မန္တလေး ကျောက်စိမ်း၊ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း သုံးထောင်နီးပါး ပြသ

မန္တလေး ကျောက်စိမ်း၊ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း သုံးထောင်နီးပါး ပြသ

မန္တလေး၊အောက်တိုဘာ၂၃။     ။ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် အရိုင်းဖြတ်သားအချောထည် ကျောက်စိမ်း၊ကျောက် မျက်ပြပွဲတွင် ကျောက်စိမ်းတွဲပေါင်း သုံးထောင်နီးပါးကို ပြသထားကြောင်း ပြပွဲကျင်း ပရေး ကော်မတီမှ သိရသည်။

အဆိုပါကျောက်မျက်ပြပွဲဖွင့်ပွဲကို အောက်တိုဘာလ ၂၃ ရက် နံနက် ၉ နာရီက MANDALAY CONVENTION CENTRE (MCC)တွင်ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်နေ့မှအောက်တိုဘာလ ၂၉ ရက်နေ့အထိ ကျောက် စိမ်းအတွဲပေါင်း ၂၉၈၅တွဲကို ပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

"နေပြည်တော်မှာ ပြပွဲလုပ်တာ အကြိမ်ကိုးဆယ်ကျော်သွားပါပြီ။ ဒါပေမယ့် ကျောက်စိမ်းအဓိက လုပ်ကိုင်နေတဲ့ မန္တလေးမြို့ဟာ အခုမှပထမဆုံးအကြိမ် ပြပွဲကျင်းပခွင့်ရတာပါ။ ဒီလိုဖြစ်ချင်နေတာ မန္တလေးသားတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းဆယ်ချီကတည်းကပါ။ ဒီပွဲကနေပြီးတော့မှ ပြည်ထောင်စု အဆင့် ကျပ်ငွေပွဲတွေ ယူရိုပွဲတွေပါ ကျင်းပနိုင်ဖို့ ဆောင်ရွက်သွားမယ်။" ဟု ပြပွဲကျင်းပရေး ကော်မတီ မှ ဥက္ကဋ္ဌ ဦးကျော်ဇောအောင်က ပြောသည်။

အဆိုပါ ပြပွဲတွင် တရုတ်နိုင်ငံ၏ လူမှုကွန်ယက်ဖြစ်သည့် we chat ဖြင့် ရောင်းဝယ်ခြင်းကို ခွင့်ပြုမည် မဟုတ်ဘဲ ရောင်းဝယ်ခြင်းများတွေ့ရှိခဲ့ပါက အမည်ပျက်စာရင်း (Blacklist) ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးကျော်ဇော အောင်ကဆိုသည်။

ပြပွဲတွင် ကျောက်စိမ်းတွဲများဝယ်ယူမည်ဆိုပါက အနည်းဆုံး အာမခံစပေါ်ငွေ ကျပ်သိန်း(၂၀) တင်ရ မည် ဖြစ်ပြီး ကျပ်သိန်း (၂၀၀) အထိဝယ်ယူခွင့်ရှိမည်ဖြစ်ကြောင်း ကျောက်စိမ်း အရိုင်းဖြတ်သားများကို မြန်မာကျပ်ငွေဖြင့် ရောင်းချ၍ အချောထည်များကို နိုင်ငံခြားငွေ ၊ မြန်မာကျပ်ငွေ နှစ်မျိုးလုံးနှင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြပွဲ၌ ကြမ်းခင်းဈေး အနည်းဆုံး ကျပ် ၁၀ သိန်း မှ အမြင့်ဆုံး ကျပ်သိန်း ၃၂၀၀ အထိ တင်ထားကြောင်း ရောင်းချမည့် အရိုင်းဖြတ်သား အချောထည်များနှင့်ပတ်သက်၍ အခွန်စည်းကြပ်မှု အနေဖြင့် အရောင်း ၁၃ ရာခိုင်နှုန်းနှင့် အဝယ် ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်းသိရသည်။

အဆိုပါပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး) က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly