လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသည့် သစ်တောဝန်ထမ်းတစ်ဦး၏ အလောင်းကိုပြန်လည် တွေ့ရှိ

လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသည့် သစ်တောဝန်ထမ်းတစ်ဦး၏ အလောင်းကိုပြန်လည် တွေ့ရှိ

ဘုတ်ပြင်း၊ အောက်တိုဘာ (၂၃) ။       ။ ဘုတ်ပြင်းမြို့တွင် ဆီအုန်းစိုက်ပျိုးရန် မြေလွတ်မြေရိုင်းလျှောက်ထားသည့်နေရာအား ရေကြောင်း ခရီးဖြင့် သွားရောက်စစ်ဆေးစဉ်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသည့် သစ်တောဝန်ထမ်း တစ်ဦး၏ အလောင်းကို အောက်တိုဘာလ ၂၃ ရက်၊ နံနက်ပိုင်းက ပြန်လည်တွေ့ရှိကြောင်း သိရသည်။

 “စက်လှေ တိမ်းမှောက်မှုကြောင့် ရေနစ်ပျောက်ဆုံးသွားတဲ့ ကျွန်တော်တို့ဌာနက ဝန်ထမ်း တစ်ဦးဖြစ်တဲ့တောအုပ် တစ်ဦးပါ။ ဒီနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီလောက်မှာ အလောင်းကိုပြန်လည်တွေ့ရှိပါတယ်”ဟု ဘုတ်ပြင်းမြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးတင့်က ပြောသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၁ ရက် ညနေပိုင်းတွင် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်မောင်လတ် အပါအဝင် ၇ ဦးသည် Srisuban Myanmar ကုမ္ပဏီမှဆီအုန်းစိုက်ပျိုးရန် မြေလွတ်မြေရိုင်းများ လျှောက်ထားမှုအတွက် ဘုတ်ပြင်းမြို့နယ် တောင်ငယ်ကျေးရွာအနီး ဒေသအခေါ်(ချောင်းဖျား) မြေနေရာသို့ သွားရောက်စစ်ဆေးစဉ် အပြန်တွင် စက်လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မြေပြင်ကွင်းဆင်း စစ်ဆေးပြီး အပြန်မှာ စက်လှေငယ်တစ်စီးနဲ့ လမ်းကြုံလိုက်လာတာ ဖြစ်ပါတယ်။ လှေကငယ်တော့ ဝန်ထမ်း ၇ ဦးနဲ့ စီးနင်းလိုက်ပါလာချိန်မှာ စက်လှေကြီး တစ်စီးက ဖြတ်မှောင်းလိုက်တာကြောင့် တိမ်းမှောက်မှု ဖြစ်သွားတာ ဖြစ်ပါတယ်”ဟု ဦးစိုးတင့်က ဆက်ပြော သည်။

အဆိုပါ စက်လှေတိမ်းမှောက်မှုကြောင့် ရေနစ်သေဆုံးသည့် တောအုပ်ဦးကျော်လှိုင်မြင့် အသက် (၅၁) နှစ်(ဘ) ဦးအုန်းမောင်အား အခင်းဖြစ်ပွားသည့် တောင်ငယ်ကျေးရွာအနီးတွင် အလောင်းကို ပြန်လည် တွေ့ရှိခဲ့ပြီး ကရသူရီမြို့နယ်သို့ ပို့ဆောင်ကာ နာရေးကိစ္စကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly