ရုရှားနှင့် တူရကီအကြား ဆီးရီးယားနယ်စပ်အရေးဆိုင်ရာ သဘောတူညီမှု ရရှိ

ရုရှားနှင့် တူရကီအကြား ဆီးရီးယားနယ်စပ်အရေးဆိုင်ရာ သဘောတူညီမှု ရရှိ

အောက်တိုဘာ ၂၃။          ။ ဆီးရီးယားနယ်စပ် ဧရိယာတွေထဲကနေ ကာ့ဒ်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာမှုကို အဆင်ပြေစေဖို့နဲ့ ပူးတွဲကင်းလှည့်မှုတွေ လုပ်ဆောင်ဖို့အတွက် ရုရှားနဲ့ တူရကီတို့ သဘောတူညီချက်တစ်ခု ရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဆီးရီးယား နယ်စပ် အရေးကိစ္စနဲ့ပတ်သက်လို့ တူရကီသမ္မတ ရီဆက် တေယစ် အာဒိုဂန်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ဟာ ရုရှားနိုင်ငံ တောင်ပိုင်းမြို့ ဆိုချီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ အဆိုပါ အစည်းအဝေးမှာ နာရီများစွာကြာ ဆွေးနွေးခဲ့ကြပြီးနောက် အောက်တိုဘာ ၂၂ ရက်မှာ ယခုသဘောတူညီချက်ကို ကြေညာနိုင်ခဲ့တာဖြစ်ပါတယ်။

“ ခုသဘောတူညီချက်ကြောင့် ဆီးရီးယားနယ်စပ်မှာ တူရကီ ထိုးစစ်ဆင်မှုက ရပ်တန့်သွားပါတော့မယ်၊ ဒါပေမယ့် အရာအားလုံးကတော့ ဒီ သဘောတူညီချက်တွေ လက်တွေ့အကောင်အထည်ဖော်မှုအပေါ်မှာပဲ မူတည်ပါလိမ့်မယ်၊ အထူးသဖြင့် ကာ့ဒ် တပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွာမှုအပေါ်မှာပေါ့” ဆိုပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ် လက်ဗ်ရော့ဗ်က ပြောဆိုသွားပါတယ်။

ယခုလအစောပိုင်းက ဆီးရီးယားမြောက်ပိုင်းကနေ အမေရိကန်တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပြီးနောက် တူရကီတို့ဘက်က ယင်းဆီးရီးယားနယ်စပ်မှာ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ယင်းနောက် အပစ်ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly