အလုပ်သမားပြသနာများကို ပြေလည်အောင်ဖြေရှင်းပေးဖို့ မြို့နယ်ဖြန့်ဖြေရေး အဖွဲ့များကို ဝန်ကြီးချုပ် တိုက်တွန်း

အလုပ်သမားပြသနာများကို ပြေလည်အောင်ဖြေရှင်းပေးဖို့ မြို့နယ်ဖြန့်ဖြေရေး အဖွဲ့များကို ဝန်ကြီးချုပ် တိုက်တွန်း
ဓာတျပုံ-သူရ/မဇ္ဈိမ

အောက်တိုဘာလ ၂၃ ။        ။ အလုပ်သမားများ၏ အခက်အခဲများကို မြို့နယ်အလုပ်သမား ညှိနှိုင်းဖြန့်ဖြေရေးအဖွဲ့များက ဖြေရှင်း ပေးရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းပြောဆိုခဲ့ကြောင်း အလုပ်သမား ၅ ဖွဲ့၏ ဦးဆောင်သူတစ်ဦးဖြစ်သောAction Labour Right အဖွဲ့၏ အထည်ချုပ်ကဏ္ဍ ဦးဆောင်သူ မမိုးစန္ဒာမြင့်က ပြောသည်။

" ချုပ်ထားတဲ့စာချုပ်တွေ မြို့နယ်ညှိနှိုင်းဖြန့်ဖြေရေးရုံးတွေမှာပဲချုပ်ချုပ် ၊ ပြင်ဆင်လိုက်တဲ့ဥပဒေအရ  စက်ရုံမှာပဲချုပ်ချုပ် ပေးတယ်မပေးဘူးရှိနေတဲ့ပြသနာတွေ ၊တစ်ဖက်ကလည်းစာချုပ်အရ ယူမယ်၊ စာချုပ်အရမပေးနိုင်ဘူး ဆိုရင်နှစ်ဖက်လုံးကအဆင်မပြေမှုတွေက တောက်လျှောက်ရှိနေလိမ့်မယ်။ ဒါကိုမြို့နယ်ညှိနှိုင်းဖြန့်ဖြေရေးရုံးက တာဝန်ရှိတဲ့သူတွေ ၊အလုပ်သမားဝန်ကြီးဌာန၊အလုပ်ရှင်၊အလုပ် သမားတွေက ပြန်လည်စိစစ်ပြီးတော့ နှစ်ဖက် ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ အောက်ခြေကိုပြန်ပြီး တာဝန်ပြန်ပေးတယ် " ဟု မမိုးစန္ဒာမြင့် က မီဒီယာများကို ပြောသည်။

လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမား ၂၀၀ ဝန်းကျင်ခန့်သည် ယင်းတို့၏စက်ရုံများမှ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်နေမှုအပေါ် ကူညီဖြေရှင်းပေးရန် အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးအရှေ့တွင် ဝန်ကြီးချုပ်နှင့် တွေ့ခွင့်ရရန် စောင့်ဆိုင်းနေခဲ့ကြသည်။

အဆိုပါအလုပ်သမားများသည် အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် အထည်ချုပ် စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် ၃ဦးစီဖြင့် တိုင်းအစိုးရရုံးသို့ဝင်ခွင့်ရရှိခဲ့ပြီး ဝန်ကြီးချုပ်နှင့် တွေ့ခွင့်ရခဲ့ခြင်း ဖြစ်သည်။

" ဝန်ကြီးချုပ်နဲ့တွေ့ဆုံတဲ့အခါမှာ စာချုပ်ချိုးဖောက်မှု နဲ့ပတ်သက်ပြီး တောင်းဆိုခဲ့တယ်။ အဲမှာ ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနတွေကို ဒီအလုပ်သမားတွေဖြစ်နေတဲ့ လုပ်ငန်းရှင်တွေဘက်က စာချုပ်ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် ဒီထက်ပိုပြီး ထိထိရောက်ရောက် ဆုံးဖြတ်ချက် ချပေးနိုင်ဖို့ ဝန်ကြီးချုပ်က သက်ဆိုင်ရာမြို့နယ်တွေကိုညွှန်ကြားလိုက်ပါတယ်။ အခုထိတော့ သေချာတော့မရှင်းရသေးပါဘူး။ ဝန်ကြီးချုပ်ရဲ့စကားက အရေးပါတဲ့အတွက် ထိရောက်မယ်လို့ မျှော်လင့်ထားပါတယ် " ဟု Natural Garmen အထည်ချုပ်စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် ဖြစ်သူ EP ရာထူးဖြင့်တာဝန်ထမ်းဆောင်နေသော ကိုကျော်မျိုးထိုက် က ပြောသည်။

တိုင်းအစိုးရအဖွဲ့နှင့်တွေ့ဆုံရန် စောင့်ဆိုင်းနေကြသည့် အလုပ်သမားများမှာ Young Clothing အထည်ချုပ်စက်ရုံ၊ SDI အထည်ချုပ်စက်ရုံ၊ ကိုင်ချန်အထည်ချုပ်စက်ရုံ၊ Natural Garment အထည်ချုပ်စက်ရုံနှင့် Myanmar Lucky အထည်ချုပ်စက်ရုံများမှ အလုပ်သမားများဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly