင်းပွဲချိန် (၃)မိနစ်မှာပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာက အဝေးကွင်းမှာ (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး မက်ဆီက စံချိန်မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ဒီသွင်းဂိုးကို ရရှိခဲ့တာကြောင့် ရာအူးလ်၊ ရော်နယ်လ်ဒိုတို့ တင်ရှိထားတဲ့ ချန်ပီယံလိဂ်မှာ မတူညီတဲ့ အသင်းပေါင်း (၃၃)သင်းဘက်ကို ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းကိုလည်း လိုက်မီခဲ့ပါတယ်။

နည်းပြ ဗယ်လ်ဗာဒီက မက်ဆီရဲ့ သမိုင်းမှတ်တမ်းနဲ့ပတ်သက်ပြီး "ဒါဟာ တကယ့်ကို မယုံနိုင်လောက်အောင် ကောင်းတဲ့ မှတ်တမ်းတစ်ခုပါ။ လီယို ကောင်းကောင်းဆက်လုပ်နိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။"လို့ မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

ရာသီအစပိုင်းမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေခဲ့ရပေမယ့် ဒဏ်ရာက သက်သာခဲ့ပြီးနောက်မှာ မက်ဆီက ဂိုးတွေ ဆက်တိုက် သွင်းယူခဲ့တာနဲ့အတူ ဘာစီလိုနာအသင်းဟာလည်း လာလီဂါဇယားထိပ်ကို ရောက်ရှိလာပြီး အခုဆိုရင် ပြိုင်ပွဲစုံမှာ (၆)ပွဲဆက် အနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။

ဘာစီလိုနာအနေနဲ့ ဒီပွဲအနိုင်ရလဒ်ကြောင့် အင်တာမီလန်နဲ့ ဒေါ့မွန်တို့အထက် (၃)မှတ်ဖြတ်ပြီး အုပ်စု (F) မှာ ရမှတ် (၇)မှတ်နဲ့ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly